COVID-19 ကာလတွင် မရှိမဖြစ်သည့် စားသောက်ဆိုင်နှင့် ဆေးဝါးဆိုင်များသာ စီးပွားရေး လည်ပတ်မှုရှိခဲ့ပြီး အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းဆိုင်များ ဝယ်လိုအား ဆက်တိုက်ကျဆင်းကာ ယခင်နှစ်ထက် ရာခိုင်နှုန်း ၈၀ အထိကျဆင်းဟုဆို

COVID-19 ကာလတွင် မရှိမဖြစ်သည့် စားသောက်ဆိုင်နှင့် ဆေးဝါးဆိုင်များသာ စီးပွားရေး လည်ပတ်မှုရှိခဲ့ပြီး အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းဆိုင်များ ဝယ်လိုအား ဆက်တိုက်ကျဆင်းကာ ယခင်နှစ်ထက် ရာခိုင်နှုန်း ၈၀ အထိကျဆင်းဟုဆို
ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်စပ်သည့် သတင်းများကြောင့် ရန်ကုန်မြို့ရှိ စျေးဝယ်စင်တာ တစ်ခုတွင် စားသောက်ကုန် ဝယ်ယူသူများဖြင့် စည်ကားနေသည်ကို မတ်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-မျိုးထက်ပိုင်)
ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်စပ်သည့် သတင်းများကြောင့် ရန်ကုန်မြို့ရှိ စျေးဝယ်စင်တာ တစ်ခုတွင် စားသောက်ကုန် ဝယ်ယူသူများဖြင့် စည်ကားနေသည်ကို မတ်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-မျိုးထက်ပိုင်)
Published 23 June 2020
နီလာ

COVID-19 ကာလတွင် မရှိမဖြစ် ရောင်းချရသည့် စားသောက်ကုန်ဆိုင်များ၊ ဆေးဝါးများရောင်းချသည့် ဆိုင်များသာ စီးပွားရေး လည်ပတ်မှုရှိခဲ့ပြီး အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချသည့် ဆိုင်များတွင် ဝယ်လိုအား ဆက်တိုက်ကျဆင်းကာ ယခင်နှစ်ထက် ရာခိုင်နှုန်း ၈၀ အထိ ရောင်းအား ကျဆင်းနေကြောင်း City Mart မှ Managing Director ဖြစ်သူ ဒေါ်ဝင်းဝင်းတင့်က ဇွန် ၂၃ ရက်က ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်နှင့် COVID-19 နှင့် ကုန်သွယ်ရေးကဏ္ဍအပေါ် သက်ရောက်မှုများနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ပြည်တွင်းကုန်သွယ်မှု Supply Chain တွင် ပါဝင်ဆောင်ရွက်နေသော City Mart မှ Managing Director ဖြစ်သူ ဒေါ်ဝင်းဝင်းတင့်၊ သဘာဝမန်ကျည်း၊ ဇီးဖျော်ရည်၊ ပဲကြော်နှင့် ပုန်းရည်ကြီး ထုတ်လုပ် ဖြန့်ဖြူးနေသည့် SME လုပ်ငန်းရှင် ဒေါ်သက်စုဌေးတို့၏ အပြန်အလှန် ဆွေးနွေးခြင်း အစီအစဉ်တွင် ဒေါ်ဝင်းဝင်းတင့်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်လီလက်ကား အရောင်းဆိုင်နှင့် လုပ်ငန်းများသည် ပြည်တွင်းကုန်စည် စီးဆင်းမှုသာမက ပြည်ပကုန်သွယ်မှု အတွက်ပါ အရေးပါသည့် ကဏ္ဍဖြစ်သည်။

တစ်နိုင်ငံလုံးတွင် လက်လီဆိုင်ပေါင်း သုံးသိန်းကျော် လေးသိန်းခန့်ရှိနေပြီး မိရိုးဖလာပုံစံမျိုးဖြင့် အများစုက လုပ်ကိုင်နေကြကြောင်း၊ ယင်းသုံးသိန်းကျော် လေးသိန်းက စျေးကွက်ဝေစုအားဖြင့် ရာခိုင်နှုန်း ၉၀ ကျော် ရှိနေကြောင်း သိရသည်။

နောက်ပိုင်းတွင်မူ ဆယ်စုနှစ်နှစ်စုအတွင်း လူနေမှုပုံစံ ပြောင်းလဲလာပြီး Super Market များ၊ Shopping Center များ၊ Convenience Store များမှလည်း စျေးကွက်ဝေစု ရလာသည်ကို တွေ့ရကြောင်း၊ လတ်တလောတွင် Super Market များ၊ Convenience Store များ ၁၀ ရာခိုင်နှုန်းခန့် စျေးကွက်ဝေစု ရယူထားကြောင်း City Mart မှ Managing Director ဖြစ်သူ ဒေါ်ဝင်းဝင်းတင့်က ဆိုသည်။

