ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လက်ရှိအာဏာရပါတီအား လိုက်လျောမှုများပြုနေပြီး အခြားပါတီများအပေါ် ကန့်သတ်ထိန်းချုပ်မှုများလုပ်နေကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လက်ရှိအာဏာရပါတီအား လိုက်လျောမှုများပြုနေပြီး အခြားပါတီများအပေါ် ကန့်သတ်ထိန်းချုပ်မှုများလုပ်နေကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်
ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်
Published 7 August 2020
နေရိုင်း၊ ဇေယျာထွန်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နေဖြင့် လက်ရှိအာဏာရပါတီအား လိုက်လျောမှုများပြုနေပြီး အခြားပါတီများအပေါ် ကန့်သတ်၊ ထိန်းချုပ်မှုများ ပြုလုပ်နေကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယမင်းမြင့်ဆွေက ပြောကြားသည်။

နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် သြဂုတ် ၆ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်ယမင်းမြင့်ဆွေက အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“NLD ပါတီက စာအမှတ် ၁၃၃၁ (C)/ ၀၇/ ၂၀၂၀ ဆိုတဲ့ ရုံးစာနဲ့မဲစာရင်းများ ကူညီစစ်ဆေးပေးရန် ကိစ္စဆိုပြီးတော့ တရားဝင်စာထုတ်တယ်။ ရွေးကောက်ပွဲကော်မရှင်က လက်ခံပူးပေါင်းပြီးတော့ ဆောင်ရွက်တယ်။ အဲဒီတော့ လက်ရှိအာဏာရပါတီကို ဒီလိုလိုက်လျောမှုတွေပြုနေတဲ့ အာဏာရပါတီ မဟုတ်တဲ့ တခြားပါတီတွေကိုကျတော့ ကန့်သတ်ထိန်းချုပ်မှုပြုလုပ်နေတာက အဂတိကော ကင်းရဲ့လား။ ဒါ ကျွန်မတို့သံသယက ရှိနေတယ်ဆိုတာတွေက ဒီလိုအချက်အလက်တွေကြောင့် ပြောစရာတွေရှိနေလို့၊ ထောက်ပြစရာတွေရှိနေလို့၊ ဝေဖန်စရာတွေရှိနေလို့ ဒါတွေက စိုးရိမ်သောကတွေက မြင့်တက်လာတယ်။ ဒီသောကတွေကို ဖြေလျော့ပေးနိုင်ဖို့ပဲလို့တယ်လို့ ပြောချင်ပါတယ်” ဟု ဒေါ်ယမင်းမြင့်ဆွေက ပြောကြားသည်။

၂၀၂၀ ရွေးကောက်ပွဲအတွက် မဲပေးနိုင်သည့် မဲဆန္ဒရှင်ပြည်သူများ၏ အခြေခံမဲစာရင်းများအား သက်ဆိုင်ရာရပ်ကွက်များတွင် ကပ်ထားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲစာရင်းကပ်ထားသည့် စာရွက်များအား ဓာတ်ပုံရိုက်ပါက နိုင်/ လွတ်/ လုံဥပဒေဖြင့် ငြိစွန်းသည်ဟု ပြောဆိုထားကြောင်း ဒေါ်ယမင်းမြင့်ဆွေက ဆိုသည်။

“တချို့နေရာတွေမှာဆိုရင် မဲစာရင်းတွေကို ဓာတ်ပုံရိုက်တာကို တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်လို့ ပြောဆိုမှုတွေရှိတယ်။ ရှိနေတော့ ကျွန်မတို့က ပြည်သူကိုမဲစာရင်း တွေကြည့်ကြပါ။ အချက်အလက်တွေ မှန်၊ မမှန် ကြည့်ကြပါလို့ဆိုပြီး ရွေးကောက်ပွဲကော် မရှင်အနေနဲ့ရော။ နိုင်ငံရေးပါတီတွေအနေနဲ့ရော။ ဒါနိုင်ငံတော်ရဲ့ကိစ္စရပ်အဖြစ် လှုံ့ဆော်နေတဲ့အချိန်မှာ မဲစာရင်းကို တစ်နည်းနည်းနဲ့ မဲပေးမယ့် မဲဆန္ဒရှင်တွေအနေနဲ့ ကြိုက်ရာနည်းလမ်းနဲ့ ကြည့်ရှုခွင့်ရသင့်တယ်လို့ ကျွန်မထင်တယ်။ ဒါမှလည်း လက်တွေ့ဆန်လိမ့်မယ်” ဟု ဒေါ်ယမင်းမြင့်ဆွေက ပြောကြားသည်။

အခြေခံမဲစာရင်းများကပ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် သွားရောက်မကြည့်ရှုနိုင်သူများအတွက် မဲစာရင်း အချက်အလက်များ မှန်၊ မမှန် လိုက်လံစစ်ဆေးနိုင်ရန်အတွက် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် နေရာအနှံ့အပြားတွင် ပါတီလူငယ်များ၊ စေတနာ့ဝန်ထမ်းများဖြင့်စုဖွဲ့ကာ ဆောင်ရွက်နေကြောင်း ဒေါ်ယမင်းမြင့်ဆွေကဆိုသည်။

လက်ရှိအစိုးရအာဏာရပါတီက ဖွဲ့စည်းထားသော ရွေးကောက်ပွဲကော်မရှင်သည် အာဏာရပါတီမဟုတ်သည့် အခြားပါတီများအပေါ်မှာ ကန့်သတ်မှုများ၊ ဖိနှိပ်မှုများရှိနေသည်ဆိုသည့် ခံစားချက်ဖြင့် အတိုက်အခံပါတီအနေဖြင့် ရွေးကောက်ပွဲကော်မရှင်အပေါ် သတိကြီးစွာစောင့်ကြည့်နေရသည့် အနေအထားမျိုးဖြစ်ကြောင်း၊ ဒိုင်လူကြီးအဖြစ် ဆောင်ရွက်မည့် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဘက်မလိုက် မျှတစွာဆောင်ရွက်ရန်မှာ ဥပဒေနှင့်ညီရန်လိုသလို ဂုဏ်သိက္ခာနှင့်လည်းသက်ဆိုင်ကြောင်း ၎င်းက ပြောကြားသည်။

Most Read

Most Recent