လက်တင်အမေရိကနှင့် ကာရစ်ဘီယံတွင် COVID- 19 ကြောင့် သေဆုံးသူ ၈၀၀၀၀ ကျော်ရှိလာ

လက်တင်အမေရိကနှင့် ကာရစ်ဘီယံတွင် COVID- 19 ကြောင့် သေဆုံးသူ ၈၀၀၀၀ ကျော်ရှိလာ
 ဘရာဇီး၏ ဆော်ပေါ်လိုမြို့တွင် အားကစားရုံတစ်ခုအတွင်း တည်ဆောက်ထားသော ယာယီဆေးရုံကို ဇွန် ၉ က တွေ့ရစဉ်
ဘရာဇီး၏ ဆော်ပေါ်လိုမြို့တွင် အားကစားရုံတစ်ခုအတွင်း တည်ဆောက်ထားသော ယာယီဆေးရုံကို ဇွန် ၉ က တွေ့ရစဉ်
Published 16 June 2020
Ref: AFP, Reuters

လက်တင်အမေရိကနှင့် ကာရစ်ဘီယံဒေသတစ်ဝန်းတွင် ဗိုင်းရပ်စ်ကူးစက်မှု အရှိန်မြင့်တက်နေစဉ် ယင်းဒေသတွင် COVID-19 ကြောင့် စုစုပေါင်းသေဆုံးသူအရေအတွက်သည် ဇွန် ၁၅ ရက်တွင် ၈၀၀၀၀ ကျော်ရှိလာပြီး သေဆုံးသူထက်ဝက်ကျော်သည် ဘရာဇီးနိုင်ငံမှ ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်သည့် စာရင်းများကို အခြေခံပြီး အေအက်ဖ်ပီက ပြုစုထားသည့် စာရင်းအရ သိရသည်။

လက်တင်အမေရိက၌ မတ်တွင် ကိုရိုနာဗိုင်းရပ်စ်စတင်ပျံ့နှံ့ခဲ့ပြီးနောက် စုစုပေါင်းသေဆုံးသူ ၈၀၅၀၅ ဦးရှိခဲ့ပြီး ယင်းတို့အနက် ၄၃၉၅၉ ဦးသည် ဘရာဇီးနိုင်ငံမှ ဖြစ်သည်။

ဘရာဇီးတွင် ဇွန် ၁၅ ရက်တွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူသစ် ၆၂၇ ဦး ရှိခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ပျမ်းမျှသေဆုံးမှုနှုန်း ၁၀၀၀ ခန့်ထက် ကျဆင်းခဲ့သည်။ သီတင်းပတ်ကုန်အတွင်း သေဆုံးမှုနှုန်းများ ပုံမှန်ကျဆင်းခဲ့သော်လည်း ဇွန် ၁၅ ရက်တွင် ဗိုင်းရပ်စ်ကူးစက်မှုသစ် ၂၀၀၀၀ ခန့်ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ လူဦးရေ ၂၁၂ သန်းရှိသည့် ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၈၈၈၂၇၁ ဦးရှိပြီး အာရှတိုက်တစ်ခုလုံးတွင် ကူးစက်သည့် အရေအတွက်ထက် ပိုများခဲ့သည်။

အမေရိကန်ပြီးလျှင် ကမ္ဘာတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုဒုတိယအများဆုံး နိုင်ငံဖြစ်သော်လည်း ဘရာဇီးရှိပြည်နယ်များနှင့် မြို့များတွင် Social Distancing စည်းကမ်းများကို ပြီးခဲ့သည့်သီတင်းပတ်များမှ စတင်ဖြေလျှော့ပေးခဲ့သည်။

ဘရာဇီးအစိုးရက တရားဝင်ထုတ်ပြန်သည့် ကိန်းဂဏန်းများတွင် ကပ်ရောဂါကြောင့် သေဆုံးသည့် အရေအတွက်သည် ၄၃၉၅၉ ဦးအထိမြင့် တက်လာသည်ဟု ဖော်ပြခဲ့သော်လည်း  လက်တင်အမေရိက၏ အကြီးဆုံးနိုင်ငံဖြစ်သော ဘရာဇီးတွင် ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးမှု မရှိသောကြောင့် အမှန်တကယ် သေဆုံးသည့် အရေအတွက်သည် စာရင်းတွင် ဖော်ပြထားသည်ထက် ပိုများနိုင်ခြေရှိသည်ဟု ကျန်းမာရေးပညာရှင်များက ပြောကြားခဲ့သည်။

