COVID-19 ကာလအတွင်း ပါတီစည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း ရှမ်းပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီအချို့ ပြောကြား

COVID-19 ကာလအတွင်း ပါတီစည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း ရှမ်းပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီအချို့ ပြောကြား
Published 6 July 2020
စည်သာ(တောင်ကြီး)

COVID-19 ကာလအတွင်း စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ရှမ်းပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများက ပြောကြားသည်။

“အခုကာလမှာ အခက်အခဲတစ်ခုကတော့ ရှေ့ကပြေးတဲ့လူတွေနောက်ကို အမီလိုက်ဖို့ ရုန်းကန်ရမယ့် အနေအထားပေါ့။ လက်ရှိ အနေအထားအရ ပါတီကြီးကနေ ရှေ့ပြေးနိုင်တဲ့အနေအထား ဖော်ဆောင်နေချိန် ကျွန်တော်တို့ ဘာမှလှုပ်ရှားလို့ မရသေးတဲ့ အနေအထား၊ နောက်တစ်ခါ COVID-19 ကြောင့်လဲ ကျွန်တော်တို့က တော်တော်လေး ရုန်းကန်ရမယ့် အနေအထားမှာ ရှိသမျှအင်အားကို ထုတ်နုတ်ပြီး ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်”ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းဘိုးအောင်က ပြောကြားသည်။

လက်ရှိ အခက်အခဲမှာ ရွေးကောက်ပွဲကာလ ပြင်ဆင်ရမည့်အချိန်တွင် COVID-19 ရောဂါနှင့် ကြုံတွေ့နေရသဖြင့် ထင်သလောက် လုပ်ဆောင်၍ မရကြောင်း၊ ပါတီမှ အမှန်တကယ် တော်သည့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်နိုင်မည်ဆိုပါက မိမိတို့ ပါတီကိုသာ မဲပေးလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဦးခင်မောင်ချိုက ပြောကြားသည်။

“ပြည်သူလူထုကို ပြောပြချင်တာက ဓနုတိုင်းရင်းသားပါတီအနေနဲ့ UNA ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ဝင်လည်း ဖြစ်တယ်။ UNA မှာ တိုင်းရင်းသားပါတီ အပါအဝင် ပြည်မပါတီတွေ အားလုံးပေါင်း ၁၅ ပါတီလောက် မဟာမိတ် လုပ်ထားတာဖြစ်တဲ့အတွက် ဓနုတိုင်းရင်းသားပါတီသည်လည်း အင်အားကြီး ပါတီတစ်ခု ဖြစ်ပါတယ်ဆိုတာ ဓနုတိုင်းရင်းသားတွေအားလုံး သိစေချင်တာ၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် ဆောင်ရွက်သွားမယ်ဆိုတာ ပြောချင်တယ်။ ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်အားလုံးနီးပါး လွှတ်တော်ထဲ ပါလာပြီးတော့ ၂၀၂၀ နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အစိုးရရယ်၊ တပ်မတော်ရယ်၊ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေရယ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးက ခေါင်းဆောင်တွေရယ် အားလုံးတွေ့ဆုံပြီး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဆွေးနွေးပြီး ရရှိလာတဲ့အပေါ်မှာ ဘုံသဘောတူညီချက် ရယူပြီးတော့ Union Accord လို့ခေါ်တဲ့ ပြည်ထောင်စု စာချုပ်ကနေပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်သွားရပါမယ်”ဟု ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ချိုက ပြောကြားသည်။

COVID-19 ကာလ ပါတီစည်းရုံးရေး ဆောင်ရွက်ရန် အခက်အခဲရှိနေမှုအပေါ် အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ဝင်းက “ကျွန်တော်တို့က အောက်ကြေးပေ့ါဗျာ။ သူများပါတီတွေက အသာစီးနေတာ၊ ကျွန်တော်တို့က အင်းအမျိုးသား အဖွဲ့ချုပ်ပါတီပေ့ါ။ တောင်ကြီးနဲ့ ညောင်ရွှေတို့မှာ အားလုံး ငါးနေရာပေါ့။ ကျွန်တော်တို့ ပါတီသက်တမ်းက ခြောက်လ၊ COVID-19 ကာလ သုံးလကို နုတ်လိုက်ရင် သုံးလပဲ။ ဘာမှ ပြင်ဆင်ချိန်တောင် မရသေးဘူး။ လူစုလူဝေး မလုပ်ရဘူးဆိုတော့ တွေ့ဆုံပွဲလုပ်ဖို့ ခက်ခဲနေတာပေ့ါ။ ရွာတွေထဲ ကြိုကြားတွေသွားပြီး ပြောရတာပေ့ါ။ ပါတီရုံးဖွင့်တာတွေ အစီအစဉ်လေးတွေတော့ ရှိတာပေ့ါ။ ပါတီဝင် အင်အားက တစ်ထောင်ဝန်းကျင်လောက်ပဲ ရှိမှာပေ့ါ။ ကောင်းမယ်လို့တော့ တွက်ဆထားတာပေါ့”ဟု ပြောကြားသည်။

၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ၌ ၇၆ ရာခိုင်နှုန်း အောင်နိုင်ခဲ့ပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ၁၅ ရာခိုင်နှုန်းသာ အောင်နိုင်ခဲ့သည့် အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီက ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွက်သာ လုပ်ဆောင်မည်ဖြစ်ပြီး တိုင်းရင်းသားပါတီများ အောင်နိုင်ရန်အတွက် မည်သို့ပင် လုပ်ရသည်ဖြစ်စေ လုပ်ဆောင်မည်ဟု အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။

“ခုတော့ ဘယ်လိုလာမလဲတော့ မသိသေးဘူးပေါ့ဗျာ။ အာဏာရှင်ပါတီစနစ်ကို သွားမယ်ဆိုရင်တော့ ရှုံးမယ်ပေါ့ဗျာ။ ကျွန်တော်တို့ပါတီက တိုင်းရင်းသားတွေနဲ့ ဘယ်တော့မှ ရန်သူမဖြစ်ပါဘူး။ မဲမရပေမယ့် တိုင်းရင်းသားတွေရဲ့ ရန်သူမဟုတ်ပါဘူး။ ရွေးကောက်ပွဲတော့ ဝင်မယ်။ ဆုံးဖြတ်လို့တော့ မရသေးပါဘူး”ဟု အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။

Most Read

Most Recent