COVID-19 အလွန် မွေးမြူရေးနှင့် ရေလုပ်ငန်း ပြန်လည်ဦးမော့စေရန် ငါးတင်၊ ငါးချ ဆိပ်ခံတံတား လုပ်ငန်းတစ်ခုလျှင် ကျပ်သန်း ၂၀၀ နှင့် ငါး၊ ပုစွန် ပြုပြင်မွမ်းမံထုတ်လုပ်သော စက်ရုံတစ်ရုံလျှင် ကျပ်သန်း ၁၀၀ နှုန်းဖြင့် SME ချေးငွေရရှိရေး တင်ပြထား

COVID-19 အလွန် မွေးမြူရေးနှင့် ရေလုပ်ငန်း ပြန်လည်ဦးမော့စေရန် ငါးတင်၊ ငါးချ ဆိပ်ခံတံတား လုပ်ငန်းတစ်ခုလျှင် ကျပ်သန်း ၂၀၀ နှင့် ငါး၊ ပုစွန် ပြုပြင်မွမ်းမံထုတ်လုပ်သော စက်ရုံတစ်ရုံလျှင် ကျပ်သန်း ၁၀၀ နှုန်းဖြင့် SME ချေးငွေရရှိရေး တင်ပြထား
မြန်မာနိုင်ငံအတွင်းရှိ ငါး၊ ပုစွန် အအေးခန်းစက်ရုံတစ်ခုကို တွေ့ရစဉ်
မြန်မာနိုင်ငံအတွင်းရှိ ငါး၊ ပုစွန် အအေးခန်းစက်ရုံတစ်ခုကို တွေ့ရစဉ်
Published 21 June 2020
ဇေယျာငြိမ်း

COVID-19 အလွန် မွေးမြူရေးနှင့် ရေလုပ်ငန်း ပြန်လည်ဦးမော့စေရန် ငါးတင်၊ ငါးချ ဆိပ်ခံတံတား လုပ်ငန်းတစ်ခုလျှင် ကျပ် သန်း ၂၀၀ နှင့် ငါး/ပုစွန် ပြုပြင် မွမ်းမံထုတ်လုပ်သော စက်ရုံ/ အလုပ်ရုံတစ်ခုလျှင် ကျပ်သန်း ၁၀၀ နှုန်းဖြင့် SME ချေးငွေရရှိရေးအတွက် တင်ပြပြီးဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

ဇွန် ၁၈ ရက်က ပြုလုပ်သည့် COVID-19 အလွန် ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ ပြန်လည်ဦးမော့ လာစေရေးအတွက် နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးမှုအစီအမံများအပေါ် ရှင်းလင်းဆွေးနွေးပွဲ၌ ယခုကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

COVID-19 အလွန် ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ ပြန်လည်ဦးမော့လာစေရေးအတွက် နိုင်ငံတော်ထောက်ပံ့ငွေမှ ဆောင်ရွက်မှုများအပြင် ချေးငွေအစီအစဉ်ဖြင့် ဆောင်ရွက်နိုင်ရန် ငါးတင်၊ ငါးချ ဆိပ်ကမ်းများ လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် ဆိပ်ခံတံတားတစ်ခုလျှင် ကျပ်သန်း ၂၀၀ နှုန်းဖြင့် ဆိပ်ခံတံတား ၁၀ ခုအတွက်လည်းကောင်း၊ ငါး/ပုစွန် ပြုပြင်မွမ်းမံ ထုတ်လုပ်သော စက်ရုံ/အလုပ်ရုံများအတွက် စက်ရုံတစ်ရုံလျှင် ကျပ် သန်း ၁၀၀ နှုန်းဖြင့်လည်းကောင်း SME ချေးငွေရရှိရေးအတွက် တင်ပြထားပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ငါးဖမ်းရေယာဉ်နှင့်ပတ်သက်၍ ငါးလုပ်ငန်းရာသီ ပြန်လည်ဖွင့်လှစ်ချိန်တွင် လိုအပ်သော ဆီ၊ ရေခဲ၊ ရိက္ခာ၊ ရေလုပ်သားများနှင့် လှေထွက်စရိတ်တို့အတွက် ရေယာဉ်တစ်စင်းလျှင် ကျပ် ၁၀ သန်းနှုန်းဖြင့် ရေယာဉ်စင်းရေ ၃၁၉၀ အတွက်ကိုလည်း တင်ပြထားကြောင်း သိရသည်။

