COVID-19 အစီအမံနှင့် ကြိုတင်ပြင်ဆင်မှု

COVID-19 အစီအမံနှင့် ကြိုတင်ပြင်ဆင်မှု
Published 16 June 2020

COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုသည် မထင်မှတ်ဘဲ ရုတ်တရက် ထဖြစ်ခြင်းဖြစ်သည်ဟုကား မဆိုနိုင်။ အထိုက်အလျောက် သိသာခဲ့သော်လည်း နိုင်ငံရေးခေါင်းဆောင်များက ခေါင်းရှောင်ကာ လျစ်လျူရှုထားခဲ့ကြသည်။ ၂၀၀၃ ခုနှစ်တွင်  SARS ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်း နှစ်အနည်းငယ်ကြာတိုင်း ရောဂါကူးစက်ပျံ့နှံ့မှုဆိုင်ရာ ပညာရှင်များနှင့် ဗိုင်းရပ်စ်ဗေဒပညာရှင်များက လူအသေအပျောက် အထိုက်အလျောက်များနိုင်ပြီး ကူးစက်ပျံ့နှံ့မှုလျင်မြန်နိုင်သော၊ တိရစ္ဆာန်များမှနေ၍ လူကို ကူးစက်နိုင်သော အဓိက ရောဂါကူးစက်ပျံ့နှံ့မှုကြီးတစ်ရပ် ဖြစ်ပွားနိုင်ကြောင်း သတိပေးနေခဲ့သည်။ ထို့ကြောင့် ရောဂါ ကူးစက်ပျံ့နှံ့မှုကြီးတစ်ရပ် ဖြစ်ပွားလာနိုင်သည်ဟူသည့်ကိစ္စမှာ သိနိုင်သောကိစ္စ၊ သိပြီးသားကိစ္စသာ ဖြစ်သည်။

SARS၊ H1N1၊ ဝက်တုပ်ကွေးနှင့် MERS တို့ကဲ့သို့သော အခြားကပ်ရောဂါများမှနေ၍ ရရှိသော သင်ခန်းစာများနှင့် ပေါင်းစပ်လျက် ကပ်ရောဂါဆိုင်ရာ တုံ့ပြန်ရေး အစီအမံတစ်ရပ်အပါအဝင် ပြင်ဆင်မှုများကို ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့များအနေဖြင့် ပိုမိုကောင်းမွန်သော ရလဒ်များရရှိခဲ့ခြင်းဖြစ်သည်။ PPE များ စုဆောင်းထားရှိခြင်းနှင့် လျင်မြန်သော အစုလိုက်အပြုံလိုက် စမ်းသပ်စစ်ဆေးမှုများနှင့် ထိတွေ့ခဲ့သူများကို ခြေရာခံမှုများ ပြုလုပ်ရန် ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများကို ထိန်းသိမ်းထားခြင်းတို့အပြင် ဆေးကုသရေးလောက၊ ဆေးရုံများနှင့် ဆေးခန်းများ၌ လုံလောက်သော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားခြင်းတို့ရှိသည့် အစိုးရအဖွဲ့များသည် ပိုမိုကောင်းမွန်သော ရလဒ်များကို တွေ့ကြုံရသည်။ ကွာရန်တင်းချထားရန်နှင့် ထိတွေ့ခဲ့သူများကို ခြေရာခံမှုများ ပြုလုပ်ရန် နည်းပညာကို ထိရောက်စွာ အသုံးပြုသည့် စင်ကာပူနိုင်ငံကဲ့သို့သော အစိုးရအဖွဲ့များ ရလဒ်ကောင်းခဲ့သည်။ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်၏ ရင်းမြစ်များ ချို့တဲ့သည့် အစိုးရအဖွဲ့များ ရလဒ်မကောင်းခဲ့ပေ။

ဗီယက်နမ်၏ ဆေးကုသရေးကဏ္ဍသည် များစွာခေတ်နောက်ကျနေသည်။ သို့သော် အကုန်အကျသက်သာသောကြောင့် အလွန်ကောင်းမွန်သော ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်ဟု ဆိုနိုင်သည်။ ကာကွယ်ခြင်းသည် ကုသရခြင်းထက် ပို၍ အကုန်အကျ သက်သာသည်သာ။ စမ်းသပ်စစ်ဆေးခြင်း၊ ထိတွေ့ခဲ့သူများကို ခြေရာခံခြင်းနှင့် သာမိုမီတာတို့သည် Ventilator များ ထားရှိရသည့် ICU များထက် အကုန်အကျသက်သာသည်သာ။ ဗီယက်နမ်သည် လူ ၁၀၀၀ လျှင် ၂.၁ ဦးနှုန်း စစ်ဆေးခဲ့ပြီး ဧပြီ ၁၉ ရက်အထိ အင်ဒိုနီးရှားသည် လူ ၁၀၀၀ လျှင် ၀.၁၅ ဦးနှုန်းသာ စစ်ဆေးနိုင်ခဲ့သည်။ 

