ပွင့်လင်းမြင်သာမှုအတွက် မေးခွန်းထုတ်ဝေဖန်နေကြသော စီမံကိန်းမြေဧရိယာ ၁၈၀,၀၀၀ ကျော်ရှိသည့် တရုတ်ပိုင် သြစတြေးလျကုမ္ပဏီ PanAust ၏ ဝန်းသို (၃) လုပ်ကွက်

ပွင့်လင်းမြင်သာမှုအတွက် မေးခွန်းထုတ်ဝေဖန်နေကြသော စီမံကိန်းမြေဧရိယာ ၁၈၀,၀၀၀ ကျော်ရှိသည့် တရုတ်ပိုင် သြစတြေးလျကုမ္ပဏီ PanAust ၏ ဝန်းသို (၃) လုပ်ကွက်
ပင်လည်ဘူး-ဝန်းသို-ဗန်းမောက်မြို့နယ်အတွင်း ကြေးနီနှင့် ဆက်စပ်သတ္တု စမ်းသပ်တိုင်းတာရေး လုပ်ငန်းအဆိုပြု လုပ်ကွက်တည်နေရာပြပုံ
ပင်လည်ဘူး-ဝန်းသို-ဗန်းမောက်မြို့နယ်အတွင်း ကြေးနီနှင့် ဆက်စပ်သတ္တု စမ်းသပ်တိုင်းတာရေး လုပ်ငန်းအဆိုပြု လုပ်ကွက်တည်နေရာပြပုံ
Published 14 June 2020
ဇော်မင်းနိုင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် သတ္တုတွင်းကဏ္ဍ၌ ပြည်ပရင်းနှီးမြှုပ်နှံမှုအတွက် အကြီးမားဆုံးခွင့်ပြုမှုဟု ဆိုနိုင်သည့် သတ္တုစမ်းသပ်ရှာဖွေရေး လုပ်ကွက်တစ်ခုကို ၂၀၂၀ ပြည့်နှစ်တွင် ချပေးခဲ့သည်။

မြေဧရိယာဧက တစ်သိန်းရှစ်သောင်းကျော်ပါဝင်ခဲ့သည့် ယင်းလုပ်ကွက်ကို တရုတ်အစိုးရပိုင် သြစတြေးလျ အခြေစိုက်ကုမ္ပဏီဖြစ်သည့် PanAust ကုမ္ပဏီက လုပ်ပိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

ကြေးနီနှင့် ဆက်စပ်သတ္တုများကို ရှာဖွေရေး၊ စမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာရေးဟု အမည်တပ်ထားသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ခွင့်ပြုမိန့်အရ Wuntho Resources ကုမ္ပဏီမှာ PanAust ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီဟု ဆိုရမည်ဖြစ်သည်။

 

စင်ကာပူနိုင်ငံထက် ပိုကြီးတဲ့ ဝန်းသို (၃) လုပ်ကွက်ဆိုတာ ဘာလဲ

ဝန်းသို (၃) လုပ်ကွက်မှာ ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ စတုရန်း ကီလိုမီတာ ၇၅၀ အကျယ်ရှိပြီး ယင်းနေရာများတွင် ကြေးနီနှင့် အခြားသတ္တုများ ရှာဖွေရေးလိုင်စင်ကို ၂၀၂၀ ပြည့်နှစ် မေ ၂၇ ရက်တွင် နေပြည်တော်၌ အစိုးရက ပေးအပ်ခဲ့သည်။

ဝန်းသို (၃) လုပ်ကွက်ဟု အမည်ပေးထားသော်လည်း ယင်းလုပ်ကွက်တွင် ဝန်းသို၊ ပင်လည်ဘူး၊ ဗန်းမောက်မြို့နယ်များမှ နေရာအချို့လည်း ပါဝင်သည်။

ဝန်းသို (၃) လုပ်ကွက်ရရှိရန် လပေါင်း ၂၀ ကျော်ကြာ အစိုးရ၊ ကုမ္ပဏီနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ နယ်ခံရပ်ရွာလူထုများ ပူးပေါင်းဆောင်ရွက်ခဲ့ရသည်ဟု The Daily Eleven သတင်းစာက PanAust ကုမ္ပဏီဘက်သို့ E-mail ဖြင့် ဆက်သွယ်မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားသည်။

သတ္တုစူးစမ်းရှာဖွေခွင့်ကို လိုင်စင်ရရှိပြီး ရက် ၉၀ အကြာက စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဝန်းသို (၃) ၏ လိုင်စင်သက်တမ်းမှာ ခုနစ် နှစ်မှ ၁၂ နှစ်အထိဖြစ်ကြောင်း၊ သက်တမ်းတိုးလိုပါက အစိုးရထံထပ်မံ လျှောက်ထားရမည်ဖြစ်ကြောင်း ကုမ္ပဏီက ပြန်လည်ဖြေကြားသည်။

“ အခုအဆင့်မှာ ကုမ္ပဏီအနေနဲ့ သတ္ထု တူးဖော်မှုများကို ပြုလုပ်မှာ မဟုတ်ပါဘူး။ ယခင်က အခြားသော ကုမ္ပဏီများ ယခုတိုင်းဒေသကြီးအတွင်းမှာ အလားတူစူးစမ်းရှာဖွေမှုများ ပြုလုပ်ထားမှုများအရ PanAust ရဲ့ အခု ဝန်းသို (၃) စူးစမ်းရှာဖွေမှုမှာ ကြေးနီနဲ့ ဆက်စပ်သတ္တုများကို အဓိကထားရှာဖွေမှာ ဖြစ်ပါတယ်။ ရှေ့က ဝန်းသို (၁) နဲ့ (၂) ကလည်း ကြေးနီနဲ့ ရွှေကိုပဲ စူးစမ်းရှာဖွေခဲ့ပါတယ်” ဟု ကုမ္ပဏီက ပြန်လည်ဖြေကြားသည်။

