မိမိကိုယ်တိုင်ပင် NLD ပါတီကြောင့် ရွေးကောက်ပွဲအနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ကိုယ်စားလှယ်လောင်းကြောင့် အောင်နိုင်ရေး ခက်ခဲမည်ဆိုခြင်းကို လက်မခံကြောင်း ပါတီဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင် ပြောကြား

မိမိကိုယ်တိုင်ပင် NLD ပါတီကြောင့် ရွေးကောက်ပွဲအနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ကိုယ်စားလှယ်လောင်းကြောင့် အောင်နိုင်ရေး ခက်ခဲမည်ဆိုခြင်းကို လက်မခံကြောင်း ပါတီဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင် ပြောကြား
Published 7 August 2020
ယဉ်မျိုးသွယ်

မိမိကိုယ်တိုင်ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကြောင့် ရွေးကောက်ပွ ဲအနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ကိုယ်စားလှယ်လောင်းကြောင့် အောင်နိုင်ရေးခက်ခဲမည်ဆိုခြင်းကို လက်မခံကြောင်း ပါတီဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင် (မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်) က ပြောကြားသည်။

သြဂုတ် ၇ ရက်က ကျင်းပသည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်အစည်းဝေးအပြီးတွင် NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနှင့်စပ်လျဉ်းပြီး ကန့်ကွက်စာတင်မှုများရှိနေခြင်းနှင့်ပတ်သက်၍ သတင်းမီဒီယာများက မေးမြန်းမှုအပေါ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

မိမိကိုယ်တိုင် ရွေးကောက်ပွဲ သုံးကြိမ်နိုင်ခဲ့ကြောင်း၊ ရွေးကောက်ပွဲ သုံးကြိမ်နိုင်ခဲ့ရာ၌ မိမိအရည်အချင်းဖြင့် နိုင်ခဲ့ခြင်းမဟုတ်ကြောင်း၊ NLD ပါတီမှဝင်ပြိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုနောက်လိုက်၍သာ နိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“တခြားပါတီကနေ ဝင်ပြိုင်ကြည့်ပ့ါလား။ ကျွန်တော် ဘယ်မဲရမှာတုန်း။ ကျွန်တော်တို့ပြောနေတာ အဲဒါပဲ။ ပါတီကိုကြည့်ပြီး မဲပေးပါဆိုတာ အဲဒါပဲ။ ဘာလို့လဲဆိုတော့ အစိုးရဖွဲ့နိုင်ပြီးတော့ ပြောင်းလဲမှုကို ဆောင်ပေးနိုင်တဲ့၊ စနစ်တစ်ခုကို ပြောင်းလဲပေးနိုင်တာက ပါတီကြီးမှဖြစ်မှာ။ သြဇာကြီးမှဖြစ်မှာ။ နိုင်ငံရေးသြဇာကို ပြောတာ။ အဲဒီတော့ နိုင်ငံရေးသြဇာရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နောက်ကနေ NLD မှာ ကျွန်တော် ဒေါက်တာဇော်မြင့်မောင်ဝင်ပြိုင်ခဲ့လို့ နိုင်တာ။ တခြားပါတီဝင်ပြိုင်ရင် ကျွန်တော်မနိုင်ဘူး။ ကျွန်တော်က အဲဒီလိုခံယူတာ။ ကျန်တဲ့သူတွေလည်း အဲဒီလိုခံယူထားရမှာ။ ငါ့ကြောင့်နိုင်တယ်ဆိုလို့ရှိရင် ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့လိုတယ်လေ။ စည်းရုံးကတည်းက NLD ပါတီကို စည်းရုံးရမှာလေ။ ကိုယ်စားလှယ်လောင်းကို မဲပေးဖို့ဆိုတာ ကျွဲကူးရေပါ ပါလာတာ။ ကိုယ်စားလှယ်လောင်းကြောင့် အောင်နိုင်ရေး ခက်ခဲမယ်ဆိုတာကတော့ ကျွန်တော်တို့အနေနဲ့ သိပ်လက်မခံချင်ဘူး။ NLD ကို ဦးတည်ပြီး စည်းရုံးရမှာ” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ထို့ပြင် မိမိတို့အနေဖြင့် စနစ်ပြောင်းဖို့ ကြိုးစားနေခြင်းဖြစ်ပြီး ယင်းတို့ပြောင်းသည့် စနစ်သည် အားလုံးတန်းတူရှိသည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရန်ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းကြောင့် အောင်နိုင်ရေးခက်ခဲမည်ဆိုခြင်းမှာ ခိုင်လုံသည့် အကြောင်းပြချက်မဟုတ်ဟု ယူဆထားကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနှင့်ပတ်သက်ပြီး ရောက်ရှိလာသည့် တိုင်ကြားစာများအား အမျိုးစားခွဲစိစစ်ခဲ့ကြောင်း၊ ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင်လည်း ဗဟိုက မျက်နှာလိုက်စရာမရှိဘဲ မြို့နယ်၊ တိုင်းအကြောင်းသိသူများဖြစ်ကာ ဗဟိုရွေးချယ်ရေးတွင် ပါဝင်သူများသည် NLD စတင်တည်ထောင်ကတည်းက ပါလာသူများဖြစ်ကြောင်းနှင့် တိုင်စာများကို သေချာစိစစ်ခဲ့ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။

