ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် သေဆုံးသူ ၂၁၃ ဦးနှင့် ကူးစက်ခံရသူ ၁၀၀၀၀ နီးပါး ရှိလာခဲ့ကြောင်း တရုတ်အာဏာပိုင်များက ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ချိန်တွင် ထိုကူးစက်ဗိုင်းရပ်စ်ပျံ့နှံ့မှုနှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအခြေအနေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကပ်ရောဂါအဖြစ် စတင်ကြေညာခဲ့သည်။
တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်တွေ့ရှိခဲ့သဖြင့် မူလက ဝူဟန်ဗိုင်းရပ်စ်ဟု ခေါ်ဆိုခဲ့ကြပြီး နောက်ပိုင်းတွင် COVID-19 အဖြစ် လူသိများလာသည့် ကပ်ရောဂါမှာ လက်ရှိအချိန်ထိ ကမ္ဘာကို ခြိမ်းခြောက်နေဆဲ ဖြစ်သည်။
၂၀၀၃ ခုနှစ်တွင် SARS ရောဂါ ခြိမ်းခြောက်မှုအပြီး ၁၇ နှစ်ကျော်အကြာတွင် ပေါ်ပေါက်လာခဲ့သည့် COVID-19 ရောဂါမှာ နိုင်ငံတစ်နိုင်ငံကို ဦးဆောင်နေသည့် အစိုးရအဖွဲ့၏ အရည်အချင်းများကို မေးခွန်းထုတ်နေပြီဟု ဆိုရမည်ဖြစ်သည်။
COVID-19 နှင့် အာဆီယံဒေသ၏ တုံ့ပြန်မှု
ကမ္ဘာလုံးကို အကြီးအကျယ်ခြိမ်းခြောက်နေသည့် COVID-19 ရောဂါဒဏ်ကို အာဆီယံနိုင်ငံများလည်း ခံစားခဲ့ရသည်။
COVID-19 ရောဂါပိုးအများဆုံး တွေ့ရှိထားသည့် အာဆီယံဒေသတွင်းနိုင်ငံမှာ အင်ဒိုနီးရှားနိုင်ငံဖြစ်ပြီး ကူးစက်ခံရသူ ၅၂၈၁၂ ဦး ဖြစ်ပြီး သေဆုံးသူ ၂၇၂၀ ရှိသည်။
ဒုတိယအများဆုံးနိုင်ငံမှာ စင်ကာပူနိုင်ငံဖြစ်ပြီး ကူးစက်ခံရသူ ၄၃၂၄၆ ဦးရှိပြီး သေဆုံးသူ ၂၆ ဦးရှိသည်။ တတိယအများဆုံးနိုင်ငံမှာ ဖိလစ်ပိုင်နိုင်ငံဖြစ်ကာ ကူးစက်ခံရသူ ၃၄၈၃၀ ဖြစ်ပြီး သေဆုံးသူ ၁၂၃၆ ဖြစ်သည်။ (အဆိုပါ စာရင်းများမှာ ဇွန် ၂၇ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် worldometers တွင် ဖော်ပြထားသည့် စာရင်းများဖြစ်ပြီး အချိန်နှင့်အမျှ အပြောင်းအလဲရှိနိုင်သည်)။
မြန်မာနိုင်ငံတွင် ဇွန် ၂၇ ရက် ညနေပိုင်းအထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရောဂါကူးစက်ခံရသူ ၂၉၃ ဦးရှိပြီး ဓာတ်ခွဲအတည်ပြုလူနာသေဆုံးသူ ခြောက်ဦးရှိသည်။ ရောဂါကူးစက်ခံရသူများအနက် ၂၁၅ ဦးမှာ ရောဂါပိုးကင်းစင်လာပြီဖြစ်သည်။ ယင်းတို့အနက် ၂၀၀ ကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ရာ ရောဂါပိုးရှိသူ ၇၈ ဦးသာ ကျန်ရှိနေပြီဖြစ်သည်။
အာဆီယံနိုင်ငံများတွင် COVID-19 ရောဂါကို တုံ့ပြန်ရာ၌ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့သည့် နိုင်ငံများမှာ စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံများ ဖြစ်သည်ဟု ဆိုကြသည်။
အမှန်တကယ်၌ ဗီယက်နမ်သည် လုံးဝအာဏာရှင်နိုင်ငံဖြစ်ပြီး စင်ကာပူသည် တစ်စိတ်တစ်ပိုင်း အာဏာရှင်နိုင်ငံဖြစ်သည်။ ထို့ကြောင့် အုပ်ချုပ်မှုစနစ်က နေရာတိုင်းတွင် ပွင့်လင်းမြင်သာမှုနှင့် ဆက်စပ်မှုမရှိဟု ဆိုနိုင်သည်။ ယင်းနှစ်နိုင်ငံစလုံးက ပြည်သူ့ကျန်းမာရေးကိစ္စတွင် ပွင့်လင်းမြင်သာမှုနှင့် ဆက်သွယ်ဆက်ဆံရေးသည် အလွန်အရေးကြီးကြောင်း သဘောပေါက်သောကြောင့်လည်း ဖြစ်သည်။
အထူးသဖြင့် ဗီယက်နမ်နိုင်ငံသည် ယခု COVID-19 အကျပ်အတည်းတွင် ချီးကျူးခံရရန် ထိုက်တန်လေသည်။ ၂၀၀၃ ခုနှစ် SARS ရောဂါဖြစ်ပွားစဉ် ဗီယက်နမ်အစိုးရသည် တရုတ်အစိုးရကဲ့သို့ပင် ပြုမူခဲ့သည်။ အစပထမ၌ ပြဿနာကို ငြင်းပယ်သည်။ ဖုံးကွယ်သည်။ နိုင်ငံတကာကျန်းမာရေးအရာရှိများ၏ ဝင်ရောက်ဆောင်ရွက်ပေးမှုကို ငြင်းပယ်သည်။ လူထုနှင့် ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ဆက်သွယ်ဆက်ဆံရန် ပျက်ကွက်ခဲ့သည်။ ဒုက္ခတွေ့စေသည့် အစောပိုင်းတုံ့ပြန်မှု များပြီးနောက်မှ ဗီယက်နမ်အစိုးရက မူလလမ်းကြောင်းကို ပြောင်းပြန်ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်း၌ ဗီယက်နမ်အစိုးရသည် ပွင့်လင်းမြင်သာမှုနှင့် ထိရောက်သော ဆက်သွယ်ဆက်ဆံရေးအတွက် စံပြုစရာ ဖြစ်လာခြင်း ဖြစ်သည်။
ယင်းနှစ်နိုင်ငံအနက် စင်ကာပူနိုင်ငံမှာ လက်ရှိ COVID-19 ဒုတိယလှိုင်းတွင် အကြီးအကျယ်ခံနေရသည်။
မြန်မာ့နိုင်ငံရေးလေ့လာသူများ အမြဲမပြတ်ညွှန်းဆိုခဲ့သည့် အင်ဒိုနီးရှားနိုင်ငံမှာ သင့်တင့်သည့် စာနယ်ဇင်း လွတ်လပ်ခွင့်ရှိသော ဒီမိုကရေစီနိုင်ငံဟု ဆိုနိုင်သည်။ သို့သော် သမ္မတသည် COVID-19 ပြဿနာနှင့် ပတ်သက်၍ လျှော့တွက်ပြောဆိုခဲ့သည်။ ယင်းနောက်မှ သူသည် တိုင်းရင်းဆေးဝါးများနှင့်ပတ်သက်၍ အဓိပ္ပာယ်မရှိသည်များကို ဆွယ်တရားဟောနေစဉ် COVID-19 ပြဿနာကို လျှော့တွက်မိကြောင်း လူသိရှင်ကြား ဝန်ခံခဲ့သည်။
အာဆီယံထိပ်သီးနိုင်ငံဟုဆိုနိုင်သည့် ထိုင်းနိုင်ငံတွင်မူ ၃၁၆၂ ဦး ကူးစက်ခံရပြီး သေဆုံးသူ ၅၈ ဦး ရှိခဲ့သည်။