ဝန်းသို(၃) လုပ်ကွက်မရရှိမီကပင် ကုမ္ပဏီအနေဖြင့် ပင်လည်ဘူးမြို့တွင် ၄၀၀ စတုရန်းကီလိုမီတာရှိ ဝန်းသို (၂) အမည်ရှိ လုပ်ကွက်တစ်ခုနှင့် ဗန်းမောက်မြို့နယ်တွင် ၅၂၇ စတုရန်းကီလိုမီတာရှိ ဝန်းသို (၁) ဟူသည့် လုပ်ကွက်များကို ဆောင်ရွက်လျက်ရှိသည်။ ယင်းလုပ်ကွက်များတွင်လည်း သတ္တု စူးစမ်းရှာဖွေရေး လုပ်ငန်းများကို လုပ်ကိုင်နေသည်။

ဝန်းသို (၃) လုပ်ကွက် စတင်ခြင်းကြောင့် မြန်မာနိုင်ငံတွင်အလုပ်အကိုင်များကို ဖန်တီးပေးသွားမည်ဖြစ်ပြီး ကုမ္ပဏီအနေဖြင့် မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်မည်ဟု PanAust ၏ အမှုဆောင်ဥက္ကဋ္ဌ ဒေါက်တာကွင်ရန်က ပြောကြားသည်။

“ မြန်မာပြည်မှာ သတ္တုရှာဖွေစူးစမ်းမှုများ ပြုလုပ်စဉ်ကာလမှာ PanAust အနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းအပါအဝင် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်တဲ့ လုပ်ထုံးလုပ်နည်းများကို အသုံးချပြီး မြန်မာနိုင်ငံရဲ့ ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ သာယာဝပြောမှုအတွက် ကုမ္ပဏီအနေနဲ့ ပါဝင်နိုင်အောင် ကြိုးစားသွားပါမယ်” ဟု ဒေါက်တာကွင်ရန်က ပြောကြားသည်။

ဝန်းသို (၃) လုပ်ကွက်အတွက် လေ့လာတိုင်းတာခြင်းလုပ်ငန်းများကိုလည်း မတ်လအတွင်းက ဆောင်ရွက်ခဲ့သည်။ ဝန်းသို (၃) လုပ်ကွက်မှာ စတုရန်းကီလိုမီတာ ၇၅၀ ရှိသဖြင့် စတုရန်းကီလိုမီတာ ၇၀၇ ဒသမ ၁ ကီလိုမီတာသာရှိသည့် စင်ကာပူနိုင်ငံထက် ပိုမိုကြီးမားသည်။

ဝန်းသိုမြို့နယ်နှင့် ဆက်စပ်ဒေသများမှာ ယခင်ကတည်းက ရွှေထွက်သဖြင့် ဒေသခံများက တနိုင်တပိုင် လုပ်ကိုင်စားသောက်ခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်များအဖွဲ့ (MATA) မှ အဖွဲ့ဝင် ဦးအောင်ကျော်မိုး၏ အဆိုအရ ၁၉၈၉ ခုနှစ်အထိ ဒေသခံများအနေဖြင့် အင်ဝိုင်း တစ်လက်နှင့် ပေါက်ပြားတစ်ချပ်ရှိလျှင် ရွှေမှ ငွေအဖြစ်သို့ ပြောင်းလဲနိုင်သည်ဟု သိရသည်။

“ ၁၉၈၉ ခုနှစ်ထိ ဒေသခံတွေက အင်ဝိုင်းတစ်ချပ်နဲ့ ပေါက်ပြား တစ်လက်ရှိရင် ရွှေကနေ ငွေကြေးအဖြစ် ပြောင်းလဲနိုင်ခဲ့တဲ့ အခြေအနေပါ။ အဲဒီထက်ပိုပြီးတတ်နိုင်ခဲ့ရင်တော့ ဂျင်မာတရုတ် အင်ဂျင်လေး ဝယ်ပြီး ချောင်းအညာတစ်လျှောက် တူးဆွပြီး ရှာဖွေနေကြတာကို မြင်မိပါတယ်။ ဝန်းသိုမြို့နယ်မှာ ရွှေဟာ နေရာအနှံ့ထွက်ပါတယ်။ ရွှေ အောင်တယ်ဆိုတဲ့ စကားနဲ့ ရွှေရလားဆိုတဲ့ စကားရပ်တောင် မတူကြပါဘူး။ ရွှေ အောင်တယ်ဆိုတာ ပိဿာနဲ့ ချီပြီးရမှ ပြောကြတဲ့စကားဖြစ်သလို ရွှေရလားဆိုတာက တမူးတစ်ပဲကနေ ကျပ်သားအထိ ရတာကို ပြောဆိုကြတာ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ ဥပဒေတွေ ထွက်လာပြီး အင်ဝိုင်းနဲ့ ပေါက်ပြားက ထောင်ထဲရောက်ဖို့ ဖြစ်လာပါတယ်” ဟု ဦးအောင်ကျော်မိုးက ၎င်း၏လူမှုကွန်ရက်စာမျက်နှာ Facebook တွင် ရေးသားထားသည်။

ဝန်းသိုဒေသတွင် ကုမ္ပဏီများ ဝင်လာပြီးနောက်ပိုင်းတွင် အလွန်အကျွံ ရွှေထုတ်ယူမှုများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ ရှိခဲ့သည်ဟု ဦးအောင်ကျော်မိုးက ဆက်လက်ရေးသားထားသည်။

