COVID-19 မပြီးသေးသော အခြေအနေနှင့့် ကျန်းမာရေးလမ်းညွှန်ချက်များအပေါ် လိုက်နာမှု လျော့ရဲသွားကြပြီလား

COVID-19 မပြီးသေးသော အခြေအနေနှင့့် ကျန်းမာရေးလမ်းညွှန်ချက်များအပေါ် လိုက်နာမှု လျော့ရဲသွားကြပြီလား
YBS ယာဉ်တစ်စီးပေါ်တွင် ခရီးသည်များ ကျပ်ညပ်စွာစီးနေရသည်ကို တွေ့ရစဉ်
YBS ယာဉ်တစ်စီးပေါ်တွင် ခရီးသည်များ ကျပ်ညပ်စွာစီးနေရသည်ကို တွေ့ရစဉ်
Published 28 June 2020
အိသဥ္ဇာကျော်

ကမ္ဘာ့နိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုမှာ နှစ်ဝက်ကျော် ရှိလာပြီဖြစ်ပြီး လက်ရှိအထိ အရှိန်လျော့သွားခြင်း မရှိသေးဘဲ နိုင်ငံအချို့၌ ကူးစက်နှုန်း ပြန်လည်မြင့်တက်ဆဲပင် ရှိသေးသည်။  ကပ်ရောဂါအရှိန်မြင့်တက်နေဆဲဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးထားပြီးနောက် ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသည် လူဦးရေ ကိုးသန်းအထိ ရှိလာခဲ့သည်။ 

အလားတူ မြန်မာနိုင်ငံနှင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင် ဇွန် ၂၆ ရက်၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအသစ် ၁၇၂၉၆ ဦး ရှိခဲ့သဖြင့် နိုင်ငံတစ်ဝန်း ကူးစက်သူစုစုပေါင်းသည် သန်းဝက်နီးပါးအထိ မြင့်တက်လာခဲ့သည်။ ဇွန်လ တတိယပတ်အထိ မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံအချို့၌ တစ်ရက်အတွင်း COVID-19 ဓာတ်ခွဲ အတည်ပြုလူနာအသစ် ၂၀၀၀၀ ကျော်ရှိနေပြီး နေ့စဉ်လူနာသစ်များ ဆက်လက်တွေ့ရှိနေဆဲဖြစ်သည်။

မြန်မာနိုင်ငံတွင် ဇွန် ၂၇ ရက် နံနက်ပိုင်းအထိ ပိုးတွေ့လူနာ ၂၉၃ ဦးရှိပြီး သေဆုံးသူ ခြောက်ဦးရှိသည်။ ပိုးတွေ့လူနာများအနက် ၂၁၅ ဦး ပိုးကင်းစင်ပြီဖြစ်၍ ပိုးကင်းစင်နှုန်း ၇၃ ရာခိုင်နှုန်းကျော်ရှိပြီဖြစ်သည်။   ကျန်းမာရေးဝန်ကြီးဌာနက COVID-19 ရောဂါသက်သာသွားသူများ၏ သွေးရည်ကြည်အသုံးပြု၍ ပိုးတွေ့ပြင်းထန်လူနာများကို ကုသပေးနေရာ လက်ရှိအထိ ကုသပျောက်ကင်းသူ ခုနစ်ဦးရှိပြီဟု ဆိုသည်။