ထိုင်းနိုင်ငံမှာမူ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ခေါင်းဆောင်များက ပြည်ပမှလာရောက်သူများကို အပြစ်လွှဲချစရာအဖြစ် ဓားစာခံရှာခဲ့ပြီး စွပ်စွဲပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ ဝန်ကြီးချုပ်ကိုယ်တိုင်က တစ်ခါတစ်မျိုးဆိုသလို ဆန့်ကျင်ဘက်စကားများကို ပြောဆိုနေသကဲ့သို့ ဖြစ်နေခဲ့သည်။
COVID-19 မပြီးမီအထိ ကျောင်းများကို ပိတ်ထားမည်ဟု သမ္မတက ကြွေးကြော်ထားသည့် ဖိလစ်ပိုင်နိုင်ငံတွင်မူ ပြည်သူများက အချက်အလက်များကို သိလိုနေချိန်၌ သမ္မတဒူတာတေးက ကွာရန်တင်း ချိုးဖောက်သူများကို ပစ်သတ်မည်ဟု ရုန့်ရင်းကြမ်းတမ်းစွာ ခြိမ်းခြောက်ခဲ့သည်။
COVID-19 စီမံခန့်ခွဲမှုက အောက်ခြေမှာ ဘယ်လိုရှိသလဲ
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ဇိနမာန်အောင်စေတီတော် ပရဝုဏ်အတွင်း ဖွင့်လှစ်ထားသည့် Quarantine စင်တာတွင် စောင့်ကြည့်ခံရသူ မရှိတော့သဖြင့် ပိတ်သိမ်းနိုင်ခြင်းရှိမရှိအား ရန်ကုန်အစိုးရအဖွဲ့က ကြိုတင်အကြောင်းကြားခြင်းမရှိသည့် အကြောင်းအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်းက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
“ Quarantine Centre ပိတ်ပြီတဲ့။ မနက် (၈း၃၀) မှာ Q Centre က Volunteer တွေ ဖုန်းဆက်လာတယ်။ ဝန်ကြီးမိုးမိုးစုကြည်ကို ဆက်တော့ လူမရှိရင်ပိတ်လို့ရပြီ ခရိုင်ကပဲ ဆက်ကိုင်တော့မယ်ပြောတယ် ဒါကပြဿနာမရှိဘူး။ ပိတ်မယ်ဆို တစ်ရက်လောက်ကြိုပြောတော့ ဘာဖြစ်မှာမို့လို့လဲ။ ခုတော့ Ambulance ကားမောင်းသူများ Volunteer တွေကို ဒီနေ့မှ ကြိုမပြောဘဲ ပိတ်ပြီဆိုတော့ လာကူတဲ့လူတွေကို မလေးစားသလိုဖြစ်တယ်။ အားလုံးဟာ စေတနာနဲ့ လာလုပ်ပေးကြတဲ့သူတွေပါ။ ကျေးဇူးမတင်ရင်နေ အဲလိုတော့ မလုပ်သင့်ဘူးလေ။ အမေစုက Volunteer တွေကို ကျေးဇူးတင်ကြောင်း ပြောနေတယ်။ ဒီမှာတော့ ပိတ်ပြီပြန်တော့ဆိုတော့ လုပ်ပုံလုပ်နည်းလေးတွေကို ပြောပါတယ်။ လုပ်ပေးသူတွေက ပြောတယ်။ သူတို့ ရင်ထဲအောင့်သက်သက်နဲ့ ခံစားရတယ်တဲ့။ (ဒီလိုရေးလို့မှ ဂုဏ်ပြုပွဲလုပ်ဖို့ စီစဉ်ပါမယ်ဆိုရင်တောင်) ရှိနေတဲ့သူကိုလေးစားပါ။ ငါလက်ရှိ အာဏာရှိတယ် ငါခေါ်ရင်လာကြရမယ်ဆိုတာမျိုး မလုပ်ကြပါနဲ့။ အခုဘယ်ခေတ်ရောက်နေပြီလဲ” ဟု ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရသည်။
