ရခိုင်အမျိုးသားပါတီအနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အကြောင်းညီညွတ်ပါက ချင်းပြည်နယ် ပလက်ဝမြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိကြောင်း ယင်းပါတီမှ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ရခိုင်အမျိုးသားပါတီအနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အကြောင်းညီညွတ်ပါက ချင်းပြည်နယ် ပလက်ဝမြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိကြောင်း ယင်းပါတီမှ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
၂၀၁၉ ခုနှစ် မေလကုန်က စစ်တွေမြို့တွင် ရခိုင်အမျိုးသားပါတီ ဒုတိယအကြိမ်ပါတီညီလာခံ ကျင်းပစဉ်
၂၀၁၉ ခုနှစ် မေလကုန်က စစ်တွေမြို့တွင် ရခိုင်အမျိုးသားပါတီ ဒုတိယအကြိမ်ပါတီညီလာခံ ကျင်းပစဉ်
Published 8 July 2020
သန်းလှိုင်

ရခိုင်အမျိုးသားပါတီအနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အကြောင်းညီညွတ်ပါက ချင်းပြည်နယ် ပလက်ဝမြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိကြောင်း ရခိုင်အမျိုးသားပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ပြောကြားသည်။

“ရွေးကောက်ပွဲမှာတော့ ရန်ကုန်တိုင်းမှာဆိုရင် တိုင်းရင်းသားရေးရာဝန်ကြီးအပြင် အခြားသင့်လျော်တဲ့ နေရာတချို့၊ ဧရာဝတီတိုင်းမှာလည်း အဲဒီလိုပဲ။ နောက်ပြီး အကြောင်းညီညွတ်ရင်တော့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာလည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိပါတယ်” ဟု ဒေါ်အေးနုစိန်က ပြောကြားသည်။

ရခိုင်အမျိုးသားပါတီသည် ရခိုင်ပြည်နယ်အတွင်း အင်အားကြီးသည့် ပါတီတစ်ခုဖြစ်သည့်အပြင် ပြီးခဲ့သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် နေရာ ၄၆ နေရာအထိ အနိုင်ရရှိခဲ့သော ပါတီတစ်ခုလည်းဖြစ်ရာ လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်လည်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့၌ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာများအပြင် အခြားသင့်တော်သည့် နေရာများ၌လည်း ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

လက်ရှိတွင် ရခိုင်အမျိုးသားပါတီအနေဖြင့် မြို့နယ်အလိုက် ကိုယ်စားလှယ်လောင်း စိစစ်ရေးအဖွဲ့များကို ဖွဲ့စည်းထားသည့်အပြင် ဗဟိုစိစစ်ရေးအဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် ကိုယ်စားလှယ်လောင်း လျှောက်လွှာများကို ဇူလိုင် ၁ ရက်မှ စ၍ ရောင်းချပေးနေပြီဖြစ်ကြောင်း ဒေါ်အေးနုစိန်က ပြောကြားသည်။

“အခုအချိန်မှာ မြို့နယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်စိစစ်ရေး ဖွဲ့တွေကို မြို့နယ်တိုင်းမှာဖွဲ့စည်းပြီး ဗဟိုရွေးချယ် စိစစ်အတည်ပြုရေးအဖွဲ့ကိုလည်း ဖွဲ့စည်းပြီးဖြစ်တယ်။ နောက်ပြီး ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အရည်အချင်းတွေကိုလည်း ၂၀၁၅ တုန်းက ကြုံခဲ့ရတဲ့ အားနည်းချက် အားသာချက်တွေကို အတတ်နိုင်ဆုံး ဖယ်ရှားနိုင်အောင် သတ်မှတ်ရေးဆွဲထားပြီး ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေငြာထားသည့်အတွက် ရွေးကောက်ပွဲ အမှန်တကယ်ကျင်းပသည့်အချိန်တွင် မည်သို့ဖြစ်လာမည်ဆိုသည့်အပေါ်တွင် မူတည်ပြီး  ရခိုင်အမျိုးသားပါတီအနေဖြင့် လက်ရှိအာဏာရပါတီအပြင် အခြားသောနိုင်ငံရေးပါတီများကိုလည်း ပြိုင်ဘက်ပါတီများအဖြစ် သတ်မှတ်ထားကြောင်း ဒေါ်အေးနုစိန်က ဆက်လက်ပြောကြားသည်။

ထို့ပြင် ရခိုင်ပြည်နယ်အနေအထားအရ တရားဝင်နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် ခိုင်ခိုင်မာမာရှိရန်လိုကြောင်း၊ တရားဝင်နိုင်ငံရေးပါတီတစ်ရပ်သည် ရွေးကောက်ပွဲကို မဖြတ်သန်း၍ မရနိုင်ကြောင်း၊ ရခိုင်ဒေသတွင် ရခိုင်ပါတီအနိုင်ရရှိရန်အတွက် ဒေသခံတိုင်းရင်းသားများ၌ တာဝန်ရှိသည့်အတွက် ယင်းချက်များအပေါ်တွင်မူတည်၍ ပြည်သူများ မဲပေးရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီနှင့် ရခိုင်ပါတီသုံးပါတီအပြင် တိုင်းရင်းသားမျိုးနွယ်စုပါတီများလည်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

Most Read

Most Recent