“ ကုမ္ပဏီတွေ ဝင်လာတဲ့အခါမှာတော့ အပေါ်ရွှေမဟုတ်တော့ဘဲ ရွှေအောင်ဝင်နေတဲ့ ကျောက်ရွှေကို ရှာဖွေလာကြပြီး ဆိုင်ယာနိုက်အက်စစ် အသုံးပြုချက် လုပ်ခဲ့ကြပါတယ်။ ဝန်းသို၊ ဗန်းမောက်နဲ့ ပင်လည်ဘူး နယ်ဘက်တွေမှာ တရားဝင်တူးဖော်တဲ့ ကုမ္ပဏီတွေနဲ့ တရားမဝင် တူးဖော်တဲ့ ကုမ္ပဏီကြောင့် ဒေသထဲမှာ အငြင်းပွားစရာတွေဖြစ်နေပေမဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း ကြပ်မတ်ဖြေရှင်းပေးနိင်ဖို့ ခက်ခဲတယ်လို့ သိရပါတယ်။ ရွှေ ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုတဲ့ ပြဒါးနဲ့ ဆိုင်ယာနိုက်အက်စစ်ကို အလွန်အကျွံထိန်းညှိမှုမရှိဘဲ အသုံးပြုခဲ့တဲ့အကျိုးဆက်အနေနဲ့က ဒေါင်းမြူးချောင်းတစ်လျှောက်နဲ့ အချို့နေရာတွေမှာ ငါးမျိုးစိတ်တွေ ပျောက်ကွယ်ကုန်တာပါပဲ။ အင်းတော်မြို့နယ်ထဲက မဲဇာချောင်းဆိုရင် ရွှေစွန့်ပစ်မြေဇာတွေကြောင့် တိမ်ကော သွားတာတွေ့ရသလို ဧရာဝတီမြစ်ထိ အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ အခု ဝန်းသိုနယ်မှာရှိတဲ့ ဒေါင်းမြူးချောင်းဟာ သဖန်းဆိပ်ဆည်ရဲ့ ရေဝင်ချောင်းတစ်ခု အဖြစ်ရှိတာကိုလဲ တွေ့ရပါတယ်။ ၁၉၉၅ ခုနှစ်မှာ ဝန်းသိုမြို့နယ်မှာ တောင်ကျရေ ကျိုးပေါက်မှုကြောင့် လူဦးရေ ၃၀၀ (သုံးရာ) နီးပါး သေဆုံးခဲ့ရသလို နေအိမ်အမြောက်အမြား ပျက်စီးခဲ့ရပါတယ်။ အဲဒီဖြစ်ရပ်ဟာ ဒီနေ့ထိ ခြောက်လှန့်နေဆဲပါ” ဟု ဦးအောင်ကျော်မိုးက ဆက်လက်ရေးသားထားသည်။

 

လုပ်ပိုင်ခွင့်ရသည့် PanAust ကုမ္ပဏီ ဆိုတာ ဘယ်လိုကုမ္ပဏီလဲ

ဝန်းသို (၃) လုပ်ကွက်အားရရှိခဲ့သည့်ကုမ္ပဏီမှာ PanAust ကုမ္ပဏီ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ရရှိခဲ့သည့် ကုမ္ပဏီအမည်မှာ Wintho Resources အမည်ဖြင့် လုပ်ပိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

PanAust အနေဖြင့် Wintho Resources Company Limited (WRCL) ကုမ္ပဏီ၌ ရာခိုင်နှုန်း ၉၀ ပိုင်ဆိုင်ပြီး ပြည်တွင်းမိတ်ဖက်ကုမ္ပဏီတစ်ခုဖြစ်သည့် Myanmar Energy Resources Group International Company Limited (MERG) နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ၎င်း MERG က ကျန် ၁၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်း၊ လက်ရှိတွင် ၎င်းအကျိုးတူဆောင်ရွက်မှုအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဧရိယာ အကျယ် စုစုပေါင်းစတုရန်းကီလိုမီတာ ၁၅၀၀ အတွင်း ရှာဖွေခွင့်လိုင်စင် ခုနစ်ခုရရှိထားသည်။

တရုတ်အစိုးရပိုင် ယင်းကုမ္ပဏီမှာ သြစတြေးလျနိုင်ငံတွင် ကုမ္ပဏီရုုံးအခြေစိုက်ပြီး အာရှတွင် လာအို၊ မြန်မာ၊ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းစုနိုင်ငံဖြစ်သည့် ပါပူဝါနယူးဂီနီနှင့် တောင်အမေရိကတိုက်ရှိ ချီလီနိုင်ငံများတွင် သတ္တုရှာဖွေ တူးဖော်ရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။

ကုမ္ပဏီ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များမှာ ခြောက်ဦးရှိပြီး ငါးဦးမှာ တရုတ်လူမျိုးများဖြစ်ကြောင်း ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်များအရ သိရသည်။

လက်ရှိအစိုးရလက်ထက်၌ သတ္တုတူးဖော်ရေး ဥပဒေအသစ် ပြဋ္ဌာန်းပြီးနောက် ပထမဆုံးခွင့်ပြုပေးခဲ့သည့် သတ္တုရှာဖွေရေး လိုင်စင်ကိုလည်း ၂၀၁၈ ခုနှစ်တွင် PanAust က ရရှိခဲ့သည်။ အဆိုပါလိုင်စင် မတိုင်မီက အလားတူသတ္တုရှာဖွေရေး လိုင်စင်သုံးခုကို ၂၀၁၆ ခုနှစ်အတွင်း ရရှိခဲ့ဖူးသည်။

လာအိုနိုင်ငံတွင် လုပ်ကိုင်နေသည့် လုပ်ကွက်မှာ ၂၆၀၀ စတုရန်း ကီလိုမီတာအကျယ်အဝန်းရှိပြီး Phu Bia Mining အမည်ရှိ ကုမ္ပဏီတွင် ရာခိုင်နှုန်း ၉၀ ပါဝင်ကာ လုပ်ကိုင်နေခြင်းဖြစ်သည်။ ကျန်သည့် ၁၀ ရာခိုင်နှုန်းမှာ လာအိုအစိုးရက ပိုင်ဆိုင်မှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

ပါပူဝါနယူးဂီနီတွင်မူ PanAust ကုမ္ပဏီ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် Frieda River လီမိတက်က လုပ်ကိုင်နေခြင်းဖြစ်သည်။

ချီလီနိုင်ငံတွင် Inca de Oro အမည်ရှိ ရွှေနှင့် ကြေးနီတူးဖော်ရေးလုပ်ငန်းကို Inca de Oro S.A ကုမ္ပဏီနှင့် ပူးပေါင်းကာလုပ်ကိုင်နေသည်။ ယင်းပရောဂျက်တွင် PanAust ကုမ္ပဏီက ၆၆ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။

         

ပွင့်လင်းမြင်သာမှုအတွက် မေးခွန်းထုတ်ရမယ့် PanAust ကုမ္ပဏီရဲ့ ဝန်းသို (၃) လုပ်ကွက်

စင်ကာပူနိုင်ငံထက် အရွယ်အစားကြီးမားသည့် ကြေးနီနှင့် အခြားသတ္တုများ ရှာဖွေရေးလုပ်ကွက်ကို ရရှိထားသော်လည်း PanAust ကုမ္ပဏီ၏ လုပ်ပိုင်ခွင့်မှာ ပွင့်လင်းမြင်သာမှုမရှိကြောင်း ဒေသခံလွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံများက ပြောကြားသည်။

စီမံကိန်းမှာ မည်သည့်စီမံကိန်းဖြစ်သည်၊ မည်သည့်လုပ်ငန်းများကို လုပ်ကိုင်မည်ဆိုသည်ကို ဒေသခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံများကို ရှင်းရှင်းလင်းလင်း ပြောကြားရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ထိထိရောက်ရောက်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဝန်းသိုမြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦးက ပြောကြားသည်။

“ ဒီစီမံကိန်းနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေကို လာပြီးတော့ ရှင်းပြတာလည်း မရှိဘူး။ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒါနဲ့ပတ်သက်လို့ ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ဖို့တော့ လိုပါတယ်။ ကျွန်တော်တို့ဖြစ်စေချင်တာကတော့ စီမံကိန်းတစ်ခုခုကို ခွင့်ပြုပြီဆိုရင် ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေကို စီမံကိန်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို လာပြီးတော့မှ ရှင်းပြပေးစေချင်ပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦးက ပြောကြားသည်။

စီမံကိန်းဧရိယာမှာ မည်သည့်နေရာမှ စတင်ကာ မည်သည့်နေရာအထိ ပါဝင်သလဲဆိုသည်မှာ မေးခွန်းထုတ်ရမည့် အခြေအနေဖြစ်နေပြီး နာမည်ကျော် ဇလုံတောင်ဧရိယာမှာ လွတ်ကင်းမှု ရှိ မရှိ ဆိုသည်ကို မည်သူမျှ မသိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားများ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ စိုင်းသန့်ဇင်ဦးက ပြောကြားသည်။

“ ဇလုံတောင် ပါသလား မပါသလားဆိုတာလည်း ဘယ်သူမှမသိဘူး။ မပါဘူးဆိုရင်လည်း သူ့ပတ်ဝန်းကျင်ဧရိယာဖြစ်တဲ့ ကြိုးဝိုင်းဧရိယာကတော့ လွတ်မှာမဟုတ်ဘူး။ အဲဒီနေရာကို ဘယ်သူ့ကိုမှ လုပ်ကိုင်ခွင့်ပေးမထားဘူး”  ဟု ဥက္ကဋ္ဌ စိုင်းသန့်ဇင်ဦးက ပြောကြားသည်။

PanAust ကုမ္ပဏီအား လုပ်ပိုင်ခွင့်ပေးအပ်ခြင်း မပြုမီတွင် ပြည်ထောင်စုအစိုးရအဖွဲ့က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ သဘောထားတောင်းခံခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့က သက်ဆိုင်ရာအဖွဲ့များနှင့် ကွင်းဆင်းစစ်ဆေးကာ သဘောထားမှတ်ချက်ပေးခဲ့ကြောင်း၊ ယခုစမ်းသပ်လုပ်ကွက်များမှာ အကြီးစားလုပ်ကွက်များတွင် ပါဝင်သဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့နှင့်သာ သက်ဆိုင်ကြောင်း၊ ကုမ္ပဏီမှ လူများကို မြင်ဖူးခြင်းတောင်မရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးလာလ်ထောင်ထန်းက ပြောကြားသည်။

“ ကွင်းဆင်းစစ်ဆေးတော့ လွတ်ကင်းတဲ့နေရာကိုတော့ စမ်းသပ်တိုင်းတာတော့ ကန့်ကွက်ရန်မရှိဘူးလို့ ကျွန်တော်တို့သဘောထား ပေးလိုက်တယ်။ ကျန်တဲ့အသေးစိတ်ကတော့ ပြည်ထောင်စုကို မေးမှရမယ်။ အသေးစိတ်ကတော့ ကျွန်တော်တို့ တိုင်းအစိုးရအဖွဲ့က မသိရဘူး။ ကျွန်တော်တို့ကတော့ စမ်းသပ်တိုင်းတာ,တာ ဖြစ်မြောက်နိုင်စွမ်း လေ့လာတာတို့ကျတော့ ပတ်ဝန်းကျင်လည်း ထိခိုက်မှုမရှိဘူး။ ဒေသခံတွေလည်း အလုပ်အကိုင် အခွင့်အလမ်းရတယ်။ နောက်ပြီးတော့ စိုက်ပျိုးမြေတို့ သုသာန်မြေတို့ ကျေးရွာမြေတို့ကို ဖယ်ပြီးတော့ ကျွန်တော်တို့အနေနဲ့ ကန့်ကွက်ရန်မရှိလောက်ပဲ ပေးလို့ရတာ။ ကျွန်တော်တို့အနေနဲ့ လူတောင်မမြင်ဖူးသလို ဒီကိုလည်း လာတောင်မလာဘူး။ သူတို့နဲ့ ကျွန်တော်တို့ ချိတ်ဆက်တာလည်းမရှိဘူး” ဟု ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးလာလ်ထောင်ထန်းက ပြောကြားသည်။

