လာမည့် စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် AA အဖွဲ့မှအပ NCA လက်မှတ် မရေးထိုးရသေးသည့် လက်နက်ကိုင် အဖွဲ့အစည်း ခုနစ်ဖွဲ့ကိုသာ ဖိတ်ကြားမည်ဖြစ်ပြီး ညီလာခံသို့ ဖိတ်ကြားထားသည့် ထိပ်သီးခေါင်းဆောင် နှစ်ဦးသာ တက်ရောက်ရမည်

လာမည့် စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် AA အဖွဲ့မှအပ NCA လက်မှတ် မရေးထိုးရသေးသည့် လက်နက်ကိုင် အဖွဲ့အစည်း ခုနစ်ဖွဲ့ကိုသာ ဖိတ်ကြားမည်ဖြစ်ပြီး ညီလာခံသို့ ဖိတ်ကြားထားသည့် ထိပ်သီးခေါင်းဆောင် နှစ်ဦးသာ တက်ရောက်ရမည်
နေပြည်တော် NRPC တွင် သြဂုတ် ၅ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်
နေပြည်တော် NRPC တွင် သြဂုတ် ၅ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်
Published 6 August 2020
နေရိုင်း၊ ဇေယျာထွန်း

လာမည့် စတုတ္ထအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် AA အဖွဲ့မှအပ NCA လက်မှတ် မရေးထိုးရသေးသည့် လက်နက်ကိုင် အဖွဲ့အစည်း ခုနစ်ဖွဲ့ကိုသာ ဖိတ်ကြားမည်ဖြစ်ပြီး ညီလာခံသို့ ဖိတ်ကြားထားသည့် ထိပ်သီးခေါင်းဆောင် နှစ်ဦးသာ တက်ရောက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် သြဂုတ် ၄ ရက်မှ ၅ ရက်အထိ နှစ်ရက်တာ ပြုလုပ်ခဲ့သည့် အစိုးရနှင့် NCA-S EAO အလုပ်အဖွဲ့အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ဦးဇော်ဌေးက အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက “လက်မှတ်မထိုးတဲ့အဖွဲ့တွေ ခုနစ်ဖွဲ့ဖိတ်မယ်ပေါ့။ တချို့အဖွဲ့အစည်းတွေကျတော့ ဥပဒေအရ ဖိတ်ကြားဖို့ အကန့်အသတ်ရှိတယ်။ ဒါမျိုးတွေကျတော့ ကျွန်တော်တို့ ဖိတ်ကြားနိုင်မှာ မဟုတ်ဘူး။ မထိုးရသေးတဲ့အဖွဲ့ စုစုပေါင်း ခုနစ်ဖွဲ့ဖိတ်မယ်။ ဖိတ်တဲ့အခါမှာလည်း လက်မှတ်ထိုးပြီးသား အဖွဲ့တွေကို ညီလာခံကို တက်ရောက်ဖို့အတွက် ထိပ်သီးခေါင်းဆောင် နှစ်ယောက်ကို ကျွန်တော်တို့ဖိတ်တယ်။ အလားတူပဲ။ မထိုးရသေးတဲ့ အဖွဲ့တွေကိုလည်း ထိပ်သီးခေါင်းဆောင် နှစ်ယောက်ဖိတ်မယ်။ မြောက်ပိုင်းမှာ ခုနစ်ဖွဲ့ရှိတယ်။ KNPP ရှိတယ်။ အားလုံးရှစ်ဖွဲ့ရှိတယ်။ အခု ခုနစ်ဖွဲ့ကိုဖိတ်မှာ” ဟုဆိုသည်။

စတုတ္ထအကြိမ် ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသို့ ဖိတ်ကြားထားသည့် ထိပ်သီးခေါင်းဆောင် နှစ်ဦးသာ တက်ရောက်ရမည်ဖြစ်ပြီး လူစားထိုး တက်ရောက်ခွင့် မရှိကြောင်းနှင့် နိုင်ငံရေးပါတီ ၂၁ ပါတီမှလည်း ခေါင်းဆောင်နှစ်ဦး ဖိတ်ကြားသွားမည်ဖြစ်ပြီး ၎င်းတို့အား အစားထိုး တက်ရောက်ခွင့် မရှိသည့်ပုံစံဖြင့် ဖိတ်ကြားသွားမည် ဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။

မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက “ကျွန်တော်တို့ နိုင်ငံတော်ကို တောင်းထားတဲ့ ပစ်ခတ်ရပ်စဲရေး မလုပ်ခဲ့သေးတဲ့ အဖွဲ့တွေကိုလည်း ဖိတ်ကြားဖို့ ပြောထားပါတယ်။ ဒါကိုလည်း နိုင်ငံတော်က ဖိတ်ပေးပါမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ AA က လွဲပြီးဖိတ်ပေးပါမယ်လို့ ဒီကနေ့ အစည်းအဝေးမှာ တရားဝင် ပြောခဲ့တာပေါ့နော်။ ထိပ်သီးခေါင်းဆောင်တွေ ကိုယ်စားလှယ် လွှဲလို့မရဘူး။ ထိပ်သီးခေါင်းဆောင်တွေ လာရောက် တက်ဆိုရင် တက်လို့ရပါတယ် ဆိုပြီးတော့ နိုင်ငံတော်ကတစ်ဆင့် ဖိတ်ကြားပေးမှာပါ” ဟု ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသို့ CSO ဖိုရမ်မှ အဖွဲ့ငါးဖွဲ့ကို ဖိတ်ကြားရန်လျာထားပြီး ယခင်ညီလာခံများနည်းတူ ညီလာခံသို့ လေ့လာသူများ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလ ဖြစ်သည့်အတွက် ဖိတ်ကြားသွားမည် မဟုတ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။

စတုတ္ထအကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို သြဂုတ် ၁၉၊ ၂၀၊ ၂၁ ရက်၌ ကျင်းပရန် သတ်မှတ်ထားပြီး ပထမနေ့တွင် ယခင်ညီလာခံများနည်းတူ ဖွင့်ပွဲအခမ်းအနား ပြုလုပ်မည်ဖြစ်ပြီး သက်ဆိုင်ရာ ခေါင်းဆောင်များက မူဝါဒမိန့်ခွန်း ပြောကြားဖြစ်ကာ နေ့လယ်ပိုင်း၌ UPDJC အတွင်းရေးမှူး အစည်းအဝေး ပြုလုပ်သွားဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။

ညီလာခံဒုတိယနေ့၌ UPDJC အစည်းအဝေး ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး သုံးရက်မြောက်နေ့တွင် ပြည်ထောင်စု သဘောတူစာချုပ် အပိုင်း ၃ လက်မှတ်ရေးထိုးပွဲ ကျင်းပမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ဆက်လက်ပြောကြားသည်။

 

Most Read

Most Recent