၂၀၂၀ ရွေးကောက်ပွဲနှင့် ၎င်း၏ဇာတ်ကောင်ပါတီများ

၂၀၂၀ ရွေးကောက်ပွဲနှင့် ၎င်း၏ဇာတ်ကောင်ပါတီများ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် နိုင်ငံရေးပါတီအရေအတွက်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် နိုင်ငံရေးပါတီအရေအတွက်
Published 21 June 2020
ဆန်းမိုးထွန်း

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာတွင် ကျင်းပနိုင်ဖွယ်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောကြားထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် ဇွန် ၄ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“ နဂိုကျင်းပတဲ့အတိုင်း နိုဝင်ဘာလထဲမှာပဲ ကျွန်တော်တို့ ဖြစ်မှာပါ။ နိုဝင်ဘာ ၇ ရက်နေ့ကျင်းပတော့ လေးလအလို အကြိုကြေညာတာပေါ့။ နှစ်လနဲ့ ၂၄ ရက်အလို ကြေညာတာရှိတာပေါ့။ ဘယ်နေ့သင့်တော်သလဲ။ အများအတွက် သင့်တော်မယ့် ကောင်းမယ့်ရက်ကိုယူပြီး ကြေညာမှာပေါ့။ ပါတီအများအတွက် စည်းရုံးနိုင်မယ့်အားလုံးအတွက် အဆင်ပြေမယ့်ရက်ကိုရွေးပြီး ကြေညာမှာပါ” ဟု ၎င်းက ဆိုသည်။

ထိုသို့ ကော်မရှင်၏ တရားဝင်ပြောကြားချက်ကြောင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်မည့် ပါတီများ မည်မျှရှိသည်နှင့် NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ပါတီအရေအတွက် မည်မျှတိုးလာသည်။ မည်သည့်အကြောင်းအရာများကြောင့် အချို့ပါတီများကို ကော်မရှင်က ပယ်ဖျက်ခဲ့သည်နှင့် ထူးထူးခြားခြားထွက်ပေါ်လာသည့် ပါတီအချို့ကိုလည်း ယခုဆောင်းပါးတွင် ဖော်ပြသွားမည်ဖြစ်သည်။

 

နိုင်ငံရေးပါတီ ဘယ်လောက်ရှိသလဲ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စာရင်းများအရ လက်ရှိတွင် တည်ဆဲမှတ်ပုံတင်ထားသော ပါတီ ၉၇ ပါတီ ရှိသည်။

ယင်းပါတီများအနက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတစ်ဝန်းစည်းရုံးမည့် နိုင်ငံရေးပါတီ ၇၉ ပါတီရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုတွင်သာ စည်းရုံးမည့် နိုင်ငံရေးပါတီ ၁၈ ပါတီရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မေ ၂၅ ရက်တွင် ထုတ်ပြန်သည်။

လက်ရှိအချိန်အထိ မှတ်ပုံတင်ခွင့်ပြုခဲ့သော နိုင်ငံရေးပါတီ ၁၂၈ ပါတီရှိပြီး ပယ်ဖျက်ခဲ့သည့် နိုင်ငံရေးပါတီ ၃၁ ပါတီနှင့် ယာယီရပ်ဆိုင်းထားသည့် နိုင်ငံရေးပါတီ သုံးပါတီရှိကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၀ ပြည့်နှစ်အတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပရန်ရှိ၍ ပါတီအမည်၊ အလံနှင့် တံဆိပ်များ ပြောင်းလဲလျှောက်ထားခွင့်ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလကုန်နှင့် ပါတီတည်ထောင်ခွင့်များကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန် နောက်ဆုံးထားလျှောက်ထားရန် ထုတ်ပြန်ခဲ့ပြီး လက်ရှိတွင် ပါတီတည်ထောင်ခွင့် မှတ်ပုံတင်ခွင့် စိစစ်ဆောင်ရွက်ဆဲ နိုင်ငံရေးပါတီမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် တည်ဆဲမှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၉၇ ပါတီရှိပြီး နိုင်ငံရေးပါတီတစ်ခုသည် ပြည်ထောင်စုတစ်ဝန်း စည်းရုံးလိုလျှင် ပါတီမှတ်ပုံတင်ရရှိသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင် ဦးရေ အနည်းဆုံး ၁၀၀၀ နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုအတွက်သာ စည်းရုံးမည်ဆိုလျှင် ပါတီဝင်ဦးရေ အနည်းဆုံး ၅၀၀ စည်းရုံး၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်ဟု နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ (စ) တွင် ပြဋ္ဌာန်းထားသည်။

