နိုင်ငံတစ်နိုင်ငံတွင် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို အသေလုပ်ထားခြင်းမျိုးမရှိဘဲ နိုင်ငံ့လိုအပ်ချက်အရ အဘက်ဘက်က သုံးသပ်၍ ပြောင်းရခြင်းများရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

နိုင်ငံတစ်နိုင်ငံတွင် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို အသေလုပ်ထားခြင်းမျိုးမရှိဘဲ နိုင်ငံ့လိုအပ်ချက်အရ အဘက်ဘက်က သုံးသပ်၍ ပြောင်းရခြင်းများရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
Myanmar State Counsellor Office
Myanmar State Counsellor Office
Published 7 July 2020
ဆန်းထူးအောင်

နိုင်ငံတစ်နိုင်ငံတွင် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို အသေလုပ်ထားခြင်းမျိုးမရှိဘဲ နိုင်ငံ့လိုအပ်ချက်အရ အဘက်ဘက်က သုံးသပ်၍ ပြောင်းရခြင်းများရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဇူလိုင် ၇ ရက်က နိုင်ငံတော်၏ အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 နှင့် သားငါးမွေးမြူထုတ်ရေး ကဏ္ဍအပေါ် သက်ရောက်မှုနှင့်စပ်လျဉ်းပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် Video Conference ဖြင့် ဆွေးနွေးရာ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတစ်နိုင်ငံမှာဆိုရင် ဥပဒေတွေ၊ စည်းမျဉ်း၊ စည်းကမ်းတွေကို အသေလုပ်ထားတာမဟုတ်ပါဘူး။ နိုင်ငံလိုအပ်ချက်အရ ပြောင်းသွားရတာ၊ ပြောင်းတယ်ဆိုရင်လည်း အဘက်ဘက်ကို သုံးသပ်ရတယ်။ အရင်တုန်းကရှိခဲ့တဲ့ ဥပဒေစည်းမျဉ်း၊ စည်းကမ်းတွေက သူ့အကြောင်းကြောင့်ရှိခဲ့တာ တွေလည်းရှိတယ်။ အကြောင်းမသင့်လျော်လို့ ရှိခဲ့ရတာတွေလည်းရှိတယ်။ အဲဒါတွေကို ခွဲခြားပြီးတော့ ကြည့်ရပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပိုမိုရင်းနှီးမြှုပ်နှံဖို့ အခွင့်အရေးများရရန်၊ စီမံကိန်းကြီးများ အောင်အောင်မြင်မြင်ဖြစ်အောင် အကောင်အထည်ဖော်နိုင်ခြင်းသည် နိုင်ငံ၏အနာဂတ်အား ယုံကြည်မှု မည်မျှရှိသည့်အပေါ်တွင် မူတည်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

