ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် မွေးမြူရေးထုတ်ကုန် အအေးခန်း သိုလှောင်ရုံများ တည်ဆောက်ရန် ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာလေးသန်း ရယူဆောင်ရွက်မည်

ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် မွေးမြူရေးထုတ်ကုန် အအေးခန်း သိုလှောင်ရုံများ တည်ဆောက်ရန် ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာလေးသန်း ရယူဆောင်ရွက်မည်
ဧရာဝတီတိုုင်းဒေသကြီး အတွင်းရှိ ငါးမွေးမြူရေးလုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ဧရာဝတီတိုုင်းဒေသကြီး အတွင်းရှိ ငါးမွေးမြူရေးလုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 9 July 2020
အိသဥ္ဇာကျော်

ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် မွေးမြူရေးထုတ်ကုန် အအေးခန်း သိုလှောင်ရုံများ တည်ဆောက်ရန် ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ လေးသန်းရယူပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ွှနည်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း၏ ပြောကြားချက်အရ သိရသည်။

ဇူလိုင် ၇ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 နှင့် သားငါးမွေးမြူ ထုတ်လုပ်ရေးကဏ္ဍအပေါ် သက်ရောက်မှုနှင့် စပ်လျဉ်းပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် Video Conferencing ဖြင့် ဆွေးနွေးရာတွင် ဒေါက်တာရဲထွန်းဝင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မွေးမြူရေး ထုတ်ကုန်များသည် ပျက်စီးလွယ်သည့်အတွက် သိုလှောင်ထိန်းသိမ်းရန် အအေးခန်းများ လိုအပ်ကြောင်း၊ အအေးခန်းများ လုံလောက်စွာ တည်ဆောက်ထားနိုင်ခြင်း မရှိသည့်အတွက် ကုန်စည်စီးဆင်းမှု နှေးကွေးသွားသည့် COVID-19 ကာလအတွင်းတွင် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ပါကြောင်း၊ အအေးခန်း သိုလှောင်ရုံများအား ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးများတွင် တည်ဆောက်ရန် ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာလေးသန်း ရယူပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက ပြောကြားသည်။

လက်ရှိအခြေအနေတွင် အိမ်နီးချင်း နိုင်ငံများတွင် မွေးမြူရေးထုတ်ကုန်ပိုလျှံချိန် ဖြစ်နေပြီး ရောဂါ ကျရောက်ချိန်များတွင် ထုတ်လုပ်ထားသည့် တိရစ္ဆာန်များ၊ တိရစ္ဆာန်ထွက် ပစ္စည်းများနှင့် သက်တမ်းကုန်၊ သက်တမ်းကုန်ခါနီး စားသုံးရန် မသင့်သည့် တိရစ္ဆာန်ထွက် ပစ္စည်းများသည် တရားမဝင် နယ်စပ်ကုန်သွယ်ရေး နည်းလမ်းများဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာနေကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ မွေးမြူရေုးလုပ်ငန်း အဖွဲ့ချုပ်က ကောက်ယူထားသည့် တရားမဝင် ဝင်ရောက်လာသော တိရစ္ဆာန်များနှင့် တိရစ္ဆာန်ထွက် ပစ္စည်းများမှာ အသားအဖြစ် ထုတ်လုပ်မည့် ကြက်အရှင်များ (အသားတိုးကြက်၊ ဥတုန်းကြက်မ၊ ဥတုန်းမျိုးကြက်မ)၊ အသားတိုးကြက်ပေါက်များ၊ အေးခဲကြက်သားများ၊ ကြက်အူချောင်း အမျိုးမျိုး၊ ဥအမျိုးမျိုး၊ နို့ခွဲဝက်ပေါက်များ၊ အသားအဖြစ် ထုတ်လုပ်မည့် ဝက်များ (၁၀၀ ကီလိုဂရမ် အရွယ်အစား)၊ အေးခဲဝက်သားများ၊ ဝက်အူချောင်း အမျိုးမျိုးတို့ဖြစ်ကြောင်း သိရသည်။

တရားမဝင် ဝင်ရောက်လာသည့် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများမှာ တစ်ဖက်နိုင်ငံမှ တိရစ္ဆာန်ကျန်းမာရေးနှင့် အစားအသောက် ဘေးကင်းလုံခြုံရေး ထောက်ခံချက်များ မပါရှိသကဲ့သို့ မြန်မာနိုင်ငံ၏ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန စသည့် သက်ဆိုင်ရာ အစိုးရဌာနများ၏ စစ်ဆေးမှု၊ အခွန်ကောက်ခံမှုများမှ ကင်းလွတ်လျက်ရှိပြီး ပြည်တွင်းစျေးကွက်သို့ အလွယ်တကူ ရောက်ရှိနေခြင်း ဖြစ်ကြောင်းနှင့် ယင်းသို့ အရည်အသွေးစစ်ဆေးမှုနှင့် အခွန်အခများမှ ကင်းလွတ်ခွင့်ရနေသည့် တရားမဝင် တိရစ္ဆာန်နှင့် တိရ စ္ဆာန်ထွက် ပစ္စည်းများကြောင့် နိုင်ငံတော်အတွက် လည်းကောင်း၊ မွေးမြူထုတ်လုပ်သူများ အတွက်လည်းကောင်း ဆိုးကျိုးများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါများ ထိန်းချုပ်နိုင်ရန် ကုန်သွယ်မှုပြုလုပ်မည့် တိရစ္ဆာန်များကို တိရစ္ဆာန် ရောဂါထိန်းချုပ် စောင့်ကြည့်စစ်ဆေးရေး စခန်းတွင် စစ်ဆေးမှုပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မှ သိရသည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသည် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ပြည်ပသို့ တရားဝင်တင်ပို့ရာတွင် မရှိမဖြစ်လုပ်ငန်းစဉ် တစ်ခုဖြစ်သော တိရစ္ဆာန်ရောဂါ ထိန်းချုပ်စောင့်ကြည့် စစ်ဆေးရေးစခန်းကို ၂၀၁၉ ခုနှစ် ဧပြီလအတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မွေးမြူရေးကဏ္ဍ၏ ပြည်ပပို့ကုန်ပမာဏသည် ၂၀၀၅-၂၀၀၆ ခုနှစ်မှ ၂၀၁၇-၂၀၁၈ ခုနှစ်အထိ နှစ်စဉ် အမေရိကန်ဒေါ်လာ လေးသန်းမှ ၁၃ သန်းကြား အထိသာ ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်အတွင်းက အစိုးရက မူဝါဒ ဖြေလျှော့မှုများ ဆောင်ရွက်ခဲ့ရာ ကျွဲ၊ နွားအရှင် ပြည်ပတင်ပို့မှုကို ခွင့်ပြုပေးခဲ့ကြောင်းနှင့် အစိုးရ၏ ပံ့ပိုးမှုနှင့်အတူ ပုဂ္ဂလိကကဏ္ဍ လုပ်ငန်းရှင်များ မွေးမြူသူများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် မွေးမြူရေးကဏ္ဍ၏ ပြည်ပပို့ ကုန်ပမာဏသည် တစ်နှစ်ကျော် ကာလအတွင်း အမေရိကန်ဒေါ်လာ ၅၆၂ဒသမ ၈၅၉ သန်းအထိ တိုးတက်ခဲ့ကြောင်း  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

Most Read

Most Recent