COVID-19 ရောဂါဖြစ်ပွားသည့် ကာလအတွင်း ရေလုပ်ငန်းကဏ္ဍအောက်ရှိ ရေချို၊ ရေငန် ငါးများ၏ စျေးနှုန်းများ အထိုက်အလျောက်ကျဆင်းခြင်း၊ ရောင်းအား လျော့နည်းကျဆင်းခြင်း၊ ပြည်ပပို့ကုန်လုပ်ငန်းများ တုံ့ဆိုင်းသွားခြင်း စသည့်အခက်အခဲများကို လုပ်ငန်းရှင်များ ရင်ဆိုင်ကြုံတွေ့ရမှုအပေါ် ဝန်ကြီးဌာနအနေဖြင့် ကူညီဆောင်ရွက်ပေးမှုများရှိခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ပြည်တွင်းစားသုံးမှု ဖူလုံစေရေးနှင့် နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းမှ ပြည်ပဝင်ငွေ ရှာဖွေပေးလျက်ရှိသော ငါးလုပ်ငန်းများ မွေးမြူ၊ ဖမ်းဆီး၊ ပြုပြင်ထုတ်လုပ်၊ ဖြန့်ဖြူး ရောင်းချတင်ပို့ခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးနှင့် COVID-19 အခြေအနေကြောင့် ကြန့်ကြာခြင်း မရှိစေဘဲ လုပ်ငန်းကွင်းဆက်အလိုက် ဟန်ချက်ညီ ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ပြီး နိုင်ငံတော်အစိုးရက ထောက်ပံ့မှုအစီအစဉ်များအပေါ် တာဝန်ရှိသူအသီးသီးက ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားထုတ်ကြိုးပမ်းစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

နိုင်ငံတကာ အကူအညီရရှိရေး ဆောင်ရွက်မှုအဖြစ် ဥရောပသမဂ္ဂမှ Budget Support Program ဖြင့် အထောက်အပံ့များ ရရှိရန် ငါးလုပ်ငန်းဦးစီးဌာနက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လယ (၃၀) ရရှိပြီး ဧကပေါင်း ၆၈၄၀၀ ကျော်အတွက် တစ်ဧကလျှင် ကျပ် ၄၀၀၀၀ တန်ဖိုးရှိ ငါးသားပေါက်များအား ဖြန့်ဖြူးပံ့ပိုးနိုင်ရန် ညှိနှိုင်းထားကြောင်း၊ အလားတူ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် (JICA) မှ COVID-19 ကာလအတွင်း JICA စီမံကိန်းဆောင်ရွက်ခဲ့သည့် ဧရာဝတီ၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးတို့နှင့် ပြည်နယ်များမှ မြို့နယ် ၁၈ မြို့နယ်ရှိ တစ်ပိုင်တစ်နိုင် ငါးမွေးကန်များနှင့် ငါးလုပ်ငန်း စခန်းများသို့ ငါးသားပေါက်များ၊ ငါးအစာများ၊ လုပ်ငန်းသုံးပစ္စည်းများ ကူညီပံ့ပိုးပေးနိုင်မည့် အစီအစဉ်များကိုလည်း ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇွန် ၅ ရက်အထိ ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှ ဒေါ်လာ ၆၇၀ ဒသမ ၁၃၀ သန်း ရရှိထားသည်။ ယခင်နှစ်ကာလတူတွင်မူ ဒေါ်လာ ၅၆၉ ဒသမ ၄၁၈ သန်းသာ ရရှိထားသည်။

Most Read

Most Recent