နိုင်ငံရေးအတွေ့အကြုံမရှိသော်လည်း စီမံခန့်ခွဲမှုအတွေ့အကြုံဖြင့် ရွေးကောက်ပွဲအောင်နိုင်ရေးကြိုးပမ်းမည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ အတွင်းရေးမှူး ပြောကြား

နိုင်ငံရေးအတွေ့အကြုံမရှိသော်လည်း စီမံခန့်ခွဲမှုအတွေ့အကြုံဖြင့် ရွေးကောက်ပွဲအောင်နိုင်ရေးကြိုးပမ်းမည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ အတွင်းရေးမှူး ပြောကြား
 ဇူလိုင် ၈ ရက်က စမ်းချောင်းမြို့နယ် ပြည်သူ့ရှေ့ဆောင်ပါတီရုံးဖွင့်ပွဲအခမ်းအနား ကျင်းပစဉ်
ဇူလိုင် ၈ ရက်က စမ်းချောင်းမြို့နယ် ပြည်သူ့ရှေ့ဆောင်ပါတီရုံးဖွင့်ပွဲအခမ်းအနား ကျင်းပစဉ်
Published 8 July 2020
ဉာဏ်လင်းထွန်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့ရှေ့ဆောင်ပါတီ PPP အောင်နိုင်ရေးအတွက် စီမံခန့်ခွဲမှု အတွေ့အကြုံများကို အသုံးချသွားမည်ဟု ယင်းပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးစောဟန်အေးက ပြောကြားသည်။

ဇူလိုင် ၈ ရက်က စမ်းချောင်းမြို့နယ် ပြည်သူ့ရှေ့ဆောင်ပါတီ ရုံးဖွင့်ပွဲအခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးပါတီအတွေ့အကြုံမရှိသော်လည်း စီမံခန့်ခွဲမှုအတွေ့အကြုံနှင့် လုပ်ငန်းရှင်များပီပီ စီးပွားရေးအမြတ်အစွန်းရရှိရန် လုပ်ဆောင်တတ်သည့် အရည်အချင်းများကို ရွေးကောက်ပွဲအောင်နိုင်ရေးတွင် အသုံးချရန် မြို့နယ်ပါတီရုံး ဖွင့်ပွဲအခမ်းအနား၌ ပါတီဝင်များအား ဦးစောဟန်အေးက တိုက်တွန်းပြောကြားသည်။

“အားသာချက်တွေ၊ အားနည်းချက်တွေ၊ အခွင့်အလမ်းတွေ၊ ခြိမ်းခြောက်မှုတွေ ဒီဟာတွေကို ကျွန်တော်တို့ ဘယ်လိုကျော်လွှားကြမလဲ။ လုပ်ငန်းအများစုလုပ်ငန်းရှင်တွေ လုပ်ကိုင်ခဲ့တဲ့အတွက်ကြောင့်မို့ ဒီရဲ့ စီမံခန့်ခွဲမှုတွေကို နားလည်ပြီးသားပါတယ်။ ဒါတွေကို အသုံးချလို့ရပါတယ်။ ဒီနေရာမှာ အောင်နိုင်ရေးမှာ အများကြီးအသုံးချလို့ ရပါတယ်” ဟု ဦးစောဟန်အေးက ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါတီအနိုင်ရရှိမည့် အချက်အလက်များကို ဆန်းစစ်ပြီး အားသာချက်၊ အားနည်းချက်များကို သုံးသပ်၍ ရွေးကောက်ပွဲအနိုင်ရရှိရမည်ဆိုသည့် စိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်သွားရန်လည်း ၎င်းက တိုက်တွန်းပြောကြားသည်။ 

ပြည်သူ့ရှေ့ဆောင်ပါတီကို ဆိုရှယ်မီဒီယာတွင် အတိုင်းအတာတစ်ခုအထိ သိရှိကြသော်လည်း ပြည်သူအများစုသည် နေ့စဉ်စားဝတ်နေရေး အခြေအနေများနှင့် ရုန်းကန်နေရ၍ ပါတီ၏ နိုင်ငံရေးလှုပ်ရှားမှုများအပေါ် သိရှိရန် ခဲယဉ်းကြောင်းနှင့် မဲပေးရန် စိတ်ကုန်လျက်ရှိသည့် ပြည်သူများ မဲပေးချင်လာအောင် လှုံ့ဆော်ရမည်ဖြစ်ကြောင်း ဦးစောဟန်အေးက ဆိုသည်။

ပြည်သူ့ရှေ့ဆောင်ပါတီ၏ စမ်းချောင်းမြို့နယ် ရုံးဖွင့်ပွဲအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နှင့် ဒုတိယဥက္ကဋ္ဌ (၁) ဦးမြင့်မောင်ထွန်းတို့ တက်ရောက်ခဲ့ပြီး အဖွင့်စကားအသီးသီးပြောကြားခဲ့သည်။

နိုင်ငံအတွင်း လုပ်ဆောင်စရာများစွာရှိသည့်အနက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ပါတီအနေဖြင့် ဦးစားပေးလုပ်ဆောင်မည်ဖြစ်ပြီး တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်များကိုလည်း နိုင်ငံရေးပါတီတစ်ခုအနေဖြင့် ဆောင်ရွက်ရမည့် ကိစ္စရပ်များဖြစ်သည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

ပီသုံးလုံးပါတီဟု ခေါ်ဝေါ်ကြသည့် ပြည်သူ့ရှေ့ဆောင်ပါတီသည် စီးပွားရေးလုပ်ငန်းရှင်အများစုဖြင့် ဖွဲ့စည်းထားပြီး တတ်သိပညာရှင်နှင့် နိုင်ငံ့ဝန်ထမ်းဟောင်းအချို့လည်း ပါဝင်လျက်ရှိသည့် နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။

ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ်ရှိမြို့နယ် ၇၀ ကျော်တွင် ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

Most Read

Most Recent