ယင်းသို့လုပ်ကိုင်ခွင့်ပြုခဲ့သဖြင့် တိုင်းအစိုးရအဖွဲ့အနေဖြင့် မြေငှားရမ်းခအဖြစ် တစ်ဧကလျှင် ကျပ်ငါးသောင်းခန့်သာ ရရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၁၉ ခုနှစ် မေ ၁၃ ရက်က အမှတ် (၂) သတ္တုတွင်းလုပ်ငန်း ကောလင်း-ဝန်းသို-ပင်လည်ဘူး တာဝန်အရာရှိ မန်နေဂျာ (စီမံ) ဦးထွန်းအောင်ကိုက ဗန်းမောက်-ဝန်းသို-ပင်လည်ဘူး ဝန်းကျင်ဒေသမြေ ဧရိယာ (၁၉၅၄၁၄ ဒသမ ၈၅၅) ဧကတွင် ကြေးနီနှင့် ဆက်စပ်သတ္တုများ စမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာရေးဆောင်ရွက်နိုင်ရန် တင်ပြခဲ့သည်။

တင်ပြလာသည့် လုပ်ကွက်များမှာ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းနှင့် အကျိုးတူလုပ်ကိုင်နေသော ကုမ္ပဏီများ၏ လုပ်ကွက်များနှင့် လွတ်ကင်းမှုရှိကြောင်းနှင့် လျှောက်ထားလာသည့်ကုမ္ပဏီအနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသော သတ္တုတွင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်လုပ်ကိုင်မည်ဆိုပါက ကန့်ကွက်ရန်မရှိကြောင်း ဝန်းသို- ပင်လည်ဘူးမြို့နယ် စီမံခန့်ခွဲမှု ကော်မတီထံ သဘောထားမှတ်ချက်ပေးခဲ့သည်။

ထို့ပြင် ၂၀၁၉ ခုနှစ် မေ ၁၃ ရက်က ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ကောလင်းမြို့ ဦးစီးအရာရှိ (မြို့ပြ) ဦးလှမင်းက စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့နယ်အတွင်း ကြေးနီနှင့် ဆက်စပ်သတ္တုများ ရှာဖွေရေး စမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာရေးလျှောက်ထားသည့် လုပ်ကွက်မြေဧရိယာ ၈၅၀၂၀ ဧကအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါမြေဧရိယာများမှာ ဒေသန္တရ ဆည်/ကန်များနှင့် ကင်းလွတ်မှုရှိသည်ဟု ဝန်းသိုမြို့နယ်စီမံခန့်ခွဲမှု ကော်မတီကို အကြောင်းပြန်ခဲ့သည်။

ကုမ္ပဏီသို့ E-mail ဖြင့် စုံစမ်းမေးမြန်းခဲ့ရာတွင်လည်း စီမံကိန်းအတွက် လပေါင်း ၂၀ ခန့် အစိုးရ၊ ကုမ္ပဏီနှင့် ရပ်ရွာဒေသခံများ ပူးပေါင်းဆောင်ရွက်ခဲ့ရသည်ဟု ကုမ္ပဏီမှ Weekly Eleven သို့ ဖြေဆိုခဲ့သော်လည်း ဒေသခံများမှာ အဆိုပါစီမံကိန်းအား လာရောက်ရှင်းပြပြောကြားခြင်းများမရှိကြောင်း ဗန်းမောက်ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

“ အခုဒေသခံတွေဆီက ထပ်သိရတယ်။ အစည်းအဝေးတက်ပေးပါဆိုပြီး ခေါ်တယ်။ အဲဒီမှာ လက်မှတ်ထိုးရတယ်။ အဲဒီစာရွက်တွေနဲ့ပဲ ပြည်သူကထောက်ခံလို့ဆိုပြီး သွားလျှောက်တယ်လို့ နောက်ဆုံးသိထားရတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားများလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ စိုင်းသန့်ဇင်ဦးက ပြောကြားသည်။

ဗန်းမောက်မြို့နယ်ရှိ နောင်ပတ်ရွာတွင် ယင်းသို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု စိုင်းသန့်ဇင်က ပြောကြားသည်။

စီမံကိန်းလုပ်ကွက်များမှာ မည်သည့်ဒေသအထိ ပါဝင်သည်ဆိုခြင်းကို အတိအကျမသိရှိရသော်လည်း ယင်းစီမံကိန်းများတွင် ကျေးရွာအချို့ပါဝင်ကြောင်း စိုင်းသန့်ဇင်ဦးက ဆက်လက်ပြောကြားသည်။

“ တချို့ရွာတွေက မြေလွတ်မြေရိုင်းဥပဒေနဲ့လည်း သွားငြိနေတယ်။ လုပ်ပိုင်ခွင့်ရှိတဲ့မြေပေါ်မှာ ပါနေတဲ့အတွက် တစ်ခုခုဆိုရင် လုပ်ပိုင်ခွင့်ရှိတဲ့သူက သာနေတာပေါ့။ အခုအခြေအနေက ကိုယ့်အိမ်ထဲမှာ လာတူးရင်တောင် ကိုယ်ကကန့်ကွက်ပိုင်ခွင့်မရှိဘူးဆိုတာ ဖြစ်လာတာပေါ့။ အခုဖြစ်နေတာက အဲဒါတွေဖြစ်မှာ” ဟု စိုင်းသန့်စင်ဦးက ပြောကြားသည်။

ထို့ပြင် အသေးစားနှင့် အလတ်စား တူးဖော်ခွင့်ရထားသူများနှင့် လယ်မြေ၊ ယာမြေများ ပါမပါဆိုသည်မှာလည်း ပွင့်လင်းမြင်သာမှုမရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ နစ်နာတယ်ဆိုတာက ပြည်သူလူထုအနေနဲ့ ကြည့်မယ်ဆိုအများကြီး နစ်နာနေတယ်။ ပြီးတော့လိမ်လည်ပြီး လျှောက်ထားတယ်ဆိုတဲ့ဟာ အပေါ်မှာရော၊ တကယ်ဧရိယာထဲမှာ ပါနေတဲ့အတွက်ကြောင့် ဒေသကလူတွေ တနေ့ပြသာနာတွေ တက်လာမယ်ဆိုရင် ဒုတိယလက်ပံ့တောင်း ဖြစ်လာမှာကို ကြိုမြင်နေတယ်” ဟု စိုင်းသန့်စင်ဦးက ပြောကြားသည်။

ဒေသစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်ပိုင်ခွင့်ရရှိခဲ့သည့် PanAust ကုမ္ပဏီကို တွေ့ဆုံဆွေးနွေးချင်ကြောင်း၊ တွေ့ဆုံခွင့် ရရှိရန်လည်း တင်ပြထားကြောင်း၊ တွေ့ဆုံခွင့်ရရှိပါက မေးခွန်းများမေးမြန်းရမည်ဖြစ်ကြောင်း စိုင်းသန့်စင်ဦးက ပြောကြားသည်။

“ မေးချင်တာတွေက ဒီလိုလုပ်ဖို့အတွက် MIC ကို ဘာကြောင့်မဖြတ်တာလဲ၊ ပြီးတော့ လာရောက်ရင်းနှီးမြှုပ်နှံမှုက ငွေဖြူဖြစ်ရဲ့လား” ဟု စိုင်းသန့်စင်ဦးက ပြောကြားသည်။

လက်ရှိ လုပ်ကိုင်ခွင့်ရသည့် ဝန်းသို (၃) လုပ်ကွက်၏ ပွင့်လင်းမြင်သာမှုဆိုသည့်အခြေအနေမှာ မေးခွန်းထုတ်ရမည့် အခြေအနေဖြစ်သည်ဟု MATA အဖွဲ့ဝင် ဦးအောင်ကျော်မိုးက သူ၏လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

“ အစိုးရနဲ့ ပါဝင်ပတ်သက်နေတဲ့ သူတွေကတော့ ဒါဟာစိုးရိမ်စရာ မရှိသေးဘူးလို့ ပြောပေမဲ့ စိတ်ထဲ ပူပန်မိပါတယ်။ ပထမ ပူပန်မိတာက လိုင်စင်ပါ အချက်တွေပါ။ အတည်ပြုလို့ရနိုင်တဲ့ လိုင်စင်စာရွက်မှာ လူပုဂ္ဂိုလ်အမည်တွေ မပါလာပါဘူး။ ကုမ္ပဏီအမည်ဘဲ ပါလာတာပါ။ ဒုတိယက ကြေးနီနှင့် ဆက်စပ် သတ္တုများဆိုတော့ ဝန်းသိုဒေသဟာ သိရသလောက် ကြေးနီထက်စာရင် ရွှေ ပါဝင်မှုများကြောင်း သမိုင်းသက်သေတွေ ရှိပါတယ်။ နောက်တစ်ချက်က စမ်းသပ်ရှာဖွေလိုင်စင်ဟာ သက်တမ်း ၅ နှစ်လောက်ဖြစ်နိုင်သလို နောက်ထပ်သက်တမ်းလည်း ထပ်မံတိုးခွင့်ရှိပါတယ်။ ဝန်းသိုမြို့နယ်ရဲ့အရှေ့ဖက်မှာ ကျောက်ပုထိုး ရွှေသတ္တုတွင်း ရှိပါတယ်။ ဘူမိဗေဒသဘောအရ ပင်မသတ္တုသိုက်ကနေ ပဲ့ထွက်လာတဲ့ ရွေ့လျားလာတဲ့ သတ္တုသိုက်လို့ ပြောပါတယ်။ စတင်တွေ့ရှိခဲ့ တာကတော့ ဒေါ်ဗျိုင်းဆိုတဲ့ ရွာသူမကြီး တစ်ယောက် ဖြစ်ပါတယ်။ ၁၉၈၀ ကျော်ခုနှစ်ခန့်က တွေ့ခဲ့တယ်လို့ ထင်ပါတယ်။ ရွှေ ပါဝင်နှုန်းမြင့်မားတဲ့အတွက် အစိုးရက သိမ်းယူလိုက်ပြီး ဧရိယာထဲကျရောက်ခဲ့တဲ့ရွာတွေကို ရွှေ့ပြောင်းလိုက်ပါတယ်။ နိုင်ငံပိုင်လုပ်ငန်းအဖြစ် လုပ်ကိုင်ခဲ့ပြီး စစ်အစိုးရလက်ထက်မှာ ပုဂ္ဂလိကပိုင်လုပ်ငန်းအဖြစ် ပြောင်းလဲလိုက်ပါတယ်။ အဲဒီအချိန် ကာလထဲမှာ ဒေသခံတွေနဲ့ မြန်မာနိုင်ငံသား ကုမ္ပဏီငယ်တွေဟာ ယခုလိုင်စင်ရထားတဲ့ ကုမ္ပဏီကြောင့် မြန်မာ့သတ္တုတွင်း နည်းဥပဒေအရ လက်လုပ်လက်စား လျှောက်ခြင်း၊ လုပ်ကွက်ငယ် လျှောက်ထားခြင်းတို့ လုပ်ခွင့်မရှိနိုင်တာ့ပါဘူး။ ဒီထက် ဆိုးရွားလာနိုင်တာက ရှာဖွေခွင့်ရထားတဲ့ ကုမ္ပဏီတွေဟာ သူတို့လိုင်စင်ရထားတဲ့ အပိုင်နယ်မြေထဲကို ဖြတ်သန်းခွင့်မပေးခဲ့ရင် သို့မဟုတ် ရွာသူရွာသားတွေရဲ့ အသက်မွေးဝမ်းကြောင်းထိ ကန့်သတ်လာခဲ့ရင်ဆိုတဲ့ စိုးရိမ်ချက်ပါ။ စိုးရိမ်မှုတွေအများကြီးရှိပါတယ်။ ဒီနေ့ကုမ္ပဏီတွေရဲ့မြေပြင်မှာ လုပ်နေတာတွေဟာ တည်ဆဲဥပဒေနဲ့အညီ မဖြစ်တာတွေ အများကြီးပါ။ ဒါပေမဲ့ ကုမ္ပဏီတွေဟာ အရေးယူခြင်းမခံရပါဘူး။ ဒေသခံတွေဘဲ အရေးယူခံနေရတဲ့ ဖြစ်ရပ်တွေ အများကြီးရှိပါတယ်။ ဒါတွေကို ဘယ်သူတာဝန်ယူပေးမှာလဲဆိုတာ ဒေသကလူထုနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးဖို့ လိုပါလိမ့်မယ်” ဟု ဦးအောင်ကျော်မိုးက ရေးသားထားသည်။