သို့သော် ဆေးရုံများ၌ ရင်းနှီးမြှုပ်နှံမှုသည် လူ့အသက်ကို ကယ်ဆယ်ရာတွင် အဓိကကျသည်။ မလေးရှားနှင့် ထိုင်းသည် သေနှုန်းနှစ်ရာခိုင်နှုန်းအောက်သာ ရှိသည်။ အင်ဒိုနီးရှားသည် ခြောက်ရာခိုင်နှုန်းအထက်နှင့် ဖိလစ်ပိုင်သည် ကိုးရာခိုင်နှုန်းအထက်ရှိသည်။ မလေးရှားတွင် လူပေါင်း ၁၀၀၀ လျှင် သမားတော် ၁.၅၁ ဦးနှုန်းရှိပြီး အင်ဒိုနီးရှား၌ လူ ပေါင်း ၁၀၀၀ လျှင် ၀.၃၈ ဦးနှုန်းသာ ရှိသည်။ ထိုင်းနိုင်ငံတွင် နိုင်ငံရေးခေါင်းဆောင်များ မစွံလှသော်လည်း ယခုအထိ ရလဒ်ကောင်းမွန်နေခြင်းမှာ ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ရှိသောကြောင့် ဖြစ်သည်။ ထိုင်းတွင် ကမ္ဘာ့အဆင့်ဆေးရုံများနှင့် ပြည်နယ်နှင့် ခရိုင်ဆေးရုံများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံထားနိုင်သည့် ကွန်ရက်တို့လည်း ရှိသည်။ ဒေသတွင်း၌ ထိုင်းနိုင်ငံသည် COVID-19 ကို ကိုင်တွယ်ရန် အကောင်းဆုံး ဆေးကုသမှုဆိုင်ရာ အခြေခံအဆောက်အအုံရှိသည်ဟု Global Health Security Index က ဖော်ပြသည်။

ဖိလစ်ပိုင်တွင် အလွန်ကောင်းမွန်သည့် ဆေးကျောင်းများနှင့် သူနာပြုကျောင်းများရှိပြီး ဆေးဝန်ထမ်းများစွာတို့ ပြည်ပတွင် အလုပ်လုပ်ကိုင်နေကြသည်။ သို့သော် ဖိလစ်ပိုင်သည် ပြည်တွင်း ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ် ညံ့ဖျင်းသည်။ တစ်ကမ္ဘာလုံးက စံထားရသည့် စင်ကာပူ၏ COVID-19 အပေါ် အစောပိုင်းတုံ့ပြန်မှုသည် ဒုတိယလှိုင်းကြောင့် ပျက်ပြယ်ခဲ့ရသည်။ စင်ကာပူကို ပထမကမ္ဘာအဆင့် အခြေခံအဆောက်အအုံများနှင့် ဘဝနေထိုင်မှုပုံစံ ဖြစ်အောင် တည်ဆောက်ပေးရာ၌ အဓိကကျသည့် ရွှေ့ပြောင်းလုပ်သား ၃၀၀၀၀၀ ခန့်၏ ကျပ်သိပ်ကာ ဆင်းရဲသည့် နေထိုင်မှုအခြေအနေရပ်များကြောင့် ဒုတိယလှိုင်းတွင် အကြီးအကျယ် ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားသောကြောင့် ဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ ဗိုင်းရပ်စ်ကူးစက်ခံရမှုများက လူတန်းစား၊ ချမ်းသာကြွယ်ဝမှု၊ လူမျိုး၊ အဆင့်အတန်းတို့နှင့် မဆိုင်ကြောင်းကိုလည်းကောင်း အဆင်းရဲဆုံးနှင့် အနိမ့်ကျဆုံး လူများအပေါ် ကျန်းမာရေးစောင့်ရှောက်မှု ပေးရမည့်တာဝန်ကို အစိုးရအနေဖြင့် ပျက်ကွက်ပါက တစ်နိုင်ငံလုံးရှိ မည်သူ့အပေါ်ကိုမဆို လာရောက်ရိုက်ခတ်နိုင်ကြောင်းကိုလည်းကောင်း COVID-19 သတိပေးခဲ့ပြီးဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(ဇွန် ၁၆ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent