မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာ၌ပြုလုပ်သော ပြည်နယ်ဝန်ကြီးအချို့တက်ရောက်သည့် ထောက်ပံ့ကြေး ကျပ်နှစ်သောင်းပေးအပ်ပွဲတွင် ကျေးရွာအုပ်ချုပ်ရေးမှူးက ဝန်ကြီးနှင့်ပါတီသည် ကျေးဇူးရှိသည့်အတွက် မဲထည့်သည့်အခါ ကျေးဇူးဆပ်ရန်ပြောကြားမှုအပေါ် ဝေဖန်မှုများရှိနေ

မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာ၌ပြုလုပ်သော ပြည်နယ်ဝန်ကြီးအချို့တက်ရောက်သည့် ထောက်ပံ့ကြေး ကျပ်နှစ်သောင်းပေးအပ်ပွဲတွင် ကျေးရွာအုပ်ချုပ်ရေးမှူးက ဝန်ကြီးနှင့်ပါတီသည် ကျေးဇူးရှိသည့်အတွက် မဲထည့်သည့်အခါ ကျေးဇူးဆပ်ရန်ပြောကြားမှုအပေါ် ဝေဖန်မှုများရှိနေ
တာလောကြီးကျေးရွာတွင်ပြုလုပ်သည့် COVID-19 ထောက်ပံကြေး ပေးအပ်ပွဲအခန်းအနားအား တွေ့ရစဉ်(ဓာတ်ပုံ - ကိုလှဋ္ဌေး)
တာလောကြီးကျေးရွာတွင်ပြုလုပ်သည့် COVID-19 ထောက်ပံကြေး ပေးအပ်ပွဲအခန်းအနားအား တွေ့ရစဉ်(ဓာတ်ပုံ - ကိုလှဋ္ဌေး)
Published 6 August 2020
ထွန်းလင်းအောင် (မြစ်ကြီးနား)

မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာတွင်ပြုလုပ်သော ပြည်နယ်ဝန်ကြီးအချို့တက်ရောက်သည့် အစိုးရက အခြေခံလူတန်းစားများအား COVID-19 ထောက်ပံ့ကြေး ကျပ်နှစ်သောင်းပေးအပ်ပွဲတွင် ကျေးရွာအုပ်ချုပ်ရေးမှူးက ဝန်ကြီးနှင့်ပါတီသည် ကျေးရွာအပေါ်ကျေးဇူးရှိသဖြင့် မဲထည့်သည့်အခါ ကျေးဇူးဆပ်ရန်ပြောကြားမှုအပေါ် ဝေဖန်မှုများရှိနေသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်းနှင့် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းစိန်လင်းတို့သည့် တာလောကြီးကျေးရွာတွင် သြဂုတ် ၅ ရက်က ပြုလုပ်သည့် COVID-19 ထောက်ပံကြေး ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ပြီး အဆိုပါပွဲတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းထူးက ထိုသို့ကျေးဇူးဆပ်ရန် ပြောကြားခဲ့ခြင်းဖြစ်သည်။

တာလောကြီးအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဆန်းထူးက “ဆီတွေ၊ ဆားတွေ မပေးခဲ့ဘူးလား။ ပေးခဲ့တယ်။ အခုလည်း ဒီမှာ ပိုက်ဆံနှစ်သောင်း ထပ်ပေးဦးမယ်။ ရွာနှင့်ပတ်သက်ရင် လျှပ်စစ်မီးရအောင်လည်း ဆောင်ရွက်ပေးခဲ့တယ်။ ဒါကြောင့်မို့ ဝန်ကြီးနှင့် ဒီပါတီဟာ ကျွန်တော်တို့အပေါ်မှာ ဘာရှိနေသလဲ။ ကျေးဇူးရှိနေတယ်။ ရှိတဲ့ကျေးဇူးကို နိုဝင်ဘာ ၈ ရက်နေ့မှာ မဲထည့်တဲ့အခါ ကျေးဇူးဆပ်ရအောင်။ ကျေးဇူးဆပ်နိုင်အောင် တစ်ရွာလုံး ၀ိုင်းဝန်းကြိုးစားကြပါ။ အားလုံးကိုလည်း စည်းစည်းရုံးရုံးဖြစ်အောင် ဆောင်ရွက်ကြပါလို့မှာချင်ပါတယ်” ဟု ပြောကြားခဲ့သည့် ရုပ်သံဖိုင်မှာ Facebook စာမျက်နှာတွင် ပျံ့နှံ့လျက်ရှိသည်။

ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီအတွင်းရေးမှူး စိုင်းကျော်သီဟက “ကျွန်တော်တို့အမြင်ကျတော့ ပြောင်းပြောင်းတင်းတင်း မဲဆွယ်သလိုဖြစ်နေတယ်။ မဲဆွယ်ချိန်မှာ နိုင်ငံတော်ဘတ်ဂျက်တွေသုံးပြီး မဲဆွယ်တာကို ဥပဒေအရ အတော်ချိုးဖောက်နေပြီ။ မဲဆွယ်ရုံတင်မကဘူး။ ကျေးဇူးခံ ကျေးဇူးစားဆိုတဲ့အပေါ်မှာတော့ လွန်ပါတယ်။ အစိုးရက စင်ပေါ်ကလူပါ။ ဘယ်ပုံစံနဲ့ နိုင်ခဲ့တယ်။ ရှုံးခဲ့တယ်ဆိုတာ သမိုင်းမှတ်တမ်းတင်လိမ့်မယ်။ ရွေးကောက်ပွဲဆိုင်ရာဥပဒေထဲမှာ အတိအကျ ဖော်ပြထားတာပဲ။ UEC ကလည်း ဘယ်လိုတုန့်ပြန်မလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။ တွေ့ရင်လည်း ဒါတွေကို တင်ပြမှာပါ။ ကျွန်တော်တို့တစ်တွေ တရားမျှတတဲ့ယှဉ်ပြိုင်မှုကိုပဲ လုပ်ကြဖို့ပြောချင်ပါတယ်” ဟု ပြောကြားသည်။

အစိုးရကပေးအပ်သည့် ထောက်ပံ့ကြေးအား ပါတီမှပေးအပ်သည့်ပုံစံ ပြောဆိုမှုအပေါ် ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံရာတွင် တင်ပြသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ပြည်ထောင်စုကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးစိုးသိမ်းက ပြောကြားသည်။

“ဒါတွေက သိသာနေတယ်။ အစိုးရက ပေးတာကို ပါတီကပေးတာလိုတော့ မလုပ်ကောင်းပါဘူး။ ကော်မရှင်နှင့်တွေ့ဆုံပွဲ ဖိတ်ကြားရင်တော့ ကျွန်တော်တို့ တင်ပြဖို့ရှိပါတယ်။ အောက်ခြေပြည်သူတွေက ဖြူစင်တဲ့ အသိထဲမှာ နိုင်ငံတော်က ထောက်ပံ့တာကို ပါတီက ထင်သွားတာမျိုးရှိရင်တော့ မကောင်းဘူးလို့ မြင်ပါတယ်။ အများပြည်သူတွေ ပကတိအခြေအနေသိရှိအောင်တော့ ပါတီတွေအားလုံးက တာဝန်ရှိပါတယ်” ဟု ဦးစိုးသိမ်းက ပြောကြားသည်။

မည်သည့်အစိုးရတက်တက် ပြည်သူလူထုကို ကူညီခြင်း၊ ကြည့်ရှုစောင့်ရှောက်ရမည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ အခက်အခဲကာလတွင် ပိုမိုကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးရှိ ပြည်သူလူထုကို ကြည့်ရှုစောင့်ရှောက်ရမည့် တာဝန်မှာ အစိုးရတွင်ရှိပြီး ရပ် / ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် ယခုကဲ့သို့ မပြောသင့်ကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ကွမ်ဂေါင်အောင်ခမ်းက ပြောကြားသည်။

