ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကြေညာပြီးနောက် တစ်နိုင်ငံလုံးတွင် မဲစာရင်းလာရောက်ကြည့်ရှုသူ ခြောက်သန်းကျော်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပြောကြား

ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကြေညာပြီးနောက် တစ်နိုင်ငံလုံးတွင် မဲစာရင်းလာရောက်ကြည့်ရှုသူ ခြောက်သန်းကျော်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပြောကြား
ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်တွင် မဲဆန္ဒရှင်စာရင်းလာရောက်ကြည့်ရှုနေသည့် ပြည်သူများကို ဇူလိုင် ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်တွင် မဲဆန္ဒရှင်စာရင်းလာရောက်ကြည့်ရှုနေသည့် ပြည်သူများကို ဇူလိုင် ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 5 August 2020

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းအား ဇူလိုင် ၂၅ ရက်တွင် ပထမအကြိမ်ကြေညာပြီးနောက် တစ်နိုင်ငံလုံးတွင် မဲစာရင်း လာရောက်ကြည့်ရှုသူ ခြောက်သန်းကျော်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

၂၀၂၀ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်တို့၏ အပြန်အလှန် ဆွေးနွေးပွဲကို သြဂုတ် ၅ ရက် နံနက်ပိုင်းတွင် Online စနစ်ဖြင့် ပြုလုပ်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲတွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ထိုသို့ပြောကြားခြင်းဖြစ်သည်။

“ကျွန်တော်တို့ မဲစာရင်းကပ်လိုက်တယ်ဆိုရင် ၃၇ သန်း ၅ သိန်းကျော်ရပါတယ်။ အဲဒီလိုရတဲ့အခါမှာ လာကြည့်သူက ခြောက်သန်းနဲ့ ခြောက်သိန်းကျော်ရှိပါတယ်။ ဒါ ကျွန်တော်တို့ တော်တော်တော့ တစ်ဖက်ကတော့ မှားယွင်းတာတွေ မပြည့်စုံတာတွေတွေ့တယ်။ သို့သော်လည်းပဲ တကယ်လာကြည့်တဲ့ ဦးရေက ခြောက်သန်းခြောက်သိန်းကျော်၊ မနေ့ကအထိပေါ့။ တော်တော်အားရကျေနပ်စရာပဲ။  အရင်တုန်းက တစ်ခါမှအဲဒီလို မကြည့်ဘူးပါဘူးခင်ဗျာ” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

ထိုသို့ လာရောက်ကြည့်ရှုသူ ၆၀၀၀၀၀ ကျော်အနက် မဲစာရင်းတွင် မပါဝင်သူ ပုံစံ (၃) ဖြင့် တောင်းဆိုသူ ၂၁၀၀၀၀ ကျော်ရှိပြီး ပုံစံ (၄) ဖြင့် ကန့်ကွက်သူ ၆၆၀၀၀ ကျော်ရှိကာ အချက်အလက် မှားယွင်းနေသည့်အတွက် ပြင်ဆင်ရန် ပုံစံ (၄-ဂ) ဖြင့် တင်ပြလာသူ ၁၅၀၀၀၀ ကျော်ရှိကြောင်း ဦးမြင့်နိုင်က ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာခြင်းကို ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၇ ရက်အထိ သက်ဆိုင်ရာ ရပ်/ ကျေးကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာများတွင် ၁၄ ရက်ကြာ ကပ်ထားကြေညာထားမည်ဖြစ်သည်။

ဇူလိုင် ၂၅ ရက်တွင် မဲဆန္ဒရှင်စာရင်း ပထမအကြိမ် ကပ်ထားကြေညာပြီးနောက် မဲဆန္ဒရှင်စာရင်း မှားယွင်းမှုများနှင့်ပတ်သက်၍ ဝေဖန်မှုများရှိနေပြီး ထိုသို့မှားယွင်းမှုများ ရှိနေခြင်းသည် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/ ၆) အား လုံးဝအခြေခံ၍ ကောက်ယူခြင်းမျိုးမဟုတ်ဘဲ နေအိမ်တွင် လက်ရှိ ရှိနေသော လူဦးရေစာရင်းကိုလည်း ကောက်ယူခြင်းမျိုးဖြစ်ကာ ထိုသို့ ကောက်ယူမှုအပေါ် အချက်အလက် ဖြည့်သွင်းသူများ၏ အားနည်းချက်ကြောင့်ဖြစ်ကြောင်းလည်း ဦးမြင့်နိုင်က ပြောကြားသည်။ 

“အဲဒီတော့ အိမ်ထောင်စုစာရင်း (၆၆/ ၆) ရှိရင် (၆၆/ ၆) အတိုင်း ကျွန်တော်တို့ ကောက်ပါတယ်။ အိမ်ထောင်စုစာရင်း (၆၆/ ၆) တော့ ရှိနေတယ်။ ဒါပေမဲ့ လူကမရှိဘူး။ လူက မရှိရင် ကျွန်တော်တို့ အဲဒါကို မကောက်ပါဘူးခင်ဗျာ။ နောက်တစ်ခါ လူရှိတယ်။ အိမ်ထောင်စုစာရင်း (၆၆/ ၆)  မရှိဘူး ဆိုလည်း ကျွန်တော်တို့ စာရင်းကောက်ပါတယ်ခင်ဗျာ။ အခု ဒီကောက်တဲ့နည်းလေးကတော့ ကျွန်တော်တို့ တော်တော်သဘောကျပါတယ်ခင်ဗျာ။ ဒါတွေက ပိုပြီးတော့ မဲဆန္ဒရှင်စာရင်းဖောင်းပွတာလည်း ကျွန်တော်တို့ မရှိနိုင်တော့ဘူး။ အတတ်နိုင်ဆုံးတော့ နီးစပ်သွားတဲ့ သဘောလို့တော့ ကျွန်တော်တို့ခံစားရပါတယ်ခင်ဗျာ။ သို့သော်လည်းပဲ ဒီမှာတော့ လက်တွေ့ကျတဲ့အခါကျတော့ ခုနကလို မဲဆန္ဒရှင်စာရင်း ကပ်လိုက်တဲ့အခါကျတော့ ဒီအမှားအယွင်းတွေက များလာတာတွေ့ရပါတယ်” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

Most Read

Most Recent