 

လက်ရှိကော်မရှင်ခွင့်ပြုခဲ့တဲ့ ပါတီ ဘယ်လောက်ရှိသလဲ 

NLD အစိုးရသက်တမ်း ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထပ်မံခွင့်ပြုပေးခဲ့သည့် ပါတီ ၂၈ ပါတီ ရှိခဲ့သည်။

၂၀၁၆ ခုနှစ်တွင် တစ်ပါတီ၊ ၂၀၁၇ ခုနှစ်တွင် ကိုးပါတီ၊ ၂၀၁၉ ခုနှစ်တွင် ၁၄ ပါတီနှင့် ၂၀၂၀ ပြည့်နှစ်တွင် လေးပါတီဖြင့် စုစုပေါင်းပါတီ ၂၈ ပါတီကို ခွင့်ပြုပေးခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အထိ နိုင်ငံရေးပါတီ ၁၀၀ သာရှိခဲ့ပြီး လက်ရှိကော်မရှင်လက်ထက်တွင် ပါတီ ၂၈ ပါတီကို ထပ်မံခွင့်ပြုလိုက်သဖြင့် စုစုပေါင်း ၁၂၈ ပါတီ ရှိလာသည်။

 

ဘယ်ပါတီတွေ ပယ်ဖျက်ခံခဲ့ရလဲ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ခဲ့သည့် နိုင်ငံရေးပါတီ ၃၁ ပါတီအနက် လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သက်တမ်းတွင် ပယ်ဖျက်ခဲ့သည့် နိုင်ငံရေးပါတီ ၂၂ ပါတီရှိသည်။

ယင်း ၂၂ ပါတီအနက် ၂၀၁၇ ခုနှစ်တွင် နှစ်ပါတီ၊ ၂၀၁၈ ခုနှစ်တွင် လေးပါတီ၊ ၂၀၁၉ ခုနှစ်တွင် ၁၁ ပါတီနှင့် ၂၀၂၀ ပြည့်နှစ်တွင် ငါးပါတီကို ကော်မရှင်က ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။

 လက်ရှိကော်မရှင်က ပယ်ဖျက်ခဲ့သည့်ပါတီများအနက် အများစုမှာ လူမျိုးတူပါတီများ တစ်ပါတီတည်းအဖြစ် ပေါင်းစည်းကြ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေပုဒ်မ ၂၅ အရ ယခင်အမည်ဖြင့် ပါတီအသီးသီးကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

မဲဆန္ဒနယ်သုံးခုတွင် ပါဝင်မယှဉ်ပြိုင်နိုင်ခြင်းကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၂ (က) အရ ဖျက်သိမ်းခဲ့သည့် နိုင်ငံရေးပါတီ တစ်ပါတီရှိပြီး ယာယီရပ်ဆိုင်းထားသည့် ကာလအတွင်း ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိ၍ ပုဒ်မ ၂၄ (င) အရ ဖျက်သိမ်းခဲ့သည့် နိုင်ငံရေးပါတီ တစ်ပါတီရှိသည့်အပြင် ဆန္ဒအလျောက် ဖျက်သိမ်းလိုကြောင်း တင်ပြလာသည့်ပါတီ လေးပါတီကို ပါတီဖျက်သိမ်းခွင့်ပြုခဲ့ကြောင်း ကော်မရှင်၏စာရင်းများက ဆိုသည်။

 

ထူးထူးခြားခြားပါတီများ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမတိုင်မီ လက်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုခဲ့သည့် ပါတီသစ်များတွင် ထူးထူးခြားခြား ထွက်ပေါ်လာသည့် ပါတီများလည်းရှိခဲ့ပြီး တိုင်းရင်းသား ပြည်နယ်အချို့တွင် တိုင်းရင်းသားပါတီများပူးပေါင်း၍ တစ်ပါတီတည်းအဖြစ် တည်ထောင်ခဲ့သည့် ပါတီများလည်း ရှိလာသည်။

