တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ် ဝန်ကြီးချုပ်တို့ လက်ရှိ မဲဆန္ဒနယ်၌ပင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ယှဉ်ပြိုင်မည်

တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ် ဝန်ကြီးချုပ်တို့ လက်ရှိ မဲဆန္ဒနယ်၌ပင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ယှဉ်ပြိုင်မည်
Published 14 June 2020
ဉာဏ်လင်းထွန်း

NLD ပါတီမှ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်များကို မြို့နယ်အဆင့်တွင် စတင်ရွေးချယ်လျက်ရှိရာ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်မှ ဝန်ကြီးချုပ်တို့သည် လက်ရှိမဲဆန္ဒနယ်၌ပင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အဆိုပြုထားကြောင်း သိရသည်။

ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်သည် ဘားအံမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်၌ ဆက်လက်ယှဉ်ပြိုင်ရန် လျှောက်လွှာတင်ထားသည်ဟု ယင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းသန်းသန်းလွင်က ပြောကြားသည်။

“ဘားအံမှာပဲ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ ဝင်ပြိုင်ပါမယ်။ အခုက ကိုယ်စားလှယ်လောင်း မဲပေးရွေးချယ် တာလုပ်တုန်း။ မပြီးသေးဘူး” ဟု ၎င်းက ဇွန် ၁၄ ရက် မွန်းလွဲပိုင်းတွင် ပြောကြားသည်။

ဒေါ်နန်းခင်ထွေးမြင့်သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၁၁ ဦး ဝင်ရောက် ယှဉ်ပြိုင်သည့် ဘားအံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တွင် ယှဉ်ပြိုင်အနိုင်ရရှိပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

ထို့ပြင် ကချင်ပြည်နယ်၏ ဝန်ကြီးချုပ်ဖြစ်သူ ဒေါက်တာခက်အောင်လည်း လက်ရှိ မဲဆန္ဒနယ်ဖြစ်သည့် မြစ်ကြီးနားမြို့နယ်၌ပင် ရွေးကောက်ပွဲ ဆက်လက်ယှဉ်ပြိုင်ရန် အဆိုပြုထားသည်ဟု ယင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆမ် က ပြောကြားသည်။

သို့သော် ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ဝင်ရောက်ယှဉ်ပြိုင်ရန် အဆိုပြုထားသည့် မြစ်ကြီးနားမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် (၁) မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အဆိုပြုထားသူ ကိုယ်စားလှယ်လောင်း သုံးဦးရှိပြီး ဒေါက်တာခက်အောင်သည် ဒုတိယဦးစားပေးအဖြစ် ရွေးချယ်ခံရသည်ဟု သိရသည်။

“လျှို့ဝှက်မဲနဲ့ ပေးကြတဲ့အထဲမှာ (ဦးစားပေး) ၂ မှာ ဖြစ်တယ်” ဟု ဦးအင်ထုံးခါးနော်ဆမ်က ပြောကြားသည်။

ဒေါက်တာခက်အောင်သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီ မြစ်ကြီးနားမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်အနိုင်ရကာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရခြင်း ဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်သည်လည်း လက်ရှိ ကော့သောင်းမြို့နယ် မဲဆန္ဒနယ်၌ပင် ရွေးကောက်ပွဲ ဆက်လက်ယှဉ်ပြိုင်ရန် အဆိုပြုထားသည်ဟု အဆိုပါမြို့နယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ဇော်က အတည်ပြုသည်။          

“မြို့နယ်မှာ ကိုယ်စားလှယ်လောင်း ရွေးချယ်တာတော့ ပြီးသွားပြီ။ ရွေးချယ်တဲ့ အခြေအနေကိုတော့ ကျွန်တော်လည်း မသိဘူး” ဟု ၎င်းက ဆိုသည်။

ဝန်ကြီးချုပ် ဦးမြင့်မောင်သည် ယခင်က တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော် အဂတိမှုဖြင့် အရေးယူခံရပြီးနောက် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းလည်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ယှဉ်ပြိုင်ခဲ့သည့် ရေတာရှည်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ်တွင် ဆက်လက်ယှဉ်ပြိုင်ရန် ပထမဦးစားပေးအဖြစ် ရွေးချယ်ခံထားရကြောင်း သိရသည်။

NLD ပါတီမှ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကို မြို့နယ်အသီးသီးတွင် ပြုလုပ်လျက်ရှိပြီး ဇွန်လကုန်တွင် အပြီးသတ်ရွေးချယ်ကာ ပါတီဗဟိုသို့ တင်ပြရမည်ဟု သိရသည်။

Most Read

Most Recent