လူဦးရေ သန်း ၁၂၀ ရှိသည့် မက္ကဆီကိုနိုင်ငံသည် လက်တင်အမေရိကတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးမှု ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး ကူးစက်ခံရသူ ၁၄၆၈၃၇ ဦးတွင် ၁၇ç၁၄၁ ဦး သေဆုံးခဲ့သည်။

ပီရူးနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အဆိုးရွားဆုံးအထိနာခဲ့သည့် နိုင်ငံများထဲတွင် ပါဝင်ခဲ့ပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူစုစုပေါင်း ၆၆၈၈ ဦးရှိလာပြီ ဖြစ်သည်။ ပီရူးနိုင်ငံ၏ ဂျီဒီပီသည် တစ်နှစ်ထက်တစ်နှစ် ကျဆင်းခဲ့ပြီး ယခုနှစ် ဧပြီတွင် ၄၀ ရာခိုင်နှုန်းကျော်အထိ ကျဆင်းခဲ့သည်ဟု  အစိုးရက ဇွန် ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

ကမ္ဘာတွင် ကြေးနီ၊ ရွှေနှင့် ငွေထုတ်လုပ်မှု အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည့် ပီရူးနိုင်ငံ၏ သတ္တုတွင်း ထုတ်လုပ်မှုသည် ဧပြီတွင် ၄၂.၂၉ ရာခိုင်နှုန်းကျော် ကျုံ့သွားသည်ဟု နိုင်ငံတော်စာရင်းအင်းအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဆယ်စုနှစ်တွင် လက်တင်အမေရိက၌ စီးပွားရေးအခိုင်မာဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်သည့် ပီရူး၏ စီးပွားရေးသည် မတ်တွင် ၁၆ ရာခိုင်နှုန်းကျော် ကျုံ့သွားခဲ့သည်။

ချီလီတွင် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဗိုင်းရပ်စ်ကူးစက်မှု အရှိန်မြင့်တက်လာပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၈၀၀၀၀ ခန့်နှင့် သေဆုံးသူ ၃၃၆၂ ဦး ရှိခဲ့သည်။

လက်တင်အမေရိကနှင့် ကာရစ်ဘီယံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အရေအတွက်သည် ယခုအခါ ၁၆၈၁၂၇၈ ဦး ရှိလာပြီဖြစ်သည်။

လက်တင်အမေရိကသည် စိုးရိမ်ပူပန်စရာအခြေအနေတစ်ခုအဖြစ် ဆက်ရှိနေသေးသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ အရေးပေါ်အခြေအနေများဆိုင်ရာ အစီအစဉ်၏အမှုဆောင်ဒါရိုက်တာ Mike Ryan က ဇွန် ၁၅ ရက်တွင် ပြောကြားခဲ့သည်။

“လက်တင်အမေရိကမှာ ဘရာဇီးတစ်နိုင်ငံတည်း ကွက်ပြီး ဗိုင်းရပ်စ်ကူးစက်မှုမြင့် တက်နေတာမဟုတ်ပါဘူး။ မက္ကဆီကိုနဲ့ ချီလီနိုင်ငံမှာဗိုင်းရပ်စ်ကူးစက်မှုက သိသိသာသာ မြင့်တက်နေတုန်းပါပဲ။ အမေရိက အလယ်ပိုင်းနဲ့ တောင်ပိုင်းမှာ ဗိုင်းရပ်စ်ကူးစက်မှုက စိုးရိမ်စရာအခြေအနေရှိနေတုန်းလို့ ဖော်ပြချင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်နှောင်းပိုင်းတွင် တရုတ်နိုင်ငံ၌ ဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၃၅၁၇၆ ဦးအပါအဝင် ဗိုင်းရပ်စ်ကူးစက်သူ စုစုပေါင်း ၈၀၀၀၂၀၂ ဦးထက်မနည်းရှိခဲ့ပြီး အများစုသည် ဥရောပမှဖြစ်သည်။ နိုင်ငံအများစုသည်  ပြင်းထန်ဖျားနာမှုများကိုသာ စစ်ဆေးခြင်း(သို့မဟုတ်)  အကန့်အသတ်ရှိသော စစ်ဆေးမှုများကြောင့် အတည်ပြုသည့် အရေအတွက်သည် အမှန်တကယ်ဖြစ်ပွားသည့် အရေအတွက်နှင့်  အနည်းငယ်ကွဲလွဲမှုရှိနိုင်သည်ဟု ပညာရှင်များကပြောကြားခဲ့သည်။

 

 

Most Read

Most Recent