မြန်မာနိုင်ငံရှိ COVID-19 လူနာများနှင့်ပတ်သက်၍ နောက်ဆုံးရအခြေအနေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက “ ပြန်ကောင်းသက်သာတဲ့ လူနာရဲ့သွေးရည်ကြည်ကို အသုံးပြုပြီး ကုသပျောက်ကင်းသူ ခုနစ်ဦးရှိပါပြီ။ ဒါဟာ ဝမ်းသာစရာပါ။ သေဆုံးသူ မတွေ့ရှိတာလည်း ကြာပြီဖြစ်သလို အထူးကြပ်မတ်ကုသ ခံယူနေရသူလည်း မရှိတော့ပါဘူး။ ကိုယ်ဝန်ဆောင်နှစ်ယောက်လည်း စိတ်ချနေရပါပြီ။ လူနာတွေ့ရှိမှုအနေနဲ့လည်း ပြည်ပကဝင်လာသူတွေမှာ ၁၃၃ ယောက်ရှိပြီး ပြည်တွင်းကူးစက်မှုက ၁၆၀ ဦး ရှိပါတယ်။ တိုင်းဒေသကြီး ပြည်နယ်အလိုက် ကြည့်မယ်ဆိုရင် ကယားပြည်နယ်ကလွဲပြီး ကျန်ပြည်နယ်နဲ့ တိုင်း မှာ ပိုးတွေ့နေပေမဲ့ သေချာခြုံငုံကြည့်ရင် ပြည်ပက ကူးစက်မှုပဲ ရှိနေတဲ့ တိုင်းနဲ့ပြည်နယ် ငါးခုရှိပါတယ်။ ဒေသတွင်း ကူးစက်မှုပဲရှိနေတာက ၁၀ ခုနဲ့ ရန်ကုန်တိုင်းအနေနဲ့ကတော့ နှစ်မျိုးစလုံးရှိနေတာကို တွေ့နိုင်ပါတယ်။ ရန်ကုန်တိုင်းက အများဆုံးတွေ့ရှိရပြီး ၂၀၄ ဦးရှိတာကို တွေ့မြင်နိုင်ပါတယ်။ လူနာတွေကို Facility Quarantine မှာ တွေ့ရှိရမှုအများဆုံးဖြစ်ပြီး ၆၇ ရာခိုင်နှုန်းရှိပါတယ်။ စောင့်ကြည့်လူနာမှာ တွေ့ရှိမှုကတော့ ၂၂ ရာခိုင်နှုန်း ရှိပါတယ်။ အခြား Quarantine တွေကနေ ပိုးတွေ့ရှိမှု ၁၁ ရာခိုင်နှုန်းရှိနေတာကို တွေ့ရပါတယ်။ ပြည်ပကူးစက်မှုတွေထဲမှာ အိန္ဒိယက အများဆုံးဖြစ်ပြီး ၄၆ ယောက်အထိ ရှိပါတယ်။ သူ့နောက်မှာ ထိုင်းက ၂၆ ယောက်နဲ့  မလေးရှားက ၁၈ ယောက်၊ ဘင်္ဂလားဒေ့ရှ်က ကိုးယောက်ရှိပါတယ်။ အာဆီယံနိုင်ငံတွေမှာ စဉ်ကြည့်ရင် မြန်မာနိုင်ငံက အဆင့် ခုနစ်နေရာမှာ ရှိနေပါတယ်။ ဒါကြောင့် လက်ရှိအနေအထားမှာ လုံးဝပေါ့လို့ မရသေးတဲ့ အဆင့်ပါ။ စိုးရိမ်နေရုံနဲ့ မပြီးပဲ လုပ်ဆောင်သင့်တာတွေကို ပြည်သူတွေက အဓိကပါဝင်ပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု ဆိုသည်။

လတ်တလောအခြေအနေတွင် လူနာတွေ့ရှိနှုန်း ယခင်ထက် လျော့နည်းသွားခြင်း၊ နိုင်ငံတွင်း ကူးစက်နှုန်း ကျဆင်းသွားခြင်း၊ အသွားအလာကန့်သတ် စောင့်ကြည့်ထားသော ပြည်တော်ပြန်များတွင်သာ COVID-19 ပိုးတွေ့ရှိ လာ၍ ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များအပေါ် လိုက်နာဆောင်ရွက်မှု အားနည်းလာသည်။

ထိုသို့ လိုက်နာမှုအားနည်းနေခြင်းသည် ပြည်တွင်း၌ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ပြီဖြစ်သော COVID-19 ကူးစက်ပြန့်ပွားနှုန်းကို အရှိန်လျော့စေသည်ဟု မြန်မာနိုင်ငံဆရာဝန်အသင်းမှ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာစည်သူက သုံးသပ်ပြောကြားသည်။