ပါတီသစ်များအနက် ရှစ်လေးလုံးအရေးတော်ပုံတွင် ကျောင်းသားခေါင်းဆောင်တစ်ဦးအဖြစ် ထင်ရှားခဲ့သည့် ဦးကိုကိုကြီး ခေါင်းဆောင်သော ပြည်သူ့ပါတီမှာလည်း ထူးခြားသည့် ပါတီတစ်ခုအဖြစ် ပြည်သူများအကြားတွင် စိတ်ဝင်စားမှု မြင့်တက်ခဲ့သည်။

ဦးကိုကိုကြီး အပါအဝင် ၈၈ နိုင်ငံရေးမျိုးဆက်အချို့က ရှစ်လေးလုံးပါတီအမည်ဖြင့် ပါတီတည်ထောင်ခွင့် ရရေးကို ၂၀၁၇ ခုနှစ်အတွင်း စတင်ကြိုးပမ်းလာခဲ့ပြီး ပါတီခေါင်းဆောင်များ၏ နိုင်ငံရေး ပုံရိပ်အပါအဝင် ပါတီ၏အမည်နာမနှင့်ပတ်သက်၍ နိုင်ငံရေးနယ်ပယ်နှင့် လူထုအကြား၌ စိတ်ဝင်တစား ရှိခဲ့သည်။

မြန်မာ့သမိုင်းတွင် ထင်ရှားသည့် အရေးတော်ပုံများထဲက တစ်ခုဖြစ်သည့် ရှစ်လေးလုံးဆိုသည့် အမည်နာမကြောင့် ကန့်ကွက်မှုများ ကြုံတွေ့ခဲ့ရပြီး နောက်ပိုင်းတွင် ပါတီတာဝန်ရှိသူများက ရှစ်လေးလုံး ပြည်သူ့ပါတီဟု ပြောင်းလဲခဲ့သော်လည်း ရှစ်လေးလုံး ဆက်လက်ပါဝင်နေသည့် အမည်ဖြင့် ပါတီမှတ်ပုံတင် ရရှိရေး အခက်အခဲဖြစ်လျက်ရှိသောကြောင့် အဆုံးတွင် ရှစ်လေးလုံးကိုဖြုတ်၍ ပြည်သူ့ပါတီအမည်ဖြင့် ရပ်တည်ရန် ဆုံးဖြတ်ခဲ့သည်။

အဆိုပါအမည်ဖြင့် ပါတီတည်ထောင်ခွင့်၊ ပါတီမှတ်ပုံတင်များကို ၂၀၁၈ နှစ်လယ်ပိုင်းတွင် စတင်ရရှိပြီးနောက် ၈၈ မျိုးဆက်အချို့ ပါဝင်သော ပြည်သူ့ပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသည်။

၂၀၂၀ ရွေးကောက်ပွဲအလွန်တွင် အမျိုးသားညီညွတ်ရေး အစိုးရ ပေါ်ပေါက်ရေးသည် ပြည်သူ့ပါတီ၏ မူဝါဒဖြစ်ကြောင်း ပါတီအထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်က ပြောကြားသည်။

လက်ရှိတွင် တပ်မတော် အစိုးရလက်ထက် ထိပ်တန်းအရာရှိဟောင်းများမှာလည်း နိုင်ငံရေးပါတီ တည်ထောင်ပြီး ၂၀၂၀ ရွေးကောက်ပွဲအတွက် ခြေလှမ်းပြင်လျက်ရှိရာ ထိုအထဲတွင် ဗိုလ်ချုပ်ကြီး (ငြိမ်း) နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် ခြေလှမ်းအစိပ်ဆုံးဟု ဆိုနိုင်သည်။

ပါတီတည်ထောင်ခွင့်နှင့် ပါတီမှတ်ပုံတင်ကို နှစ်လဝန်းကျင်ဖြင့် အလျင်အမြန်ရရှိခဲ့သည့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီသည် ပါတီသက်တမ်းနုသော်လည်း မြန်မာနိုင်ငံအနှံတွင် ပါတီဝင်စုဆောင်းမှုနှင့် မြို့နယ်ပါတီရုံးခွဲများ ဖွင့်လှစ်နိုင်မှုက အခြားပါတီများ ထက်ခြေသွက်လက်သွက် ရှိခဲ့သည်။