“ယုံကြည်မှုရှိဖို့က လုပ်ငန်းတစ်ခု အောင်မြင်ရုံတင်မကဘူး။ သူ့ရဲ့ပတ်ဝန်းကျင်က စီးပွားရေးလုပ်ဖို့ သင့်တော်တဲ့ ပတ်ဝန်းကျင်ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့လိုတယ်။ ဆက်စပ်ပြီးပြောရရင် တရားဥပဒေစိုးမိုးရေး၊ တရားဥပဒေစိုးမိုးရေးဆိုတာ နိုင်ငံတိုင်းအတွက် အရေးကြီးတယ်။ ဒါကြောင့်မို့လို့ အမေတို့အစိုးရရဲ့ မူဝါဒတစ်ခုက တရားဥပဒေ စိုးမိုးရေးကို အင်မတန်မှ အလေးထားခြင်းဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးရှိမှ နိုင်ငံတစ်နိုင်ငံက တည်ငြိမ်တယ်။ ဒီနိုင်ငံမှာ နေနေတဲ့ ထိုင်နေတဲ့ ပုဂ္ဂိုလ်တွေအားလုံး၊ ဒီနိုင်ငံကိုလာပြီးတော့ စီးပွားရေးလုပ်နေတဲ့ ပုဂ္ဂိုလ်တွေအားလုံးအတွက် လုံခြုံမှုရှိမယ်။ အနာဂတ်အတွက် အာမခံရှိမယ်ပေါ့။ တရားဥပဒေစိုးမိုးရေးက အင်မတန်မှ အရေးကြီးပါတယ်။ စီးပွားရေးကဏ္ဍ မဟုတ်ဘူးဆိုပေမယ့် စီးပွားရေးကဏ္ဍနဲ့ အင်မတန်မှ နီးစပ်မှုရှိပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုင်ငံတစ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ထည့်လိုက်သည့် ငွေများသည် အချိန်ကြာပြီးမှ အသီးအပွင့်များရကြောင်း၊ စောင့်နေသည့် အချိန်တွင်လည်း တည်ငြိမ်မှုလိုချင်ကြောင်း၊ အသီးအပွင့်များ ခူးနိုင်သည့် အချိန်တွင်လည်း မှန်မှန်ကန်ကန် ခူးနိုင်သည့် အခြေအနေကို လိုချင်ကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံခြားမှ လာရောက်ရင်းနှီးမြှုပ်နှံရန်၊ အစိုးရချင်း G to G လက်မှတ်ရေးထိုးပြီး စီမံကိန်းများလုပ်ရန် နိုင်ငံတိုးတက်မှုရှိသည်ဟု ပြနိုင်ရန် အရေးကြီးကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။         

“နိုင်ငံထဲကလုပ်သားတွေရဲ့ အရည်အချင်းကလည်း စကားပြောပါတယ်။ အိမ်နီးချင်းနိုင်ငံနဲ့ပြောရမယ်ဆိုရင် ထိုင်းနိုင်ငံမှာ သွားလုပ်တဲ့ လုပ်သားတော်တော်များများက ငါးပုစွန်၊ ရေလုပ်ငန်းနဲ့ ဆက်စပ်ပြီးတော့ သွားလုပ်ကြတာရှိပါတယ်။ COVID-19 ကာလမှာ ထိုင်းနိုင်ငံကနေပြီးတော့ မြန်မာအလုပ်သမားပေါင်း မြောက်မြားစွာ ပြန်လာတယ်။ သောင်းနဲ့တောင်မက သိန်းနဲ့တောင် ပြန်လာတယ်။ ဒီနေ့အထိကို နေ့တိုင်း ၁၀၀၀ ကျော်ပြန်လာတယ်။ ပြန်လာတဲ့အလုပ်သမား ဘယ်လောက်က ထိုင်းကို ပြန်သွားနိုင်မလဲ၊ သူတို့နိုင်ငံမှာ သူတို့နိုင်ငံသားတွေကို ဦးစားပေးခေါ်မယ်ဆိုတာ သဘာဝကျပါတယ်။ ထိုင်းမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေက ထိုင်းကိုပြန်ပြီးအလုပ်လုပ်ဖို့ အခက်အခဲရှိနိုင်တယ်။ ဒါပေမဲ့ သူတို့မှာ ကျွမ်းကျင်မှုက ရှိနေပြီ။ ကိုယ့်ရဲ့ လိုအပ်ချက်နဲ့ ကိုယ့်နိုင်ငံလိုအပ်ချက်နှစ်ခုကို ဆက်စပ်ပြီးတော့ လုပ်နိုင်မယ်ဆိုရင် အားလုံးအတွက် အများကြီးအကျိုးရှိပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် အလုပ်အကိုင်ဖန်တီးရေးအတွက် လုပ်ငန်းရှင်များကလည်း ဝိုင်းဝန်းကူညီပေးစေချင်ကြောင်း၊ အရည်အချင်း ပြည့်ဝသူများရှိပါက ပြည်ပမှ လူများကို စောင့်ဆိုင်းစရာမလိုဘဲ ကိုယ့်ဘာသာ လုပ်ဆောင်နိုင်ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

 

 

Most Read

Most Recent