“ မြန်မာနိုင်ငံမှာ COVID-19 စဖြစ်တဲ့အချိန်တုန်းက လူအများစုက တော်တော်ကြောက်ကြတော့ နှာခေါင်းစည်းဆို မရမကရှာ စျေးကြီးပေးဝယ် တပ်ကြတယ်။ လက်ဆေးဆိုဆေးကြတယ်။ တစ်ယောက်နဲ့ တစ်ယောက်ခွာနေကြ အပြင်မထွက်နဲ့ဆို လုံးဝကို မထွက်ရဲကြဘူး။ ပိုးသတ်ဆေးတောင် လူပေါ်ထိဖျန်းပြီး ပိုးသတ်ခဲ့ကြသေးတာ။ အခု သွားကြည့်။ လိုက်နာသူက လက်ချိုးရေလို့ ရနေပြီ။ အပြင်မထွက်နဲ့ဆိုလည်း အေးဆေးပဲ။ စားသောက်ဆိုင်၊ ဘီယာဆိုင်၊ လက်ဖက်ရည်ဆိုင်တွေမှာ တန်းကိုစီလို့။ စားဝတ်နေရေးရှိကြလို့ ဆိုင်တွေ ပြန်ဖွင့်ခွင့်ပေးတယ်။ စက်ရုံ အလုပ်ရုံတွေ ပြန်လည်ပတ်ခွင့်ရတယ် ဆိုပေမဲ့ မြန်မာနိုင်ငံမှာ COVID-19 က ပြီးသွားတာ မဟုတ်ဘူးလေ။ စည်းကမ်းလိုက်နာပါ။ မပေါ့ကြပါနဲ့။ COVID-19 က မပြီးသေးပါဘူး” ဟု ဒေါက်တာစည်သူက ဆိုသည်။

မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှုကို ယခုအချိန်တွင် အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်သော်လည်း ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများတွင် ကူးစက်မှုများ တွေ့နေရဆဲဖြစ်၍ COVID-19 ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဆိုင်ရာ အချက်လေးချက်ကို မဖြစ်မနေလိုက်နာရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။

ထိုအချက်လေးချက်မှာ တတ်နိုင်သမျှ မိမိတို့၏ နေအိမ်တွင်သာ နေထိုင်ပြီး လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ လုံးဝမသွားကြရန်၊ ပါးစပ်နှင့် နှာခေါင်းစည်းကို လူစုလူဝေးရှိရာနေရာများသို့ သွားသည့် အခါတိုင်းတပ်ဆင်ကြရန်၊ အခြားသူများနှင့် တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ရန်၊ ဖြစ်နိုင်ပါက အနည်းဆုံး ခြောက်ပေအကွာမှသာ နေထိုင်ပြောဆိုဆက်ဆံကြရန်နှင့် လက်ကို ရေနှင့် ဆပ်ပြာ အသုံးပြု၍ စက္ကန့် ၂၀ ကြာအောင်စနစ်တကျ မကြာခဏဆေးကြောရန် သို့မဟုတ် လက်သန့်စင်ဆေးရည်နှင့် ဆေးကြောရန်တို့ ဖြစ်သည်။

“ လက်ဖက်ရည်ဆိုင်တွေနဲ့ ဘီယာဆိုင်တွေမှာ မြင်တွေ့နေရတဲ့ အနေအထားကတော့ လူတွေအနေနဲ့ ကျန်းမာရေးလမ်းညွှန်ချက်တွေအပေါ် လွန်ခဲ့တဲ့ တစ်လ၊ နှစ်လ လောက်တုန်းကလို အလေးမထားကြတော့တာ တွေ့နေရတယ်။ တချို့ဆိုင်တွေမှာဆို လူတွေအုံခဲနေလိုက်တာ စတုဒိသာကျွေးနေတဲ့အတိုင်းပဲ။ ဘယ်ကတည်းက အောင့်ထားရသလဲမသိပါဘူး။ ပိုက်လုံးကလေးကို ပလတ်စတစ်လေးဆိုင်းပြီး စားပွဲခုံအလယ်မှာ ကန့်လန့်ဖြတ်ချထားတယ်။ ဒီတော့ အတူလာတဲ့ လူချင်းအတူတူ ပလတ်စတစ် တစ်ချပ်ခြားနဲ့ စကားပြောရတယ်။ အတူမလာတဲ့ ဟိုဘက်ဝိုင်းနဲ့ကျတော့ ဘာမှခြားမနေဘူးလေ။ ဒီတော့ ခါးတောင်းကျိုက် တခြား ဘာတခြားပေါ့။ ပြောရရင် မကြောက်ကြတော့တာလား။ တော်တော်ကြောက်ခဲ့ပြီးပြီမို့ ထုံသွားတာပဲလားတော့ မသိဘူး” ဟု ရန်ကုန်မြို့ရှိ ဘီယာဆိုင်များကို ပုံမှန်သွားလေ့ရှိသူတစ်ဦးက ပြောပြသည်။

