ရွှေ့ပြောင်းလုပ်သား အများဆုံးရှိသည့် လှိုင်သာယာအပါအဝင် ရန်ကုန်တိုင်း လေးမြို့နယ်တွင်  အလုပ်သမား၊ လယ်သမား ကိုယ်စားပြု တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၁ ဦး ရွေးကောက်ပွဲ ယှဉ်ပြိုင်မည်

ရွှေ့ပြောင်းလုပ်သား အများဆုံးရှိသည့် လှိုင်သာယာအပါအဝင် ရန်ကုန်တိုင်း လေးမြို့နယ်တွင်  အလုပ်သမား၊ လယ်သမား ကိုယ်စားပြု တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၁ ဦး ရွေးကောက်ပွဲ ယှဉ်ပြိုင်မည်
သလုပ်သမား သမဂ္ဂ၊ လယ်သမား သမဂ္ဂများနှင့် အရပ်ဘက် အဖွဲ့အစည်းများ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သည့် တစ်သီးပုဂ္ဂလ လွတ်တော် ကိုယ်စားလှယ်လောင်းများ မိတ်ဆက်ပွဲ ဇူလိုင် ၆ ရက်က ပြုလုပ်စဉ် (ဓာတ်ပုံ - Nandar Sitt Aung)
သလုပ်သမား သမဂ္ဂ၊ လယ်သမား သမဂ္ဂများနှင့် အရပ်ဘက် အဖွဲ့အစည်းများ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သည့် တစ်သီးပုဂ္ဂလ လွတ်တော် ကိုယ်စားလှယ်လောင်းများ မိတ်ဆက်ပွဲ ဇူလိုင် ၆ ရက်က ပြုလုပ်စဉ် (ဓာတ်ပုံ - Nandar Sitt Aung)
Published 7 July 2020
ဉာဏ်လင်းထွန်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အလုပ်သမားနှင့် လယ်သမားကိုယ်စားပြု တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဇူလိုင် ၆ ရက်တွင် ထုတ်ပြန်သည်။

ယင်း ၁၁ ဦး အနေဖြင့် ရန်ကုန်တိုင်းအတွင်း ရွှေ့ပြောင်းလုပ်သား အများဆုံးရှိရာ လှိုင်သာယာ (အရှေ့၊ အနောက်) မြို့နယ်အပါအဝင် ကော့မှူး၊ ထန်းတပင်မြို့နယ်များရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်များတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်များ၊ လယ်သမားသမဂ္ဂများအပါအဝင် အဖွဲ့အစည်း စုစုပေါင်း ၁၁ ဖွဲ့က စိစစ်ရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်း ၁၁ ဦးတွင် အလုပ်သမားအရေး ဆောင်ရွက်သည့် တရားလွှတ်တော်ရှေ့နေ ဦးဌေး၊ လယ်သမားအရေး တက်ကြွလှုပ်ရှားသည့် ဒေါ်စုစုနွေးတို့ ပါဝင်သည်။

အလုပ်သမား အခွင့်အရေး ဆုံးရှုံးမှုများသည် တရားဥပဒေစိုးမိုးမှုနှင့် အစိုးရယန္တရား၏ အားနည်းချက်များကြောင့်ဖြစ်၍ အဆိုပါအခက်အခဲများကို လွှတ်တော်တွင် အဖြေရှာ ဆောင်ရွက်နိုင်ရေးအတွက် ရွေးကောက်ပွဲ ဝင်ရောက်ခြင်းဖြစ်သည်ဟု လှိုင်သာယာ (အရှေ့) မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်မည့် တရားလွှတ်တော်ရှေ့နေ ဦးဌေးက ပြောကြားသည်။

“လွှတ်တော်ထဲမှာ လယ်သမား၊ အလုပ်သမားအရေး ရပ်တည်ဆောင်ရွက်ဖို့ ရွေးကောက်ပွဲဝင်တာဖြစ်ပါတယ်” ဟု ဦးဌေးက ပြောကြားသည်။

လက်ရှိ ရွေးချယ်ထားသည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၁ ဦးသည် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် လေးဦး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အတွက်တစ်ဦးနှင့် တိုင်းဒေသကြီးလွှတ်တော်အတွက် ခြောက်ဦးဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။

မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဒေါ်စုစုနွေးသည် ၎င်း၏ ဇာတိဖြစ်သည့် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်မည်ဖြစ်သည်။

မြေယာအခွင့်အရေး၊ လူ့အခွင့်အရေးများနှင့် စပ်လျဉ်း၍ ဥပဒေနှင့်အညီ ကာကွယ်ပေးမှုများတွင် အားနည်းချက်များရှိသည့်အတွက် ရွေးကောက်ပွဲယှဉ်ပြိုင်ရန် စီစဉ်ခြင်းဖြစ်သည်ဟု ဒေါ်စုစုနွေးက The Daily Eleven သတင်းစာကို ဖေဖေါ်ဝါရီလအတွင်း ပြောကြားထားသည်။

အထွေထွေရွေးကောက်ပွဲ ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၁ ဦးကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)၊ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MICS)၊ ဒို့မြေကွန်ရက်၊ မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂ အပါအဝင် အဖွဲ့အစည်း ၁၁ ဖွဲ့ သဘောတူညီမှုဖြင့် ရွေးချယ်ခြင်းဖြစ်သည်ဟု သိရသည်။

“ကျွန်မတို့ကြားထဲမှာ စံနှုန်းသတ်မှတ်ချက် ရှိတယ်။ စံနှုန်းသတ်မှတ်ချက် ခုနစ်ချက်ရှိတဲ့အထဲမှာ အဓိကတစ်ချက်က ဘယ်နိုင်ငံရေးပါတီဝင်မှ မဖြစ်ရဘူးဆိုတာပါတယ်။ ပြီးတော့ အလုပ်သမားအရေးကို အစဉ်တစိုက် လုပ်ဆောင်တဲ့သူ၊ အလုပ်သမားအကျိုးအတွက် လုပ်ပေးချင်တဲ့သူ။ အလုပ်သမား၊ လယ်သမားအကျိုးစီးပွားအတွက်ကို လုပ်ပေးချင်တဲ့သူ။ အဲ့လိုစံနှုန်းတွေနဲ့ ရွေးချယ်တာပါ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) လက်ထောက်အထွေထွအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ပြောကြားသည်။

ရွေးကောက်ပွဲ ယှဉ်ပြိုင်မည့် ကိုုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အောင်နိုင်ရေးကော်မတီကိုလည်း အဆိုပါအဖွဲ့အစည်း ၁၁ ဖွဲ့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်ဟု သိရသည်။

ဉာဏ်လင်းထွန်း

 

​​​​​​​

Most Read

Most Recent