၂၀၂၀ အလွန်တွင် တစ်ပါတီတည်းက အစိုးရဖွဲ့စည်းရန် ခက်ခဲနိုင်ပြီး ညွန့်ပေါင်းအစိုးရပုံစံမျိုး ဖြစ်နိုင်သည့်အပြင် တိုင်ရင်းသားများ၏ အနေအထားကိုလည်း မေ့ထား၍ မရကြောင်း ပြည်ထောင်စုကောင်းကျိုးအောင်ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ယခုနှစ် ဇွန် ၁၈ ရက်က ပြောကြားသည်။

“ အဖြစ်နိုင်ဆုံးကတော့ တစ်ပါတီတည်းနဲ့တော့ အစိုးရဖွဲ့စည်းဖို့က တော်တော်လေး ခက်ခဲပါတယ်။ ဖြစ်နိုင်စရာအကြောင်းရှိတာက ညွှန့်ပေါင်းလိုဟာမျိုး ဖြစ်နိုင်ပါတယ်။ အဲဒီတော့ ခုနကပြောတဲ့ ပြီးခဲ့တဲ့ကာလတုန်းက ၂၀၁၀ မှာ ပါတီတစ်ခု၊ ၂၀၁၅ မှာပါတီတစ်ခုက အနိုင်ရတယ်။ ဒီနေရာမှာ မိမိတို့တွေ သတိထားဆောင်ရွက်ရမယ့်ကိစ္စက တိုင်းရင်းသားများရဲ့ အနေအထားကို မေ့ထားလို့မရပါဘူး” ဟု သူရဦးရွှေမန်းက ဆိုသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေဖြင့် နိုင်ငံကို တည်ဆောက်သည့်နေရာတွင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ၊ ပြည်ထောင်စုနိုင်ငံဖြစ်အောင် တည်ဆောက်ရန် ဖော်ပြထားပြီး ယင်းပေါ်တွင်လည်း တိုင်းရင်းသားများနှင့် ပြည်သူများအားလုံးက ကျေနပ်လက်ခံနိုင်သည်ဟု ယူဆကြောင်း ၎င်းက ပြောကြားသည်။

“ ဒီအပေါ်လည်း တိုင်းရင်းသားတွေရော ပြည်သူတွေရောအားလုံး ကျေနပ်လက်ခံနိုင်တယ်လို့ ယူဆတယ်။ ဒါကြောင့်လည်း ခုနက ပြောသလို ဒီပါတီဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူများရဲ့ယုံကြည်မှု၊ တိုင်းရင်းသားများရဲ့ ယုံကြည်မှုကြောင့် အခုလိုအောင်မြင်နိုင်မယ်လို့ ပြောပါတယ်။ အောင်မြင်နိုင်ဖို့ ပြောတဲ့နေရာမှာ ခုနကမေးခွန်းက အစိုးရဖွဲ့စည်းတဲ့နေရာမှာ မိမိတို့က ညှိနှိုင်းဦးဆောင်ဖွဲ့စည်းနိုင်တဲ့ အနေအထား ရှိနိုင်လိမ့်မယ်လို့လည်း ဒီလိုပဲ မျှော်မှန်းထားပါတယ်” ဟု သူရဦးရွှေမန်းက ပြောကြားသည်။

လွှတ်တော်လမ်းကြောင်းဖြင့် နိုင်ငံ့အုပ်ချုပ်ရေးသို့ ဦးတည်လာသည့် အခြားသော တပ်မတော်အရာရှိ အငြိမ်းစားအချို့ကလည်း အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီအမည်ဖြင့် နိုင်ငံရေးပါတီ ထူထောင်ခဲ့သည်။

ယင်းပါတီကို သမ္မတရုံးဝန်ကြီးဟောင်းနှင့် တပ်မတော်အရာရှိဟောင်း ဦးစိုးမောင်နှင့် တပ်မတော်အစိုးရလက်ထက် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးလွန်းမောင်တို့ ဦးဆောင်ပြီး ၎င်းတို့အပါအဝင် ပါတီခေါင်းဆောင် အများအပြားမှာ ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ် စသည့် တပ်မတော်အရာရှိ (ငြိမ်း) များ ဖြစ်ကြသည်။