COVID-19 ရောဂါသည် ရောဂါပျိုးချိန်၏ နှစ်ဆတာ ကာလဖြစ်သော ရက်ပေါင်း ၂၈ ရက်အတွင်း ရောဂါဖြစ်ပွားသူ တစ်ဦးမျှ မရှိမှသာ ရောဂါကူးစက်ဖြစ်ပွားခြင်းမရှိဟု ယူဆနိုင်၍ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးအသိပညာပေး နှိုးဆော်ချက်များနှင့် လမ်းညွှန်ချက်များအား ဆက်လက်လိုက်နာဆောင်ရွက်ကြရန် ဝန်ကြီးဌာနက ထပ်မံအသိပေးနှိုးဆော်ထားသည်။

ကူးစက်ရောဂါတစ်ခုခုကြောင့် ဖြစ်ပွားသော ကပ်ရောဂါ၏ သဘောသဘာဝဆိုသည်မှာ ဖြစ်ပွားမှုနှုန်း တဖြည်းဖြည်းမြင့်တက်လာခြင်း သို့မဟုတ် ဖြစ်ပွားမှုနှုန်းတန့်နေခြင်း သို့မဟုတ် တဖြည်းဖြည်းကျဆင်းလာခြင်း သို့မဟုတ် ရုတ်တရက်ထပ်မံမြင့်တက်လာခြင်းမျိုး ရှိနိုင်ကြောင်း၊ ယခုလိုကာလအချိန်မျိုး၌ မည်သည့်ဘက်သို့ ဦးတည်သွားမည်ကို တစ်ထစ်ချ ခန့်မှန်းပြောဆိုရန် အချိန်အနည်းငယ် စောလွန်းနေပြီး ပြည်သူများ သိရှိရမည့် အချက်တစ်ချက်မှာ ရောဂါဖြစ်ပွားသူများ နေရာအနှံ့အပြားမှ အစုလိုက်အပြုံလိုက် တစ်ပြိုင်နက်တည်းနီးပါး ပေါ်လာခြင်းမျိုးရှိနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လောလောဆယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဆောင်ရန်၊ ရှောင်ရန်အချက်များကို မလိုက်နာသူများ ရှိနေနိုင်ခြင်းနှင့် ရောဂါပျိုးချိန်ကာလအတွင်း၌ရှိနေပြီး ရောဂါလက္ခဏာမပြသေးသူများ၊ ရောဂါ မဖြစ်သေးသူများ ရှိနေနိုင်ခြင်းတို့ကြောင့် တစ်ချိန်တည်း တစ်ပြိုင်နက်နီးပါး ရောဂါကူးစက်ပြန့်ပွားမှု အများအပြား ဖြစ်လာနိုင်ကြောင်းနှင့် ထိုသို့ ရောဂါကူးစက်မှုများသည် နေရာအနှံ့အပြား၌ တစ်ပြိုင်နက် ပေါ်ပေါက်လာပါက ရောဂါထိန်းချုပ်ရန် ခက်ခဲပြီး မနိုင်မနင်း ဖြစ်လာမည်ဖြစ်ကြောင်းလည်း သိရသည်။