အလားတူ ထိုင်းနိုင်ငံမှ အဓိက ဝင်ရောက်လာသူများရှိသည့် တနင်္သာရီတိုင်းဒေသကြီးတွင်လည်း ဌာနဆိုင်ရာများ၏ ပူးပေါင်းပါဝင်မှု အားနည်းချက်များရှိသည်ဟု ဒေသခံလူမှုအဖွဲ့အစည်းအချို့က ပြောကြားသည်။
“Quarantine Centre တွေမှာ ကျွန်တော်တို့ ဖြစ်စေချင်တာက Quarantine ဝင်တယ်ဆိုကတည်းက သူတို့တွေကို ကျန်းမာရေးစနစ်တကျ စောင့်ရှောက်မှုပေးတဲ့နေရာလို့ ကျွန်တော်တို့မြင်တယ်။ အဲဒီမှာ ထားတဲ့အဖွဲ့တွေသည် အမြဲတမ်းလူစုံနေမှ အဆင်ပြေမယ်။ လုံခြုံရေးပိုင်းဆိုလည်း ရဲတပ်ဖွဲ့က ရှိမယ်။ အထွေထွေ ကိစ္စတွေဆိုလည်းကူညီပေးမယ့် Volunteer အဖွဲ့တွေရှိမယ်။ ကျန်းမာရေးဆိုလည်း ကျန်းမာရေးကနေ ပုံသေရှိမယ်။ ဝန်ထမ်းတွေ ရှိစေချင်တယ်ပေါ့။ အခုကကျန်းမာရေးကတော ့မနက်ပိုင်း အဖျားတိုင်းတဲ့အချိန်ရှိမယ်။ Swab ယူတဲ့အချိန်မှာ ယူပြီးရင်ပြီးပြီ။ ဆိုတော့ Quarantine Center ထဲမှာ နေချင်သလိုနေ သွားချင်သလိုသွား။ ရဲကလည်းသွားပြောရင် ခဏပဲရတယ်လေ။ ဆိုတော့ထိန်းကွပ်ကြပ်မတ်မှု အားနည်းတယ်” ဟု ထားဝယ်မြို့အခြေစိုက် ဇမ္ဗူသီရိအရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ ့ဥက္ကဋ္ဌ ကိုနိုင်မျိုးသွင်က ပြောကြားသည်။
နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသူများကို စစ်ဆေးရာတွင်လည်း တင်းကျပ်မှုမရှိသဖြင့် ပြည်ပမှ ပြန်ဝင်လာသူများတွင် ရောဂါပိုးကူးစက်လာမည့်သူ ပါဝင်လာမည်ကို စိုးရိမ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး COVID-19 ကာကွယ်တားဆီးရေး စေတနာ့ဝန်ထမ်းအဖွဲ့မှ ကိုဝေဖြိုးက ပြောကြားသည်။
“ အစိုးရအနေနဲ့ နယ်စပ်ဂိတ်တွေကို မထိန်းနိုင်တာတွေ ရှိပါတယ်။ မလွဲွှတောင်ဂိတ်မှာတောင် ဖြစ်ချင်ရာဖြစ်နေကြတာတွေ ရှိပါတယ်။ ကိုယ်တိုင်သွားလေ့လာပြီးမှ ပြောတာပါ။ ကိုယ်တိုင် မြင်တွေ့ လာခဲ့ရတာတွေကိုလည်း အကြံပြုပါတယ်။ ပြောပြပါတယ်။ မလွှဲတောင်ဂိတ်မှာဆိုရင် ကားနဲ့ဖြတ်ရင် နယ်ကျော်ဆိုပြီး Q ဝင်ရမှာစိုးလို့ တိုင်းထဲဝင်မယ့်သူတွေက ဆိုင်ကယ်ကယ်ရီတွေနဲ့ တစ်ဆင့်ဖြတ်ပြီး ဝင်ပါတယ်။ ဆိုင်ကယ်တွေကိုကျတော့ စစ်ဆေးမေးမြန်းမှု သိပ်မရှိပါဘူး။ သူတို့စီးလာတဲ့ကားက ခပ်လှမ်းလှမ်းနေရာတွေကနေ စောင့်ပြီး ပြန်တင်သွားလေ့ရှိတယ်။ နောက်တစ်ခုက စျေးကားတွေမှာ လူတင်ပြီး ဖြတ်ဝင်တာတွေ ရှိတယ်။ ဒါတွေကိုမစီမံနိုင်ဘူး။ မတားဆီးနိုင်ဘူး” ဟု COVID-19 ကာကွယ်တားဆီးရေး စေတနာ့ဝန်ထမ်းအဖွဲ့မှ ကိုဝေဖြိုးက ပြောကြားသည်။