အရပ်သားခေါင်းဆောင်အဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးစိုးဝင်းက ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် ပါဝင်သည်။

ရှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ပန်တန်ကျေးရွာအုပ်စု မဲရုံအမှတ် (၁) တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်ကကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲသို့ လာရောက်မဲပေးနေသူများအား တွေ့ရစဉ်

တိုင်းရင်းသားတစ်ရပ်လုံးကို အခြေခံသည့် အမျိုးသားရေးဝါဒကို ကျင့်သုံးမည်ဖြစ်ပြီး အမျိုးသားရေး နှင့်ပတ်သက်၍ အပြုသဘောဆောင်သည့် လုပ်ရပ်များကို လုပ်ဆောင်သည့် မည်သည့်ပါတီ၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်မဆို လက်တွဲဆောင်ရွက်မည်ဖြစ်ပြီး အမျိုးသားရေးကို ထိခိုက်နစ်နာစေသည့် လုပ်ရပ်များနှင့် ပတ်သက်၍ မည်သည့်ပါတီ၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကိုမဆို အချိန်မရွေး၊ နေရာမရွေး၊ ရှုတ်ချဆန့်ကျင်ရေးသည် ပါတီ၏ မူဝါဒဖြစ်ကြောင်း ပါတီခေါင်းဆောင်များက တရားဝင် ပြောကြားထားသည်။

အခြားသော ထူးခြားဖြစ်စဉ်မှာ ပြည်နယ်ခြောက်ခုမှ တိုင်းရင်းသားပါတီများ ပါတီပေါင်းစည်း တည်ထောင်လိုက်ကြခြင်းဖြစ်ပြီး ရခိုင်ပါတီများက ပေါင်းစည်းထားရာမှ လမ်းခွဲလိုက်ကြသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ ရွေးကောက်ပွဲကို ပါတီပူးပေါင်းပြီး အတူတကွ ဝင်ရောက်ခဲ့သည့် ရခိုင်အမျိုးသားပါတီမှ ၂၀၁၇ တွင် ပြန်လည်နုတ်ထွက်ကာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အမည်ဖြင့် ပါတီပြန်လည် ထူထောင်သည်။

ထို့ပြင် ထင်ရှားသည့် ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်ကလည်း ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်၍ ရခိုင့်ဦးဆောင်ပါတီကို ဦးဆောင်တည်ထောင်ခဲ့သည်။

လက်ရှိတွင် ဒေါက်တာအေးမောင်သည် နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုတို့ဖြင့် ထောင်ဒဏ်နှစ်ရှည်ကျခံနေရပြီး ပါတီတွင် ၎င်း၏သား ဦးတင်မောင်ဝင်းလည်း ပါဝင်လျက်ရှိသည်။

၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲတွင် ရသေ့တောင်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ်တွင် ရခိုင်အမျိုးသားပါတီ ရေပန်းစားခဲ့သော်လည်း တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည့် ဒေါက်တာအေးမောင်၏သားကို မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းက ရခိုင့်ဦးဆောင်ပါတီသည် ရခိုင်လူထုအာရုံစိုက်စရာ ဖြစ်လာခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် ရခိုင်နှင့် ရှမ်းပါတီများမှလွဲ၍ အခြားသော တိုင်းရင်းသားပါတီများမှာ ၎င်းတို့၏ ပြည်နယ်လွှတ်တော်များတွင် ကိုယ်စားပြုခွင့် အနည်းငယ်သာ ရရှိခဲ့သည်။

အဆိုပါ သင်ခန်းစာအပါအဝင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးဖြစ်စဉ်၊ တိုင်းရင်းသားအခွင့်အရေးနှင့် ဒေသခံလူထု၏ဆန္ဒ စသည်တို့ဖြင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်နှင့် “၀” စသည့် ပြည်နယ်ခြောက်ခုမှ တိုင်းရင်းသားပါတီများသည် ပါတီပေါင်းစည်းရေးကို ယခုနှစ်အပိုင်းအခြားအတွင်း ဆောင်ရွက်ခဲ့လာကြပြီး လက်ရှိတွင် ပေါင်းစည်းပါတီများအဖြစ် အသီးသီးရပ်တည်နေကြပြီဖြစ်သည်။