ရောဂါတစ်ခုသည် ရောဂါပျိုးချိန် ရှည်ကြာလျှင်ရှည်သလောက် ပိုမိုအန္တရာယ်ရှိနိုင်ပြီး နေရာဒေသတစ်ခုတွင် ကပ်ရောဂါတစ်ခု၏ ရောဂါပျိုးချိန်အရှည်ကြာဆုံးကာလ၏ နှစ်ဆတာကာလအတွင်း ရောဂါဖြစ်ပွားသူ တစ်ဦးတစ်ယောက်မျှမရှိမှသာလျှင် အဆိုပါနေရာဒေသ၌ ရောဂါကူးစက်ဖြစ်ပွားခြင်းမရှိတော့ဟု ကောက်ချက်ချနိုင်ကြောင်းနှင့် ယခု COVID-19 ရောဂါတွင် ရောဂါပျိုးချိန်၏ နှစ်ဆတာကာလဖြစ်သော ၂၈ ရက်အတွင်း ရောဂါဖြစ်ပွားသူ တစ်ဦးတစ်ယောက်မျှ မရှိမှသာ ရောဂါကူးစက်ဖြစ်ပွားခြင်းမရှိတော့ဟု ယူဆနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

“ ရန်ကုန်မြို့တွင်းက စားသောက်ဆိုင်တွေက ဇွန်လဆန်းမှ ဖွင့်တာ။ မြို့ပြင်က ဆိုင်တွေက မေလကုန်လောက်ကတည်းက ဖွင့်တော့ မြို့တွင်းကလူတွေ မြို့ပြင်က ဆိုင်တွေကို သွားကြတာပေါ့။ မြို့ပြင်က ဆိုင်အများစုက နေရာကျယ်တော့ ၀ိုင်းတွေများမှန်း သိပ်မသိသာဘူး။ ကိုဗစ်ကာလဆိုတော့ လက်ဆေးဘေစင်တွေ၊ လက်သန့်ဆေးတွေ ထားပေးပါတယ်။ ကျန်းမာရေးအသိပေးချက်တွေလည်း ကပ်ထားသလို လူချင်းမနီးကပ်အောင် အကာအရံတွေ ထားပေးပါတယ်။ အစပိုင်းမှာ လူတွေက ကျန်းမာရေး အသိပေးချက်တွေကို လိုက်နာကြပေမဲ့ နောက်ပိုင်းတော့ပေါ့ လာကြတယ်။ လက်ခဏခဏ မဆေးတော့ဘူး။ လက်သန့်ဆေး မသုံးချင်တော့ဘူး။ စားပွဲကနေ တခြားနေရာကို ထတာနဲ့ Mask တပ်ရမယ့်ဟာ မတပ်ကြတော့ဘူး။ တစ်ဆိုင်လုံးအနှံ့ လျှောက်သွားနေကြတာပါပဲ” ဟု ကျောက်မြောင်းမြို့နယ်နေ ကိုစည်သူက သူ၏အတွေ့အကြုံကို ပြောပြသည်။

COVID-19 ရောဂါကာကွယ်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအပေါ် ပြည်သူလူထုမှ လိုက်နာမှုအခြေအနေကို စစ်တမ်းကောက်ယူခဲ့ပြီး ပဏာမတွေ့ရှိချက်များကို  ထုတ်ပြန်ကြေညာခဲ့သည်။

ထိုစစ်တမ်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ၂၀၂၀ ပြည့်နှစ် မေ ၇ ရက်မှ မေ ၂၃ ရက်အထိ လူဦးရေ ၁၃၆၆၃ ဦးဖြေဆိုခဲ့ကြပြီး ဖြေဆိုသူများ၏ ပျမ်းမျှအသက်မှာ ၃၄ နှစ် (၁၂ နှစ်မှ ၇၅ နှစ်အထိ)နှင့် ဘွဲ့ရသူအများစုဖြစ်ရာ ၅၆ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်သည်။ ဖြေဆိုသူ လေးဦးတွင် သုံးဦးမှာ ရန်ကုန်တိုင်းဒေသကြီး သို့မဟုတ် မန္တလေးတိုင်းဒေသကြီးမှ ဖြစ်ကြပြီး လက်ဆေးခြင်း အလေ့အထ၊ နေ့စဉ်လူနေမှုဘဝတွင် ခပ်ခွာခွာနေထိုင်ခြင်း၊ အိမ်တွင် နေထိုင်ခြင်း၊ နှာခေါင်းစည်း တပ်ဆင်ခြင်း၊ သတင်းအချက်အလက်ရရှိမှုတို့ကို အခြေခံမေးမြန်းထားခြင်းဖြစ်သည်ဟု သိရသည်။