မြေပြင်တွင် အမှန်တကယ်လုပ်ဆောင်နေသည့် အခြေအနေများတွင် အရေးပေါ်ဖြစ်လာပါက လက်တွေ့ဆန်ဆန်ဆုံးဖြတ်ချက် ချပေးနိုင်မည့်သူ မရှိခြင်း၊ ပရဟိတအဖွဲ့များက အားတက်သရော လုပ်ဆောင်နေသော်လည်း ဌာနဆိုင်ရာများ၏ ပူးပေါင်းလုပ်ဆောင်မှု အားနည်းခြင်း၊ ထုတ်ပြန်ခဲ့သည့်အမိန့်များ အောက်ခြေတွင် အကောင်အထည်ဖော်ခြင်း ရှိ မရှိ စစ်ဆေးမှုမရှိခြင်းများမှာ မြေပြင်တွင် လက်တွေ့ဖြစ်ပေါ်နေသည့် အမှန်တရားတစ်ခုဖြစ်သည်ဟု တနင်္သာရီတိုင်းဒေသကြီးမှ ပရဟိတအဖွဲ့များက ဆိုသည်။
“ ဌာနဆိုင်ရာတွေ COVID-19 ထိန်းချုပ်ရေး တိုင်းကော်မတီအဖွဲ့ကနေ အစဉ်တစိုက်မြို့နယ်အလိုက် နေ့တိုင်း အချိန်ပြည့် လိုက်လံကြည့်ရှုစစ်ဆေးနေဖို့ လိုတယ်။ အခုက ဒါမျိုးမရှိဘူး။ အားနည်းတယ်” ဟု ထားဝယ်မြို့ အခြေစိုက် ဇမ္ဗူသီရိ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ ့ဥက္ကဋ္ဌ ကိုနိုင်မျိုးသွင်က ပြောကြားသည်။
အချိန်ပြည့်စောင့်ကြပ်မှုမရှိသဖြင့် လစ်ဟာမှုများ ရှိနေသည့်အပေါ် အစိုးရဘက်မှ ကြီးကြပ်နိုင်မှု အားနည်းခြင်းများ ရှိကြောင်းလည်း တွေ့ရှိရသည်။ ဥပမာအနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၌ ပထမဆုံးအဖြစ် COVID-19 Positive အဖြေထွက်ပေါ်ခဲ့သော မလေးရှားနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် Case-185 အမျိုးသားနှင့်ပတ်သက်၍ ှQuarantine စခန်း၌ စောင့်ကြပ်မှုအားနည်းခြင်းကြောင့် အပူတပြင်း လိုက်လံရှာဖွေခဲ့ရခြင်းနှင့် ဒေသတွင်းပြည်သူများအကြား ကူးစက်ပျံ့နှံ့မည်ကို စိုးရိမ်ခဲ့ရသည့် အနေအထားများ ရှိကြောင်း၊ ထိုသို ့ဖြစ်ပေါ်ရခြင်းမှာ သက်ဆိုင်ရာဌာနနှင့် အစိုးရမှ Quarantine စခန်းများအပေါ် ထိန်းသိမ်း ကြပ်မတ်နိုင်မှု အားနည်းချက်ကြောင့် ယိုပေါက်များ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု ကိုနိုင်မျိုးသွင်က သုံးသပ်သည်။
ထို့ပြင် Quarantine စခန်းများတွင် လက်အိတ်များ၊ နှာခေါင်းစည်းများ လုံလောက်မှုမရှိခြင်းများကြောင့် Volunteer အဖွဲ့များက ပြန်လည်လှူဒါန်းရခြင်းပင်ရှိသည်ဟု ကိုနိုင်မျိုးသွင်က ဆိုသည်။