ကချင်တွင် ကချင်သုံးပါတီ ပေါင်းစည်း၍ ကချင်ပြည်နယ် ပြည်သူ့ပါတီအဖြစ်လည်းကောင်း၊ ကယားတွင် ကယားနှစ်ပါတီ ပေါင်းစည်းပြီး ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီအဖြစ်လည်းကောင်း၊ ကရင်တွင် ကရင်သုံးပါတီ ပေါင်းစည်း၍ ကရင်အမျိုးသား ဒီမိုကရက် တစ်ပါတီအဖြစ်လည်းကောင်း၊ ချင်းတွင် ချင်းသုံးပါတီ ပေါင်းစည်းပြီး ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အဖြစ်လည်းကောင်း၊ မွန်တွင် မွန်နှစ်ပါတီ ပေါင်းစည်း၍ မွန်ညီညွတ်ရေးပါတီအဖြစ်လည်းကောင်း၊ “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တွင် “၀” သုံးပါတီပေါင်း၍ “၀” အမျိုးသားပါတီအဖြစ် ပေါင်းစည်းခဲ့ကြသည်။

ယင်းသို့ ပါတီအချင်းချင်း ပေါင်းစည်း၍ ရွေးကာက်ပွဲဝင်မည့် အခြေအနေအပေါ် ယခင်ထက်ပိုမို ယုံကြည်မှုရှိနေကြောင်း ပေါင်းစည်းခဲ့ကြသည့် ပါတီခေါင်းဆောင်အချို့က မှတ်ချက်ပြုကြသည်။

ထို့ပြင်၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကိုယ်စားပြုခဲ့သူအချို့ အကြောင်းအမျိုးမျိုးဖြင့် ပါတီအရိပ်မှထွက်၍ ပါတီအသစ်များ ထူထောင်ကြရာတွင် မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်က ပြည်သူ့ရှေ့ဆောင်ပါတီတို့ကို ဦးဆောင်လျက်ရှိသည်။

၎င်းတို့နှစ်ဦးသည် ပါတီတာဝန်များ ရုပ်သိမ်းခံရသည့် အရေးယူမှုနှင့် ကြုံတွေ့ခဲ့ရပြီးနောက် မကြာမီအချိန်အတွင်း NLD ပါတီမှ နုတ်ထွက်ခဲ့ကြပြီး ပါတီအသစ်များ အသီးသီး ထူထောင်ခဲ့ကြခြင်းဖြစ်သည်။

ပါတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် ဦးစိန်ဝင်းသည် စိုက်ပျိုးရေးဘွဲ့ရဖြစ်ပြီး ကိုယ်စားလှယ် သက်တမ်းတစ်လျှောက် တောင်သူလယ်သမား အရေးနှင့်ပက်သက်၍ တက်ကြွစွာ ဆောင်ရွက်သူဟု နာမည်ရခဲ့သည်။

၎င်း၏အထွေထွေရွေးကောက်ပွဲ အတွေ့အကြုံနှင့် ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲတွင် ပါတီမှ ကိုယ်စားလှယ်လောင်းအချို့ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အတွေ့အကြုံများက NLD ပါတီမှ နုတ်ထွက်ပြီးနောက် လာမည့် လွှတ်တော်သက်တမ်းတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ပါဝင်စေရန် အထောက်အပ့ံ ဖြစ် မဖြစ်ကိုမူ ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။              

ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်ကလည်း မြို့နယ်ပါတီတာဝန်များ ရုပ်သိမ်းခံရမှု အပါအဝင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ တွင် ၎င်းကို NLD ပါတီက မရွေးချယ်တော့ရန် သေချာသလောက် ရှိနေခြင်းက ပါတီမှ နုတ်ထွက်စေရန် အကြောင်းဖန်လာပြီးနောက် ပြည်သူ့ရှေ့ဆောင်ပါတီကို ဦးဆောင်သူတစ်ဦးအဖြစ် တည်ထောင်ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် စိုင်းပြင်းနေသည်။