သုတေသနတွင် ဖြေဆိုသူများအနက် လူနှစ်ဦးလျှင် တစ်ဦးခန့်မှာ လက်ဆေးရာတွင် စက္ကန့် ၂၀ မပြည့်ကြောင်း၊ လူလေးဦးလျှင် သုံးဦးမှာ နေ့စဉ်လူမှုဘဝတွင် တစ်ဦးနှင့်တစ်ဦး တွေ့ဆုံဆက်ဆံရာတွင် ခြောက်ပေခန့်ခြား၍ ခပ်ခွာခွာ နေထိုင်ခြင်းမရှိကြကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက်ရသူ လူငါးဦးလျှင် လေးဦးမှာ အပြင်ထွက်ချိန်တွင် နှာခေါင်းစည်း အမြဲတမ်းတပ်ဆင်သည်ဟု ဖြေကြားခဲ့ကြသည်။

“ ကျန်းမာရေးညွှန်ကြားချက်တွေထဲမှာ လူအများစု မလိုက်နာနိုင်ကြတာက ခပ်ခွာခွာနေပါဆိုတဲ့ ကိစ္စပဲ။ ရန်ကုန်မှာက မိသားစုချင်း အိမ်ထဲနေရင်တောင် ခွာပြီးနေနိုင်တဲ့ အကျယ်အဝန်းရှိသလား။ တစ်အိမ်မှာ လူသုံးလေးယောက်ရှိရင်တောင် လူစေ့ အပြင်ထွက် အလုပ်လုပ်ကြတာ။ အိမ်ထဲနေဖို့ကလည်း မဖြစ်နိုင်ပြန်ဘူး။ ကားစီးတော့လည်း ဘတ်ကားပေါ် ခပ်ခွာခွာနေဖို့က မလွယ်ဘူးနော်။ ကဲ အလုပ်ထဲမှာရော ခွာနေဖို့က လွယ်သလားပြော။ တစ်ချိန်မဟုတ် တစ်ချိန်ကတော့ နီးကပ်သွားကြရတာပဲ။ အလုပ်လုပ်နေရတဲ့ တစ်ချိန်လုံးလည်း နှာခေါင်းစည်းတပ်ထားရတာ မလွယ်ဘူး။ ဒီတော့ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် လူများတဲ့ နေရာ ဥပမာ ဘတ်စ်ကားစီးတဲ့အချိန်မျိုးဆို နှာခေါင်းစည်းတပ်တယ်။ အချိန်တိုင်းနီးပါး လက်မဆေးနိုင်တော့ တစ်နေ့တာမှာ သတိရတဲ့အချိန်တွေမှာတော့ လက်ဆေးတာပေါ့” ဟု မင်္ဂလာတောင်ညွန့်မြို့နယ်နေ ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ မောင်လင်းအောင်က ပြောပြသည်။

လက်ရှိတွင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်း တရုတ်နိုင်ငံအပါအဝင် ဂျာမနီ၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့တွင် တစ်ကျော့ပြန် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနှင့် ရင်ဆိုင်နေရပြီး အချို့နိုင်ငံများတွင် ထိန်းချုပ်ကန့်သတ်သည့် စီမံချက်များကို ပြန်လည်ချမှတ်ခဲ့ရသည့်အတွက် COVID-19 ရောဂါမှာ ပေါ့ဆ၍ မရပေ။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် COVID-19 ကူးစက်သေဆုံးနှုန်း မြင့်တက်နေဆဲဖြစ်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယနေ့အချိန်အထိ တစ်ကမ္ဘာလုံးကို အလွန်အန္တရာယ်ရှိ Very High အဆင့်အဖြစ် သတ်မှတ်ထားဆဲဖြစ်ရာ မြန်မာနိုင်ငံအတွင်း တစ်ကျော့ပြန် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုများ မကြုံတွေ့စေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားသော ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များကို ပြည်သူများက တတ်နိုင်သမျှ လိုက်နာကျင့်သုံးရန် လိုအပ်မည်ဖြစ်သည်။

Most Read

Most Recent