“၀” အမျိုးသားပါတီအနေဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အဓိကဝင်ရောက်ယှဉ်ပြိုင်မည်

“၀” အမျိုးသားပါတီအနေဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အဓိကဝင်ရောက်ယှဉ်ပြိုင်မည်
Published 8 July 2020
စည်သာ (တောင်ကြီး)

“၀” အမျိုးသားပါတီအနေဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းကို အဓိကအားပြု၍ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ယင်းပါတီ အထွေထွေအတွင်းရေးမှူး ဦးဆမ်းဆောင်ကားက ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှမ်းပြည်နယ် အရှေ့ပိုင်း ဟိုပန်၊ မက်မန်း၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်းနှင့် ပန်ဆန်းစသည့် မြို့နယ် ခြောက်ခုကို ခရိုင်နှစ်ခုခွဲ၍ “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ထားပြီး ဟိုပန်နှင့် မက်မန်းမြို့နယ်များကို အစိုးရက ထိန်းချုပ်၍ အခြားမြို့နယ်လေးခုကို “၀” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA က ထိန်းချုပ်ထားသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်နှင့် မက်မန်းမဲဆန္ဒနယ်မြေတွင် “၀” အမျိုးသားပါတီအနေဖြင့် အင်ပြည့်အားပြည့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ကျန်မြို့နယ်များဖြစ်သည့် တန့်ယန်း၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းပျဉ်း၊ မိုင်းယန်းတို့တွင် ဝင်ယှဉ်ပြိုင်သွားရန်စီစဉ်ထားသော်လည်း အတည်မပြုနိုင်သေးကြောင်း ၎င်းက ဆိုသည်။

“၀” တိုင်းတော့ နှစ်မြို့နယ်ပဲရတော့ အပြည့်အဝတော့ ပြိုင်သွားမယ်။ ကျန်တဲ့ ရှမ်းပြည်နယ်မှာရှိတဲ့ တန့်ယန်း၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းပျဉ်း၊ မိုင်းယန်းတို့တော့ ပြိုင်ဖို့ စဉ်းစားထားတာ အတည်မပြုသေးဘူးလေ” ဟု ဦးဆမ်းဆောင်ကားက ပြောကြားသည်။

“၀” အမျိုးသားပါတီကို ပြည်သူလူထု သဘောဆန္ဒအရ “၀” ဒီမိုကရက်တစ်ပါတီ၊ “၀” အမျိုးသားစည်းလုံးညီညွတ်ရေးပါတီနှင့် “၀” လစ်ဘရယ် ဒီမိုကရက်တစ် ဖွံ့ဖြိုးတိုးတက်ရေးပါတီ သုံးပါတီပေါင်းစည်း၍ တည်ထောင်ထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပေါင်းတာ သိပ်မကြာသေးဘူး။ ၂၆ ရက်လောက်က ပထမအကြိမ်ပါတီညီလာခံ လုပ်တာကို သက်ဆိုင်ရာ ပါတီဝင်အားလုံး မပေါင်းသေးဘူး။ ပေါင်းတော့မှ အရေအတွက် အတိအကျသိရမယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ ၆၅၀ တင်ထားတာ ရှိပါတယ်။ ပေါင်းရတဲ့အကြောင်းရင်းက လူထုဆန္ဒတောင်းဆိုမှုကြောင့် ပေါင်းတယ်။ လူထုမဲကိုတော့ မျှော်လင့်တယ်။ လူထုတွေ အားပေးလိမ့်မယ်။ မဲပေးလိမ့်မယ် မျှော်လင့်တာပဲ။ “၀” လေးမြို့ထဲမှာ မှတ်ပုံတင်မရှိတဲ့အတွက် မဲထည့်လို့မရပါဘူး။ ရွေးကောက်ပွဲ ကော်မရှင်နဲ့ “၀” အဖွဲ့အစည်းများရဲ့ တာဝန်ပေါ့” ဟု ဦးဆမ်းဆောင်ကားက ပြောကြားသည်။

“၀” အမျိုးသားပါတီအနေဖြင့် “၀” ပြည်နယ်ကို ပြည်ထောင်စုဝင် ပြည်နယ်တစ်ခုအဖြစ် ပြန်လည်သတ်မှတ်ပေးရန် အဓိကဦးတည်ချက်ထားပြီး တိုင်းရင်းသားများအနေဖြင့် တန်းတူအခွင့်အရေးရရှိရန် ရည်မှန်ချက်ထားလုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။

“အဓိကတော့ “၀” ပြည်နယ်ကို ပြည်ထောင်စုဝင် ပြည်နယ်တစ်ခုအနေနဲ့ ပြန်လည်သတ်မှတ်ပေးဖို့ အဓိကဦးတည်ချက်ပေါ့။ ဒေသတွေ ဖွံ့ဖြိုးတိုးတက်ဖို့၊ လူနေမှုအဆင့်အတန်းမြင့်မားဖို့ အခြားသော တိုင်းရင်းသားတွေနဲ့ တန်းတူအခွင့်အရေးရဖို့ ရည်မှန်းချက်တွေပဲလေ။ “၀” ပြည်နယ်ကို ပြည်ထောင်စုဝင် ပြည်နယ်အဖြစ် သတ်မှတ်ပေးဖို့ရန် အဓိကထားပါတယ်” ဟု  ဦးဆမ်းဆောင်ကားက ပြောကြားသည်။

“၀” အမျိုးသားပါတီအနေဖြင့် ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC ထံ ပါတီမှတ်ပုံတင် လျှောက်ထားခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီတွင် နိုင်ငံရေးပါတီမှတ်ပုံတင်ရရှိခဲ့ခြင်း ဖြစ်သည်။ 

 

Most Read

Most Recent