COVID-19 စတင်ဖြစ်ပွားချိန်နှင့် သင်္ကြန်မတိုင်ခင် ကုန်ပစ္စည်းပုံမှန် ဝယ်ယူစုဆောင်းမှုများကြောင့် ပုံမှန်ထက် ဝယ်လိုအား များခဲ့ကြောင်း သိရသည်။

“သင်္ကြန်မတိုင်ခင်မှာ ပုံမှန်ကုန်ပစ္စည်း ဝယ်ယူစုဆောင်းတဲ့အချိန်နဲ့ တိုက်ဆိုင်သွားလို့လည်း စိုးရိမ်မှုတွေ ပိုများခဲ့ပါတယ်။ ဒါပေမဲ့ သင်္ကြန်နောက်ပိုင်းမှာ ဝယ်ယူမှု အနေအထားက ပုံမှန်အနေအထားကို တဖြည်းဖြည်းနဲ့ ပြန်ပြီးရောက်လာပါတယ်။ မေနဲ့ ဇွန်မှာ ဝယ်လိုအားက ပုံမှန်ထက် တဖြည်းဖြည်းနဲ့ ကျဆင်းလာပြီး ကျွန်မတို့ရဲ့ အရောင်းဆိုင်တွေမှာ ယခင်နှစ်ထက်စာရင် ၂၀ ရာခိုင်နှုန်းခန့် ကျဆင်းလာတာ တွေ့လာရပါတယ်” ဟု ဒေါ်ဝင်းဝင်းတင့်က ပြောကြားသည်။

ထို့ပြင် နယ်မြေအကန့်အသတ်များ၊ ညမထွက်ရအမိန့်များကြောင့် Supply Chain ပြတ်တောက်မှု ဖြစ်ပွားခဲ့ကြောင်း၊ သင်္ကြန်နောက်ပိုင်းဖြစ်သည့် ဧပြီလကုန်မှသာ ပုံမှန်ပြန်ဖြစ်ခဲ့ကြောင်း သိရသည်။

ရောဂါပိုး စတွေ့ရှိချိန်ကစပြီး တိုင်းနှင့် ပြည်နယ်များရှိ အစိုးရများက ရောဂါပြန့်ပွားမှုကို ထိန်းသိမ်းနိုင်ရန် အတွက် စျေးများတွင် မရှိမဖြစ် လိုအပ်သည့် စားသောက်ကုန်များ ဆေးဝါးများ ရောင်းချသည့်ဆိုင်များ၊ စျေးများကိုသာ ဖွင့်လှစ်ခွင့်ပေးပြီး ကျန်ပစ္စည်း ရောင်းချသည့် ဆိုင်ခန်းများကို ပိတ်ထားစေခဲ့ကြောင်း သိရသည်။

“COVID-19 ကာလမှာ ပြည်တွင်း ကုန်သွယ်မှုမှာဆိုရင် မရှိမဖြစ် ရောင်းချတဲ့ စားသောက်ကုန်နဲ့ ဆေးဝါးတွေ အနေနဲ့က စီးပွားရေး လည်ပတ်မှုတစ်ခု ရှိနေပေမယ့် အဓိက အထိခိုက်ဆုံး ဖြစ်သွားတဲ့ အနေအထားက အဝတ်အထည်တွေ၊ လက်ဝတ်ရတနာတွေ၊ လူသုံးကုန်ပစ္စည်း ရောင်းချတဲ့ ဆိုင်ခန်းတွေကတော့ တော်တော်လေး အထိနာတဲ့ အနေအထားမှာ ရှိနေပါတယ်။ အခုထက်ထိ အပြင်တွေပြန်ပြီး ထွက်လို့ရလာပေမယ့်လည်း ဝယ်လိုအား ဆက်ပြီးကျဆင်းနေတဲ့အတွက် အစားအသောက် မဟုတ်တဲ့ ရောင်းချတဲ့ လက်လီဆိုင်တွေက အများကြီး အခက်အခဲတွေ ဖြစ်ရပါတယ်။ လွန်ခဲ့တဲ့နှစ်ထက် ၈၀ ရာခိုင်နှုန်းအထိ ရောင်းအား ကျဆင်းနေတာကို ကျွန်မတို့ ဆန်းစစ်တွေ့ရပါတယ်” ဟု ဒေါ်ဝင်းဝင်းတင့်က ပြောကြားခဲ့သည်။

 

Most Read

Most Recent