NLD ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်းကို သြဂုတ်လတွင် ထုတ်ပြန်နိုင်ရန် ပြင်ဆင်လျက်ရှိပြီး ယင်းကြေညာစာတမ်း၌ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများ တိုးလာမည်ဖြစ်ကြောင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ ပြောကြား

NLD ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်းကို သြဂုတ်လတွင် ထုတ်ပြန်နိုင်ရန် ပြင်ဆင်လျက်ရှိပြီး ယင်းကြေညာစာတမ်း၌ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများ တိုးလာမည်ဖြစ်ကြောင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ ပြောကြား
Published 1 July 2020
မင်းသန့်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်းကို သြဂုတ်လတွင် ထုတ်ပြန်နိုင်ရန် ပြင်ဆင်လျက်ရှိပြီး ယင်းကြေညာစာတမ်းတွင် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများ တိုးလာမည်ဖြစ်ကြောင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ဇွန် ၂၆ ရက်က မန္တလေးတောင်ခြေ ရွှေမန်းတောင်အားကစားတွင် ကျင်းပခဲ့သည့် ၃၃ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား၌ NLD ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ၎င်းကအထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ရွေးကောက်ပွဲ ကြေညာစာတမ်းထွက်ဖို့ ပြင်နေပါတယ်။ ၂၀၁၅ တုန်းက သြဂုတ်ဆိုလို့ရှိရင် ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်ရတယ်။ စက်တင်ဘာ၊ အောက်တိုဘာမှာ စည်းရုံးရေးစလုပ်ရပြီ။ အဲဒီတော့ သြဂုတ်ဆိုလို့ရှိရင် ရွေးကောက်ပွဲကြေညာစာတမ်း ထွက်ရပါမယ်။ အခု ၂၀၂၀ ကြေညာစာတမ်းမှာ ကျန်းမာရေးတွေ၊ ပညာရေးတွေ တိုးလာနိုင်ပါတယ်။ ပညာရေးကလည်း စနစ်သစ်ဖြစ်လာတော့ ပညာရေးမှာ အသေးစိတ်လေးတွေ ပြောနေကြတယ်။ ဒါတွေကိုတော့ ကျွန်တော့်အနေနဲ့ ထဲထဲဝင်ဝင်ပြောလို့ မရနိုင်ဘူး။ ကျန်းမာရေးမှာလည်း ထို့အတူပါပဲ။ ပညာရေးဆိုလို့ရှိရင် ၂၁ ရာစုကို စိန်ခေါ်နိုင်တဲ့ ပညာရေးဖြစ်အောင် ထူထောင်လာတာရှိတယ်” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

NLD ပါတီအနေဖြင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ပါဝင်သော နိုင်ငံရေးကတိကဝတ်အချို့ကို မဖြည့်ဆည်းနိုင်သည့် အနေအထားတွင်ရှိနေပြီး ဥပမာအားဖြင့် ငြိမ်းချမ်းရေးဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်က မှတ်ချက်ပြုသည်။

“ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ကျွန်တော်တို့ မဖြည့်ဆည်းနိုင်တာလေးတွေ ရှိသေးတယ်။ ဥပမာ - ငြိမ်းချမ်းရေး။ ငြိမ်းချမ်းရေးဆိုတာ ပြောရတာ ခက်ပါတယ်။ ကျွန်တော်တို့လည်း တတ်နိုင်သမျှ ကြိုးစားပမ်းစား လုပ်နေတာပဲ။ ဒါပေမဲ့့ ငြိမ်းချမ်းရေးမှာ ပါဝင်ပတ်သက်နေတဲ့သူတွေ အားလုံးက ငြိမ်းချမ်းချင်တဲ့ဆန္ဒတော့ ရှိရမယ်။ ငြိမ်းချမ်းချင်တဲ့ ဆန္ဒမရှိဘဲနဲ့ကတော့ ဘယ်လိုပဲ စားပွဲဝိုင်းတွေ့နေပါစေ။ လိုချင်တာပဲ တောင်းနေပါစေ။ ဘယ်လိုမှ ရမှာမဟုတ်ဘူး။ ကိုယ်ဘာပေးနိုင်တယ်ဆိုတာလည်း ကြည့်ရမယ်။ နိုင်ငံရေးစကားဝိုင်းဆိုတာ အပေးအယူရှိရမယ်။ အပေးချည်းပဲလုပ်လို့မရဘူး။ အယူချည်းပဲ လုပ်လို့မရဘူး။ အဲဒီတော့ ငြိမ်းချမ်းရေးမရဘဲနဲ့လည်း ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ တည်တံ့ခိုင်မြဲဖို့ဆိုတာ တော်တော်ခက်ခက်ခဲခဲ လုပ်ရမှာ။ အဲဒီတော့ ငြိမ်းချမ်းရေးတစ်ခုကတော့ ပြောစရာ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ရွေးကောက်ပွဲကာလ ပါတီရန်ပုံငွေသုံးစွဲမှုနှင့် ပတ်သက်၍ ဒေါက်တာဇော်မြင့်မောင်က “ပါတီရန်ပုံငွေ စုဆောင်းထားတာ ရှိပါတယ်။ ဘယ်လောက်သုံးမယ်ဆိုတာ မဆုံးဖြတ်ရသေးဘူး။ လောလောဆယ်မှာ စည်းရုံးရေးစရိတ်တွေ ထုတ်ပေးထားတာ ရှိတယ်။ လာမယ့်ရွေးကောက်ပွဲမှာ မြို့နယ်တစ်ခုကို ဘယ်လောက်ထောက်ပံ့မယ်ဆိုတာ CEC အစည်းအဝေးမှာ ဆုံးဖြတ်မှာပါ။ ကိုယ်စားလှယ်တွေကတော့ အရင်တုန်းကတည်းက မထောက်ပံ့နိုင်ဘူး။ ဒါပေမဲ့ သီးသန့်လျှောက်ခဲ့တဲ့သူတွေ ရှိတယ်။ ၂၀၁၅ တုန်းက တချို့ကိုယ်စားလှယ်တွေက သူတို့မှာ ဘယ်လိုမှ ငွေရေးကြေးရေး မတတ်နိုင်ပါဘူး။ ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်တဲ့အချိန်မှာ အာမခံကြေးသွင်းရတယ်။ အဲဒါတောင် မတတ်နိုင်ပါဘူးလို့ပြောတဲ့ ကိုယ်စားလှယ်တွေ ရှိတယ်။ အဲဒီလို သီးသန့်လျှောက်ရင်တော့ ထောက်ပံ့ပေးဖို့ ရှိပါတယ်။ အောင်နိုင်ရေးအတွက် သုံးတာကတော့ ဘဏ္ဍာရေးစည်းမျဉ်းရှိတယ်” ဟု ရှင်းလင်းပြောကြားသည်။

ထို့အတူ မဲဆန္ဒရှင်များအနေဖြင့် မဲပေးမည်ဆိုပါက အစိုးရဖွဲ့နိုင်သည့်ပါတီကို မဲပေးရန်လိုကြောင်း၊ ကိုယ်စားလှယ်လောင်းနှင့် ပါတီကိုလည်း ကြည့်ရန်လိုကြောင်းနှင့် NLD ပါတီမှာ စတင်တည်ထောင်စဉ်ကတည်းက အသင်းအဖွဲ့အနေဖြင့် လူမှုရေးလုပ်ရန် ထူထောင်ခြင်းမဟုတ်ဘဲ နိုင်ငံရေးလုပ်ရန် တည်ထောင်ခြင်းဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

“ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲပေးသင့်တယ်။ မဲမပေးဘဲ မနေနဲ့။ မဲပေးတယ်ဆိုတာ ကိုယ့်အစိုးရ ကိုယ်ရွေးတာ။ NLD ကို မဲပေးပါလို့ မပြောဘူး။ ကြိုက်တဲ့ပါတီပေးနိုင်တယ်။ ဒါပေမဲ့ ပေးတဲ့ပါတီက အစိုးရဖွဲ့နိုင်ရမယ်။ ပေးတဲ့ပါတီက အစိုးရမဖွဲ့နိုင်ဘူးဆိုရင် မဲကတင်းပြည့်ကျပ်ပြည့် မခံစားရနိုင်ဘူး။ အဲဒါကလည်း နှလုံးသားနဲ့ မဲပေးဖို့လိုတယ်။ လူလည်းကြည့် ပါတီကိုလည်းကြည့်။ ဘယ်ပါတီမှာ ခေါင်းဆောင်ကောင်း ရှိသလဲ။ နောက်ပြီးတော့ NLD ဆိုရင် စထောင်ကတည်းက နိုင်ငံရေးလုပ်ဖို့ ထောင်ထားတာ။ အသင်းအဖွဲ့အနေနဲ့ ထောင်တာမဟုတ်ဖူး။ လူမှုရေးလုပ်တာမဟုတ်ဘူး။ နိုင်ငံရေးလုပ်တာ။ အဲဒီလို နိုင်ငံရေးလုပ်ခဲ့တဲ့ အတွေ့အကြုံ နှစ် ၃၀ ရှိပြီ။ အဲဒီတော့ ပါတီလည်းကြည့် လူလည်းကြည့်ဆိုတာ သဘောတူတယ်။ ဘာလို့လဲဆို လူတွေက ပြောင်းလဲတတ်တယ်။ အဲဒီတော့ လူလည်းကြည့်ဖို့လိုပါတယ်” ဟု ၎င်းကဆိုသည်။

 

 

Most Read

Most Recent