ပါတီတွင် စီးပွားရေးလုပ်ငန်းရှင်များ၊ တတ်သိပညာရှင်များ ဦးဆောင်ပါဝင်နေပြီး ဗဟိုဦးစီးစနစ်၊ သြဇာကြီးမားသည့် ခေါင်းဆောင်တစ်ဦးကို အားကိုးဆောင်ရွက်သည့် စနစ်များထက် မူဝါဒနှင့် လုပ်ငန်းစဉ်များကို အခြေခံတည်ဆောက်သွားမည်ဟု ကြွေးကြော်ထားသည့် ပြည်သူ့ရှေ့ဆောင်ပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် လူထုအာရုံစိုက်စရာ ပါတီတစ်ရပ်အဖြစ် ရပ်တည်လျက်ရှိနေသည်။

ထို့အတူ လွှတ်တော်ပြင်ပ နိုင်ငံရေးလမ်းကြောင်းတွင် နှစ်ပေါင်း ၃၀ နီးပါး ရပ်တည်လှုပ်ရှားလာခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်အချို့က လက်ရှိနိုင်ငံရေးအခြေအနေများသည် လွှတ်တော်ပြင်ပလှုပ်ရှားမှုဖြင့် မလုံလောက်တော့ဘဲ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ ဟန်ချက်ညီစွာ ဆောင်ရွက်မှရမည်ဟု ဆိုကြသည်။

အဆိုပါယူဆချက်ဖြင့် ညီညွတ်သော တိုင်းရင်းသားလူမျိုး ဒီမိုကရေစီပါတီ (UNDP) ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ UNDP ပါတီ တည်ထောင်ခွင့်ကို ၂၀၁၉ ခုနှစ် ဧပြီတွင် စတင်လျှောက်ထားခဲ့ပြီး နိုင်ငံရေးပါတီမှတ်ပုံတင်ကို ဒီဇင်ဘာတွင် ရရှိခဲ့သည်။

UNDP ပါတီသည် ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ကို အခြေခံ၍ နိုင်ငံရေး အင်အားစုအချို့နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားဦးဆောင်သူများဖြင့် တည်ထောင်ထားခြင်းဖြစ်ရာ ပါတီနာယကနှင့် ထိပ်ပိုင်းခေါင်းဆောင်များသည် ၁၉၉၀ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည်။

၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးနိုင်းနိုင်း၊ ခွန်မားရ်ကိုဘန်၊ ဒေါက်တာမင်းစိုးလင်း အပါအဝင် တိုင်းရင်းသားပါတီအချို့မှ ခေါင်းဆောင်ရှစ်ဦးကို ပါတီနာယကများအဖြစ် ထားရှိပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ၁၉၉၀ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ထွန်းဦးကို ပါတီခေါင်းဆောင်အဖြစ် သတ်မှတ်ထားရှိကြောင်း UNDP ပါတီဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

 

ပါတီများက တောင်းဆိုထား

ပည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာတွင် ကျင်းပရန် အစီအစဉ်ရှိကြောင်း အတည်ပြုပြောကြားခဲ့သော်လည်း အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ငါးလနီးပါးသာ လိုတော့သည့်အချိန်တွင် ရွေးကောက်ပွဲကျင်းပမည့် ရက်၊ မဲဆွယ်ကာလနှင့် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရမည့် အချိန်ဇယား စသည်တို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ရှိအချိန်အထိ ကြေညာခြင်း မရှိသေးပေ။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများနှင့် ဆောလျင်စွာ တွေ့ဆုံဆွေးနွေးရန် ပြည်ခိုင်ဖြိုးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၃၀ စုပေါင်း၍ ဇွန် ၁၆ ရက်နေ့စွဲဖြင့် တောင်းခံစာပေးပို့ခဲ့သည်။

 လွတ်လပ်၍ တရားမျှတသည့် အထွေထွေရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးသင့်သည်ဟု ရည်ရွယ်ချက်ရှိသည့် နိုင်ငံရေးပါတီများ စုစည်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တွေ့ဆုံခွင့်တောင်းဆိုခြင်းဖြစ်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောကြားသည်။

