ကိုရိုနာဗိုင်းရပ်စ် လူနာများ၏အသက်ကို ကယ်တင်နိုင်သော စျေးချိုသည့် ဟော်မုန်းဆေးကို တွေ့ရှိဟု သုတေသနပညာရှင်များပြောကြား

ကိုရိုနာဗိုင်းရပ်စ် လူနာများ၏အသက်ကို ကယ်တင်နိုင်သော စျေးချိုသည့် ဟော်မုန်းဆေးကို တွေ့ရှိဟု သုတေသနပညာရှင်များပြောကြား
Published 17 June 2020
Ref: AFP

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျန်းမာရေးဆိုးရွားနေသော လူနာများ၏အသက်ကို ကယ်တင်နိုင်သည့် စျေးချိုသည့် ဆေးတစ်မျိုးကို တွေ့ရှိခဲ့ကြောင်း ဗြိတိန်သိပ္ပံ ပညာရှင်များက ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် သေဆုံးမှုကို လျှော့ချနိုင်ရန် မျှော်လင့်ချက်များ အားတက်စေခဲ့သည့် ထိုဆေးတွေ့ရှိမှုသည် ကိုရိုနာဗိုင်းရပ်စ် ကုသမှုအတွက် ပြောင်မြောက်သော အောင်မြင်မှုတစ်ခုဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇွန် ၁၇ တွင်  ပြောကြားခဲ့သည်။

ပေကျင်းတွင် အစုအပြုံလိုက် ဗိုင်းရပ်စ်ကူးစက်မှု အသစ်တစ်ဖန် ဖြစ်ပွားခဲ့မှု၊ တောင်အာရှနှင့် အမေရိကတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှု မြင့်တက်နေခြင်းတို့က COVID-19 အား ကမ္ဘာက မကြာမီ ထိန်းချုပ်နိုင်မည်ဟူသော မျှော်လင့်ချက်များကို သံသယဝင်စေခဲ့သည်။

သို့သော်လည်း COVID-19 အတွက် ထိရောက်သော ကုသမှုကို တွေ့ရှိခဲ့ခြင်းက မျှော်လင့်ချက်များ ပြန်လည်မြင့်တက်ရန် ဖြစ်လာခဲ့သည်။

အလွယ်တကူနှင့် ပေါပေါများများ ရရှိနိုင်သည့် ထိုစတီးရွိုက်ဆေး ဒက်ဆာမီသာဇုန်း Dexamethasone သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသက်ရှူကူစက် တပ်ထားရသော လူနာများ၏သေဆုံးနိုင်ခြေကို သုံးပုံတစ်ပုံ လျှော့ချနိုင်ကြောင်း၊ အောက်ဆီဂျင်နှင့်နေရသူ လူနာများ၏သေဆုံးနိုင်ခြေကို ငါးပုံတစ်ပုံ လျှော့ချနိုင်ကြောင်း ဗြိတိန် သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။

ဗြိတိန်တွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးစဖြစ်ကတည်းက လူနာများကို ထိုဆေးနှင့် ကုသခဲ့ပါက လူ့အသက် ၅၀၀၀ ခန့်ကို ကယ်တင်နိုင်ဖွယ်ရှိကြောင်း သုတေသနပညာရှင်များက ပြောကြားခဲ့သည်။ ထို့ပြင် ထိုဆေးနှင့် ကုသနိုင်မှုသည် ကိုရိုနာဗိုင်းရပ်စ် လူနာများပြားသည့် ဆင်းရဲသောနိုင်ငံများအတွက် အကျိုးကျေးဇူး ကြီးမားနိုင်သည်။

“ဒါက သတင်းကောင်းပါ။ ဗြိတိန်အစိုးရနဲ့ အောက်စဖို့တက္ကသိုလ်ကို ဂုဏ်ပြုပါတယ်။ ပြီးတော့ ဒီအသက်ကယ်ဆေးဆိုင်ရာ သိပ္ပံသုတေသနမှာ ပါဝင်ကူညီခဲ့တဲ့ ဗြိတိန်က လူနာတွေနဲ့ ဆေးရုံတွေကိုလည်း ဂုဏ်ပြုပါတယ်” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဥက္ကဋ္ဌ တေဒရိုအာဒါနွန်ဂီဘရီရေဆုက ပြောကြားခဲ့သည်။

အောက်စဖို့ တက္ကသိုလ်မှအဖွဲ့တစ်ဖွဲ့က ဦးဆောင်သော သုတေသနပညာရှင်များသည် ဖျားနာမှု ပြင်းထန်သည့် ကိုရိုနာဗိုင်းရပ်စ် လူနာ ၂၀၀၀ ကျော်ကို Dexamethasone ဆေးအား တိုက်ကျွေးခဲ့သည်။

ယင်းလူနာများအနက် အသက်ရှူကူ စက်တပ်ထားရသော ကိုရိုနာဗိုင်းရပ်စ် လူနာများတွင် ထိုဆေးသည် အသက်ဆုံးရှုံးနိုင်ခြေကို ၃၅ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့သည်ဟု လေ့လာမှုက ဆိုသည်။

“Dexamethasone က စျေးမကြီးဘူး။ ကမ္ဘာတစ်ဝန်းက လူ့အသက်တွေကို ကယ်ဖို့ ချက်ချင်းလည်း အသုံးပြုနိုင်တယ်” ဟု အောက်စဖို့တက္ကသိုလ်၏ Nuffield Department of Medicine မှ ကူးစက်ရောဂါဆိုင်ရာ ပါမောက္ခပီတာဟော်ဘီက ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်လူနာများကို ထိုဆေးနှင့် ချက်ချင်း ကုသသွားမည်ဖြစ်ကြောင်း ဗြိတိန်ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့က ပြောကြားခဲ့သည်။

အဆစ်ရောင်နာ၊ ပန်းနာရင်ကြပ်၊ အရေပြားဆိုင်ရာ ရောဂါများ ကုသမှုအပါအဝင် အခြား ကုသမှုများအတွက် ရောင်ရမ်းမှု လျော့ကျစေရန် ကုသမှုတွင် Dexamethasone ကို သုံးစွဲနေကြသည်။

ကိုရိုနာဗိုင်းရပ်စ် လူနာများကို ကုသရန်အတွက် Dexamethasone ကို ၁၀ ရက်ခန့် သုံးစွဲရပြီး လူနာတစ်ဦးလျှင် ၅ ပေါင်ခန့် ကုန်ကျကြောင်း သုတေသနအဖွဲ့ကို ဦးဆောင်သူ ပါမောက္ခ မာတင်လန်ဒရေက ပြောကြားခဲ့သည်။

လူ့အသက်တစ်ချောင်းကို ကယ်တင်ရန်အတွက် ၃၅ ပေါင်ခန့် ကုန်ကျနိုင်ကြောင်း၊ တစ်ကမ္ဘာလုံးတွင်လည်း ရနိုင်သောဆေးဖြစ်ကြောင်း၊ ဆေးရုံတက်ကုသနေသော လူနာများကို မဆိုင်းမတွ ယင်းဆေးကို တိုက်ကျွေးသင့်ကြောင်း ပါမောက္ခလန်ဒရေက ပြောကြားခဲ့သည်။

သို့သော် နေအိမ်တွင် နေထိုင်သူများသည် ထိုဆေးကို ဝယ်ယူသောက်သုံးရန် မသင့်ကြောင်း၊ အသက်ရှူရန် အကူအညီမလိုသည့် ရောဂါလက္ခဏာ မပြင်းထန်သော လူနာများအား Dexamethasone က အကူအညီ ပေးနိုင်ဖွယ်မရှိဟု သုတေသနပညာရှင်များက ပြောကြားခဲ့သည်။

 

Most Read

Most Recent