“ ကျန်းမာရေးဘက်ကတော့ သူတို့ဆီမှာ လေးနှစ်စာလောက်အထိ သုံးလို့မကုန်အောင် ပစ္စည်းတွေရှိတယ်ပေါ့။အောက်ခြေမှာကတော့ လုံလောက်မှုမရှိဘူးပေါ့။ ဒီလိုတွေရှိတယ်” ဟု ထားဝယ်မြို့အခြေစိုက် ဇမ္ဗူသီရိ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုနိုင်မျိုးသွင်က ပြောကြားသည်။
အလားတူ ပြည်မြို့တွင်လည်း အရပ်ဘက်အဖွဲ့အစည်းများက အင်တိုက်အားတိုက်ဆောင်ရွက်ခြင်းများ ရှိသော်လည်း ဌာနဆိုင်ရာဘက်မှ ပူးပေါင်းဆောင်ရွက်မှု အားနည်းသည်ဟု ပြည်မြို့ရှိ အဖြူရောင် လူငယ်ပရဟိတအဖွဲ့မှ ကိုနေဇာက ပြောကြားသည်။
“ ပြည်မှာကတော့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေပေါ့။ အရပ်ဘက် အဖွဲ့အစည်းတွေ အားကောင်းတယ်။ ဒါပေမဲ့ သက်ဆိုင်ရာမြို့နယ် ထွေအုပ်နဲ့ စစချင်းလုပ်ကတည်းက ပူးပေါင်းမှု အားနည်းတယ်။ ကျွန်တော်တို့ သာမန်ရိုးရိုးမြင်တွေ့နေကျအတိုင်း လုပ်ခဲ့တာဆိုတော့ တကယ်လို့သာ တစ်ခုခုဖြစ်လာခဲ့ရင် မထိန်းနိုင် မသိမ်းနိုင် ဖြစ်လာနိုင်တယ်။ ပြောချင်တာကတော့ ကျွန်တော်တို့လုပ်တာ နည်းစနစ်မကျဘူး။ ကျွန်တော်တို့ စလုပ်တဲ့အချိန်မှာ တတ်သိနားလည်တဲ့ သူတွေမရှိဘူး။ ဘေးက ကြီးကြပ်ပေးမယ့်သူ မရှိဘူး။ ထောက်ပ့ံမှုအပိုင်းမှာလည်း အစပိုင်းမှာ မရှိခဲ့ဘူး။ နောက်ပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေဆီ အလှူငွေတွေ ဝင်တယ်ပြောတယ်။ တစ်ခရိုင်ကို ဘယ်လောက်ဆိုပြီး။ ဒါပေမဲ့ စစချင်းမှာ ပြည်မြို့က အလှူရှင်ပရဟိတအဖွဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရပ်တည်ရတယ်” ဟု အဖြူရောင်လူငယ်ပရ ဟိတအဖွဲ့မှ ကိုနေဇာက ပြောကြားသည်။
COVID-19 ကာလမှာ မည်သည့်အချိန်ထိ ကြာမြင့်မည်ကို မည်သူမျှ မပြောနိုင်သေးဘဲ လတ်တလောတွင် Quarantine စင်တာများ၌ အခက်အခဲအချို့ စတင်ကြုံတွေ့လာရပြီဖြစ်သည်။ အလှူရှင်များ နည်းပါးလာခြင်း၊ Quarantine ဝင်သူများအတွက် ရိက္ခာလုံလောက်မှု မရှိခြင်းများမှာ အဓိကအခက်အခဲ ဖြစ်လာမည်ဖြစ်သည်။