“အခုလိုပုံစံမလုပ်သင့် မဖြစ်သင့်တာမျိုးဖြစ်ပါတယ်။ ဒါမျိုးတွေက နောင်ကိုလည်း ဘယ်အစိုးရတက်တက် ဒီလိုမျိုးမလုပ်သင့်ဘူး။ မပြောသင့်ဘူးလို့ ပြောလိုပါတယ်။ ကျွန်တော့်အနေနဲ့ သိပ်ပြီးမှမပြောချင်ဘူး။ ဒါပေမဲ့ မပြောရင်လည်း ပြည်သူလူထုက NLD ပဲ ပေးသလိုလို၊ အစိုးရပေးသလိုလိုနဲ့ ဒါမျိုးတွေ မဖြစ်သင့်တဲ့ဟာတွေပေါ့။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ဘယ်အစိုးရတက်တက် ဒါမျိုးတွေက ပြောသင့်သလား၊ မပြောသင့်သလား ဆိုတာတော့ ချင့်ချိန်ပြီးပြောစေချင်တယ်။ ဒီအစိုးရကို ပြန်ပြီးမဲပေးသင့်တယ်ဆိုတာ ပိုပြီးရှောင်ရှားသင့်တာပေါ့” ဟု ကွမ်ဂေါင်အောင်ခမ်းက ပြောကြားသည်။

ယခုဖြစ်ရပ်အပေါ် ရွေးကောက်ပွဲအတွက် မဲဆွယ်သည်ဟုမြင်ကြောင်း၊ အစိုးရက COVID ကိစ္စဖြင့် ထောက်ပံ့ခြင်းအပေါ် သန့်သန့်ရှင်းရှင်း ကူညီစေချင်ကြောင်း ရှမ်းနီ (တိုင်းလိုင်) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေး ပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က ပြောကြားသည်။

“ဒါကိုအစိုးရအရှိန်အဝါသုံးပြီး ပါတီကို မဲဆွယ်တာတော့ မသင့်လျော်ဘူးလို့မြင်တယ်” ဟု ဦးစိုင်းဋ္ဌေးအောင်က ပြောကြားသည်။

အဆိုပါထောက်ပံ့ငွေသည် ပြည်သူ့ဘဏ္ဍာအား ပြည်သူကိုပေးခြင်းဖြစ်သည်ဟုသာ ပြောခဲ့ကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးက ယင်းပွဲတွင် အစီအစဉ်မပါဝင်ဘဲ ကျေးဇူးတင်စကား ပြောကြားခဲ့ခြင်းဖြစ်ကြောင်း  ကချင်ပြည်နယ် လူမှုရေးဝန်ကြီးဦးနေဝင်းက ပြောကြားသည်။

“လူအုပ်ထဲမှာ ကျွန်တော်တို့လည်း တားချိန်မရလိုက်ဘူး။ သူ့ဟာသူ ဝမ်းသာလို့ပြောလာတာ ကျွန်တော်တို့ ဘာမှပြောခိုင်းဘူး။ သူ့ကဏ္ဍနဲ့ ပြောသွားတာ။ အခုအချိန်မှာ မဲဆွယ်စည်းရုံးကာလ မဟုတ်ဘူးလေ” ဟု ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးနေဝင်းက ပြောကြားသည်။

ထိုသို့ပြောကြားခဲ့မှုနှင့်ပတ်သက်၍ ကာယကံရှင်  တာလောကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းထူးက “ကျွန်တော်ကတော့ ဝမ်းသာလို့ မနေ့က ပြောလိုက်တာပါ။ ဘယ်သူမှ မပြောခိုင်းပါဘူး။ ကျေးရွာသက်တမ်း ၁၆၀ ကျော်မှာ ပထမဆုံးမီးရတယ်။ ရေကြီးချိန်၊ အခုရောဂါဖြစ်ချိန်မှာ ဆန်၊ ဆီ၊ ဆားတွေ ကူညီတယ်။ ငွေကူညီတယ်။ အဲဒါကြောင့် ကျေးဇူးတင်လို့ပါ။ ပါတီနဲ့လည်း ကျွန်တော်နဲ့မဆိုင်ဘူး။ ပါတီဝင်လည်း မဟုတ်ပါဘူး” ဟု ပြောကြားသည်။

ကချင်ပြည်နယ် ရွေးကောက်ပွဲအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းအောင်ခိုင်က တိုင်ကြားလာမှုရှိလာပါက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဌာနဆိုင်ရာများ၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်းပြုမည်မဟုတ်ကြောင်း ပြောကြားသည်။

 

Most Read

Most Recent