“တင်တာတွေရှိတယ်ဗျ။ ဒီကိုယ်စားလှယ်လောင်းနဲ့ဆိုရင် မဖြစ်နိုင်ပါဘူး။ အောင်နိုင်ရေးအတွက် အခက်ခဲဖြစ်နိုင်တယ်။ လူထုကလည်း မကြိုက်ဘူး စသဖြင့်ပေါ့လေ။ တချို့ကလည်း ဒီကိုယ်စားလှယ်က ပါတီနဲ့ ကင်းကွာပါတယ်။ EC နဲ့ ကင်းကွာပါတယ်။ EC ကို မခေါ်ပါဘူး။ အာဏာပိုင်တွေနဲ့ပဲ ပေါင်းတယ်ဆိုပြီးတင်တယ်။ ကျွန်တော်တို့က ဒါတွေကိုပြန်စုံစမ်းပါတယ်” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

NLD ပါတီက ရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနက် ၁၄ ဦး လဲလှယ်ခဲ့ပြီး ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

“ဥပဒေကြောင်းရ တရားစွဲခံနေရတယ်လို့ဆိုရင် ကျွန်တော်တို့ဆီကို စာတင်ဖို့ ညွှန်ကြားထားတယ်။ ဒါပေမဲ့ တရားတပေါင် ရင်ဆိုင်နေရတယ်ဆိုရင် ကျွန်တော်တို့ ပြန်သုံးသပ်တယ်။ တရားမမှုလား။ ရာဇဝတ်မှုလား။ တရားမမှုဆိုရင် သူ့ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာ အဖြစ်အပျက်တွေကြောင့်ဆိုရင် သူ့ဘာသာရှင်းလို့ရတယ်။ ဥပဒေကြောင်းရ မငြိဘူး။ ရာဇဝတ်မှုဆိုရင်တော့ ကိုယ်စားလှယ်လောင်းရဲ့ အရည်အချင်း ပျက်ယွင်းနိုင်တဲ့အတွက်  အဲဒီလိုမျိုးဆိုရင်တော့ လဲပေးရတယ်။ ကျွန်တော်တို့ အခုအားလုံးပေါင်း ၁၄ ဦးရှိပါတယ်။ တိုင်းနဲ့ ပြည်နယ်ပေါ့။ မန္တလေးကလည်း လိုက်တာကတော့ လေဖြန်းသွားလို့ပါ။ တံတားဦးက လွှတ်တော်ကိုယ်စားလှယ်ပါ။ တစ်ခုကတော့ မဲဆန္ဒနယ်ပြောင်းပေးတာပါ။ အမျိုးသားနဲ့ အမျိုးသမီး နေရာချိန်းတာပါ။ ရခိုင်ကတော့ ကျွန်တော်တို့ နောက်ထပ်  ၁၂ ယောက်ထပ်တိုးတယ်” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

မူလက NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁၃၁ ဦးရှိခဲ့ရာ အမျိုးသားလွှတ်တော် ငါးနေရာ၊ ပြည်သူ့လွှတ်တော် နှစ်နေရာ၊ ပြည်နယ်လွှတ်တော် ငါးနေရာ စုစုပေါင်း ၁၂ ဦး ထပ်ထိုးခဲ့သဖြင် NLD အောက်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် ၁၁၄၃ ဦး ဝင်ပြိုင်မည်ဖြစ်သည်။                   

 

Most Read

Most Recent