“ လက်ရှိအခြေအနေက ကျွန်တော်တို့စခန်းမှာ ပိုက်ဆံငွေရေးကြေးရေး အခက်ခဲလေးတွေရှိတယ်။ ဘာလို့ဆိုဖွင့်လာရတာလည်း ဒီနေ့ဆို ၈၅ ရက်ပြည့်ခဲ့ပြီ။ ရက်တွေကြာလာပြီ။ ၆၈ ယောက်ကျန်နေသေးတယ်။ ရက်ရှည်လာတော့ အခက်အခဲလေးတွေ ရှိလာတယ်။ ကျွန်တော်တို့စရောက်တုန်းက ၁၈၀၊ ၁၉၀။ အခု ၆၈ ယောက် အနည်းဆုံးပေါ့။ နေ့စဉ် ကျွေးစရိတ်၊ နေ့စဉ် အသုံးစရိတ်။ သူတို့လာပြီဆိုကတည်းက စောင် ခြင်ထောင်အလှူရှင်တွေရှိလို့သာ ရပ်တည်နေတာ” ဟု ကိုနေဇာက ပြောကြားသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့အဝင်တွင် တာဝန်ထမ်းဆောင်နေသူ စိတ္တသုခ လူမှုကူညီရေးအသင်းမှ ဦးသန်းနိုင်ဦးက “ တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ပုံငွေချမပေးတော့ ကိုယ့်မြို့နယ်နဲ့ ကိုယ်အလှူရှင်နဲ့ လုပ်ရတယ်။ အခုချိန်အထိ တိုင်းဒေသကြီးအစိုးရအဖွဲ့က Quarantine မှာ ကုန်ကျစရိတ်တွေ ချကိုမပေးသေးဘူး။ တချို့လည်းတင်တော့ တင်ထားတယ်။ ကိုယ့်အလှူငွေကို ပြန်ပြီးတော့ တောင်းခံနေရတာကိုက ဟန်မကျဘူး” ဟု ပြောကြားသည်။
COVID-19 ကာလတွင် ပြတ်သားသော ခေါင်းဆောင်မှုသည်သာမက ဝန်ကြီးဌာနများအကြားနှင့် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် နိုင်ငံအဆင့်၌ နိုင်ငံတော်အာဏာများကို ထိရောက်စွာ စုစည်းဆောင်ရွက်ခြင်းသည်လည်း အရေးကြီးသည်။ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိရောက်စွာ တုံ့ပြန်ရေး၌ အစိုးရတစ်ရပ်လုံး အတိုင်းအတာဖြင့် ချဉ်းကပ်ရန် လိုအပ်သည်။
စားနပ်ရိက္ခာ ထောက်ပ့ံမှုနှင့် ပြည်သူ့ကျန်းမာရေးကိစ္စတို့ကို ကိုင်တွယ်ရန် လွှမ်းခြုံနိုင်သည့် မဟာဗျူဟာတစ်ရပ် ရှိထားသည့် အစိုးရအဖွဲ့များအနေဖြင့် ကျယ်ပြောသော စီးပွားရေးလှုံ့ဆော်မှု (Stimulus Package) ကို ဖန်တီးပြီး စီးပွားရေးကျဆင်းမှုကို လျှော့ချကာ ပြည်သူတို့၏ ယုံကြည်မှုနှင့် အားကိုးမှုများကို ရရှိနိုင်သည်။ ယင်းအတွက် ဝန်ကြီးဌာနများအကြား ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်သာဖြစ်၏။
မည်သို့ပင်ဆိုစေ၊ ဗိုင်းရပ်စ် ကူးစက်ခံရမှုများက လူတန်းစား၊ ချမ်းသာကြွယ်ဝမှု၊ လူမျိုး၊ အဆင့်အတန်းတို့နှင့် မဆိုင်ကြောင်းကိုလည်းကောင်း အဆင်းရဲဆုံးနှင့် အနိမ့်ကျဆုံး လူများအပေါ် ကျန်းမာရေး စောင့်ရှောက်မှုပေးရမည့် တာဝန်ကို အစိုးရအနေဖြင့် ပျက်ကွက်ပါက တစ်နိုင်ငံလုံးရှိ မည်သူ့အပေါ်ကိုမဆို လာရောက်ရိုက်ခတ်နိုင်ကြောင်းကိုလည်းကောင်း COVID-19 သတိပေးခဲ့ပြီးဖြစ်ရာ အသက်သာဆုံးဖြစ်အောင် စီမံဆောင်ရွက်နိုင်ရန်မှာ အစိုးရအဖွဲ့၏ တာဝန်သာ ဖြစ်သည်။