ကုမ္ပဏီက လျှောက်ထားရာတွင် ကြေးနီနှင့် အခြားသတ္တုများ ဆက်စပ်ရှာဖွေမည်ဆိုသော်လည်း ဝန်းသိုဒေသမှာ ရွှေသာထွက်ရှိခဲ့ခြင်းဖြစ်ပြီး လုပ်ပိုင်ခွင့်ရရှိခဲ့သည့် PanAust ကုမ္ပဏီမှာ လိုင်စင်သုံးခုကို တပြိုင်တည်းရရှိခဲ့ခြင်းမှာလည်း မေးခွန်းထုတ်စရာတစ်ခုဖြစ်သည်ဟု သတ္တုတွင်းလုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်သည့် စိုင်းသန့်ဇင်ဦးက ပြောကြားသည်။

“ ကျွန်တော်တို့ ပြည်တွင်းက လူတွေက ပုံစံ ၆၀ နဲ့လျှောက်မယ်ဆိုရင် ကနဦးဖြစ်မြောက်နိုင်စွမ်းတို့ စမ်းသပ်လေ့လာရေး၊ ရှာဖွေရေး အဲဒါတွေကို တဆင့်ပြီးတဆင့် လုပ်ရတယ်။ အဲဒါတွေတစ်ခုပြီးမှ တစ်ခု တက်ရတယ်။ ပါမစ်က တစ်ခုပြီးမှ တစ်ခုချပေးတာ။ အခုသူတို့ကိုကျတော့ ပါမစ်က အတွဲလိုက်ပေါ့။ သုံးခုစလုံးပဲ။ ချပေးတာ။ ဒါကထူးခြားမှု တစ်ခုပဲဗျ။ ဘာလဲဆိုတော့ နိုင်ငံတော်က လူကြီးတွေက ဒါကို မမြင်ဘူးလား၊ မသိဘူး။ သိသိကြီးနဲ့ လက်ခံနေတာလား မေးချင်တယ်။ အဂတိမှုလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ထုတ်ပြန်ထားတာလည်းရှိတယ်။ အခုလို ပြည်သူတွေအခက်အခဲဖြစ်အောင် စီမံခန့်ခွဲလိုက်တဲ့အပေါ်မှာ တကယ်တမ်းတာဝန်ယူမှု တာဝန်ခံမှုအရ ဘယ်သူက တာဝန်ယူမှာလဲ။ ဘယ်သူ့ကိုအရေးယူမှာလဲ” ဟု စိုင်းသန့်စင်ဦးက ပြောကြားသည်။

နေထိုင်ခဲ့သမျှကာလပတ်လုံး ဗန်းမောက်၊ ကောလင်း စသည့်မြို့နယ်များမှာ ရွှေသာထွက်ရှိခဲ့သည့် နေရာဖြစ်သော်လည်း ကြေးနှင့် အခြားသတ္တုများရှာဖွေခွင့်ချထားပေးခြင်းမှာ အဂတိမြောက်သည့် အခြေအနေတစ်ခုဖြစ်ပြီး ဒေသခံများအနေဖြင့် ဝေဖန်ထောက်ပြခွင့်ကို ကိုင်စွဲကာ ပြောကြားနေခြင်းဖြစ်သည်ဟု စိုင်းသန့်ဇင်ဦးက ပြောကြားသည်။

“ ဗန်းမောက်တို့ ဘာတို့က ရွှေပဲ ထွက်တာ။ အဲဒါကို ကြေးလုပ်ကွက်ချပေးတယ်ဆိုတာလည်း စဉ်းစားစရာ တစ်ချက်ပေါ့။ တကယ်တမ်းရွှေ ထွက်လျက်သားနဲ့ ကြေးလုပ်ကွက်ချပေးတယ်ဆိုတာကလည်း အဂတိမြောက်နေတာပဲလေ။ ကျွန်တော်တို့က ပြသာနာရှာတဲ့ အဆင့်ကို မရောက်သေးဘူး။ ဆွေးနွေးဖို့ထောက်ပြဖို့ ချဉ်းကပ်တဲ့အဆင့်ပဲ ရှိသေးတယ်။ အဲဒီကနေမှတစ်ဆင့် အဆင်မပြေတော့ဘူးဆိုရင် ပြဿနာရှာတဲ့ အဆင့်တွေဖြစ်လာနိုင်တယ်” ဟု စိုင်းသန့်ဇင်ဦးက ပြောကြားသည်။

လက်ရှိအခြေအနေများအရ ဆိုပါက ဝန်းသို (၃) လုပ်ကွက်ဧရိယာနှင့် လုပ်ပိုင်ခွင့်ရရှိသည့်အခြေအနေများမှာ မေးခွန်းထုတ်စရာအခြေအနေများ ဖြစ်နေပြီဖြစ်ပြီး ဒေသခံများအတွက် မည်သို့အကျိုးရှိမည်နည်းဆိုသည်မှာ မည်သူမျှ ပြောကြားနိုင်ခြင်းမရှိသေးပေ။

ကုမ္ပဏီဘက်သို့ Weekly Eleven ဂျာနယ်မှ မေးမြန်းခဲ့ရာတွင် ရရှိထားသည့်လိုင်စင်မှာ သတ္တုတူးဖော်ခွင့် လိုင်စင်မဟုတ်ဘဲ သတ္တု စူးစမ်းရှာဖွေခွင့် လိုင်စင်ဖြစ်ကြောင်း၊ အခွန်အခကိစ္စများနှင့် ပတ်သက်ပြီး လက်ရှိအချိန်တွင် ဖြေကြားရန်ခက်ခဲသေးကြောင်း အကြောင်းပြန်ခဲ့သည်။

“ အခုရရှိတဲ့လိုင်စင်က သတ္ထုတူးဖော်ခွင့်လိုင်စင် (Mining လိုင်စင်) မဟုတ်ပါဘူး။ သတ္ထုစူးစမ်းရှာဖွေခွင့် လိုင်စင် (Exploration လိုင်စင်) ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ လုပ်ခွင့်ရမယ့်မြေအတွင်းမှာ တူးဖော်လိုတဲ့ သတ္ထုရှိမရှိ အရင်ဆုံးစူးစမ်းရှာဖွေခွင့်ပဲရတာ ဖြစ်ပါတယ်။ အခုအဆင့်မှာကုမ္ပဏီအနေနဲ့ သတ္တုတူးဖော်မှုများကို ပြုလုပ်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့်မိုု့ သတ္ထုရှိမရှိကိုုပဲ စူးစမ်းရှာဖွေမှာဖြစ်သေးတဲ့အတွက် အခွန်အခနဲ့ပတ်သက်လို့ အခုနေ ပြောဖို့ခက်ခဲတယ်။ သတ္တုရှိကြောင်း ရှာဖွေတွေ့ရှိမှသာ ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရဆီကနေ သတ္တုတူးဖော်ခွင့်ကိုရရှိရန် ဆက်လက်မဆောင်ရွက်ခင်ပေးရမယ့် အခွန်အခ ကိစ္စများ ဆွေးနွေးဆုံးဖြတ် သဘောတူသွားမှာပါ” ဟု ပြန်လည်ဖြေကြားသည်။

မြေနမူနာများမှတစ်ဆင့် စူးစမ်းရှာဖွေမှုများကိုသာ ပြုလုပ်မည်ဟု ကုမ္ပဏီဘက်မှ အခိုင်အမာပြောကြားခဲ့ပြီး ဒေသခံများထိခိုက်မှု နည်းနိုင်သမျှနည်းအောင်ဆောင်ရွက်မည်ဖြစ်ကာ လာအိုနိုင်ငံတွင်ပြုလုပ်ခဲ့သည့် ပရိုဂရမ်များအတိုင်း လုပ်ဆောင်မည်ဟု ကုမ္ပဏီဘက်က ဆိုသည်။

မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်နေသည့် တရုတ်ကုမ္ပဏီ အချို့၏ တာဝန်ယူမှုတာဝန်ခံမှုများအရ လက်ရှိ ဝန်းသို (၃) လုပ်ကွက်တွင်လည်း မည်သို့ဖြစ်လာမည်ဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

ဒေသခံများ၏ အကျိုးစီးပွားထိခိုက်မှုများ ရှိလာမည်ဆိုပါက စစ်ကိုင်းတိုင်းအတွင်းမှာပင်ရှိသည့် လက်ပံတောင်းတောင်စီမံကိန်းကဲ့သို့ ဖြစ်စဉ်များ မလွဲမသွေကြုံတွေ့လာရမည်ဖြစ်သည်။ လက်ရှိတွင် ဝန်းသိုဒေသခံများအနေဖြင့်လည်း ဝန်းသို (၃) စီမံကိန်းမှာ ဒုတိယလက်ပံတောင်းအဖြစ်မရောက်စေရန် ဆွေးနွေးညှိနှိုင်းမှုများ၊ ပွင့်လင်းမြင်သာမှုများ ရှိစေရန် တောင်းဆိုလျက်ရှိနေသည်။

“ လုပ်ကွက်ချမယ်ဆိုလည်း ဒီလောက်ဧကကြီးတော့ မချသင့်ဘူးလေ။ သူတို့ဘယ်လိုထိန်းချုပ်မှာလဲ။ အခုလက်ရှိ ပြည်ထောင်စုက ချပေးတဲ့ စီမံကိန်းကြီးတွေ တရားဝင်ချထားပေးတဲ့ စီမံကိန်းကြီးတွေမှာ သူတို့က ဘယ်လိုထိန်းချုပ်နေသလဲ၊ လူထုအကျိုးအမြတ်ရအောင် လုပ်နေတယ်ဆိုတာ ကျွန်တော်တို့ မသိရဘူး။ အဲဒီလိုမျိုးပဲ။ နောင်လာမယ့်ဟာတွေလည်း ပွင့်ပွင့်လင်းလင်းနဲ့ ပြည်သူသိအောင်တော့ လုပ်ပေးဖို့ လိုတယ်လေ။ အခုဟာက စီမံကိန်းအချက်အလက်ကို ဘာမှမသိရဘူး။ ကိုယ်စားလှယ်တောင် မသိဘူးဆို ဒေသခံသိဖို့ဆိုတာ အလှမ်းဝေးသွားပြီ။ ဥပမာ လက်ပံတောင်းကြည့်။ ဒေသဖွံ့ဖြိုးရေးအတွက် နှစ်ရာခိုင်နှုန်းရတယ်တဲ့ ထုတ်လုပ်မှုက၂၀၁၇ လောက်မှာ စတယ်။ အခုဆို သုံးနှစ်ထဲရောက်နေပြီ။ ဒါပေမဲ့ တကယ်ရောက်တာ နှစ်ရာခိုင်နှုန်းပြည့်လား မပြည့်လားဆိုတာက ပွင့်ပွင့်လင်းလင်း ဘယ်သူမှ မသိရဘူး။ လက်ပံတောင်းဆို ဧက တစ်သောင်းကျော်ပေါ့။ ဟိုဟာကတော့ စမ်းသပ်ရှာဖွေပေါ့။ ဒါပေမဲ့ ဒီလောက်ဧကကြီး ချပေးလိုက်တာကတော့ နောက်ဆုံးပြောရမယ်ဆိုရင် တကယ်ရော တူးဖော်တာတွေရှိမရှိဆိုတာ သူတို့ဘယ်လိုကြည့်နိုင်မှာလဲ။ လက်ပံတောင်းလို ဧကတစ်သောင်းပဲရှိတဲ့ အခြေအနေမှာတောင်မှ အစိုးရလက်လှမ်းမမီသလိုတွေ ဖြစ်နေတာတွေ အများကြီးပဲလေ” ဟု မြန်မာနိုင်ငံပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်များအဖွဲ့ (MATA) ၏ စစ်ကိုင်းတိုင်းဒေသကြီးအဖွဲ့ဝင် ကိုတင့်အောင်စိုးက ပြောကြားသည်။

Most Read

Most Recent