“UEC အနေနဲ့ သူပြောနေတဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ သူကိုယ်တိုင် ပြောထားတာပဲ။ သူပြောတဲ့ စကားအတိုင်းအကောင်အထည်ဖော်မယ်ဆိုရင် ဒီကိစ္စ (တွေ့ဆုံခွင့်တောင်း) က ငြင်းဆိုနိုင်စရာအကြောင်း မရှိဘူးလို့ ကျွန်တော်တို့ ထင်တယ်” ဟု ၎င်းက ပြောကြားသည်။

ယင်းသို့ နိုင်ငံရေးပါတီများ၏ တွေ့ဆုံခွင့် တောင်းဆိုမှုတွင် အချိန်ကာလထည့်သွင်းထားခြင်းမရှိသော်လည်း ဆောလျင်စွာတွေ့ဆုံဆွေးနွေးရန်ဟူ၍ ထည့်သွင်းတောင်းဆိုထားသည်။

နိုင်ငံရေးပါတီ ၃၀ ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တွေ့ဆုံခွင့်တောင်းခံစာတွင် အပိုဒ်လေးပိုဒ် ထည့်သွင်းဖော်ပြထားပြီး အပိုဒ် (၃) တွင် ကော်မရှင်နှင့်တွေ့ဆုံဆွေးနွေးလိုသည့် အချက် ၁၂ ချက်ကို  ထည့်သွင်းဖော်ပြထားသည်။

ဆန္ဒမဲရေတွက်မှု၊ ရွှေ့ပြောင်းမဲ ဆန္ဒရှင်များဆိုင်ရာနှင့် ကြိုတင်မဲဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းမှု၊ ကိုယ်စားလှယ်လောင်းကျင့်ဝတ်၊ မဲဆန္ဒနယ်မြေ၊ မဲစာရင်း ကောက်ယူမှု၊ မဲရုံအရေအတွက်နှင့် မဲပေးပုံစနစ်တို့နှင့်ပတ်သက်၍လည်း ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများအား တွေ့ဆုံရှင်းလင်းရန် လိုအပ်ကြောင်း ပါရှိသည်။

ထို့ပြင် ရွေးကောက်ပွဲအထမြောက် အောင်မြင်စေရန် မဲလာပေးရန်လိုအပ်သည့် အနည်းဆုံးမဲဆန္ဒရှင်အရေအတွက် သတ်မှတ်ခြင်းဆိုင်ရာကိစ္စ၊ ပါတီပုံရိပ်မြှင့်တင်ရန် ပြည်သူအားလုံးနှင့်သက်ဆိုင်သည့် မြို့ဖိမြို့ဖအမည်ကိုအသုံးပြုမှု၊ နိုင်ငံ့ခေါင်းဆောင်များ၏ ပုံရိပ်နှင့် ဆက်စပ်သည့် အသုံးအဆောင်အသုံးပြု မဲဆွယ်ခြင်းမှ ရှောင်ရှားရေးကိစ္စရပ်တို့ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံရှင်းလင်းရန် လိုအပ်မည်ဟု ပါတီ ၃ဝ၏ တွေ့ဆုံခွင့် တောင်းခံစာတွင် ဖော်ပြပါရှိသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား တွေ့ဆုံဆွေးနွေးလိုကြောင်း တောင်းခံမှုတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ၊ “၀” အမျိုးသားပါတီ၊ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့အပြင် ပြည်မနှင့် ပြည်နယ် အခြေစိုက်နိုင်ငံရေးပါတီအချို့ ပါဝင်သည်။

လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ တည်ဆဲမှတ်ပုံတင်ထားသောပါတီ ၉၇ ပါတီရှိပြီး ယင်းပါတီများအနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြုဝင်ရောက်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခြင်းကို ပြုလုပ်နေကြပြီဖြစ်သည်။

ထို့ကြောင့် မကြာမီကျင်းပတော့မည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် ၎င်း၏ ဇာတ်ကောင်ပါတီများအနေဖြင့် မဲဆန္ဒရှင်ပြည်သူများအား မည်သို့သော ကတိကဝတ်များနှင့် အသုံးတော်ခံကပြ ဖျော်ဖြေမည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

Most Read

Most Recent