ကပ်ရောဂါဆိုးနှင့် ပရဟိတကျောင်းများ၊ ရေရှားပါးသောအရပ်မှ ကျောင်းများ၊ နှာခေါင်းစည်း ဝယ်မရသောဒေသမှ ကျောင်းများ

ကပ်ရောဂါဆိုးနှင့် ပရဟိတကျောင်းများ၊ ရေရှားပါးသောအရပ်မှ ကျောင်းများ၊ နှာခေါင်းစည်း ဝယ်မရသောဒေသမှ ကျောင်းများ
ပဲခူးတိုင်းအနောက်ခြမ်းကျေးလက်တစ်ခု၏ အရုဏ်ဦးမြင်ကွင်း (ဓာတ်ပုံ- ဝေလင်း (ပြည်))
ပဲခူးတိုင်းအနောက်ခြမ်းကျေးလက်တစ်ခု၏ အရုဏ်ဦးမြင်ကွင်း (ဓာတ်ပုံ- ဝေလင်း (ပြည်))
Published 14 June 2020
ဝေလင်း (ပြည်)

စိန်ပန်းနီနီတို့ဖြင့် နွေရက်တို့ ကုန်ဆုံးခဲ့ပြီ။ မိုးဦးလေဦးကျလေပြီ။ အနောက်တောင်အရပ်ဆီက မိုးရိပ်မိုးသားများ တက်လာကြသည်။ တစ်ရက်တစ်ခါတွင်တော့ ရွာချတတ်သေးသည်။ မေလကုန်လို့ ဇွန်လထဲသို့ ရောက်ခဲ့ပြီ။ ယခင်နှစ်များဆီကတော့ ယခုအချိန်ဆို ကျောင်းတွေ ဖွင့်ပြီ။ ဒီနှစ်ကတော့ ကမ္ဘာအနှံ့ကပ်ရောဂါဆိုးကြီးကို ရင်ဆိုင်နေရသလို မြန်မာနိုင်ငံတွင်လည်း ရင်ဆိုင်နေရပြီး ကျောင်းဖွင့်ချိန်တွေ နောက်ဆုတ်ထားခဲ့သည်။ လက်ရှိတွင် ကျောင်းတွေ ပိတ်ထားသည်။

နွေရက်များဆီက ရေရှားပါးသောဒေသများသို့ ရေလှူရင်း ရောက်သွားခဲ့သည်။ ကျေးရွာလေးများတွင် ကလေးငယ်များ လွတ်လပ်ပေါ့ပါးစွာ ဆော့ကစားနေကြသည်။ ကျောင်းပိတ်ရက်ရှည်ထဲ ကလေးငယ်များ ရွာထဲအိမ်တွေထဲမှာ နေနေကြရသည်။ ခရီးသွားခြင်းကိုလည်း တားမြစ်ထားသည့်အတွက် ကလေးအားလုံး မိမိပတ်ဝန်းကျင်တွင်သာ။ ရွာက ကလေးများက တစ်ပန်းသာသည်။ ကစားကွင်းသွားစရာမလို၊ အလုံခန်းထဲ ညောင်းညာနေဖို့မလို၊ မီးပျက်မှာကိုတွေးမပူရ၊ လူထူထူကို သွားမိမည်စိုး၍ စောင့်ကြည့်မနေရ။ Game များကို အချိန်ပြည့်ဆော့နေမှာလည်း မပူရ။ ရွာထိပ်က မန်ကျည်းပင်ရိပ်တွင် ဆော့နေကြသည်။ ရွာလမ်းတစ်လျှောက် စက်ဘီးကလေး စီးနေကြသည်။ မြစ်ဆိပ်တွင် နွားကျောင်းရင်းရေချိုးကြသည်။ ဆွမ်းခံသွားသည့်နောက် လိုက်ရင်းဆော့ကြသည်။ ကလေးများအဖို့ နွေရက်ရှည်ကိုစိတ်သောက နည်းနည်းဖြင့် ဖြတ်ကျော်ခဲ့သည်ဟု ထင်သည်။

ကျွန်တော်တို့မြို့များတွင်တော့ နွေပိတ်ရက်ရှည်များနှင့် ကပ်ရောဂါကြောင့် မဖွင့်ဖြစ်သေးသော ကျောင်းပိတ်ချိန်ကာလများတွင် ခက်ခက်ခဲခဲဖြင့် ဖြတ်သန်းနေကြရသည်။ အိမ်အပြင်ထွက်ဆော့မှာ ပူကြရသည်။ ဖုန်းတစ်လုံးဖြင့် Game ကို အချိန်ပြည့်ဆော့နေသည့်အတွက် စွဲသွားမှာ ကြောက်ခဲ့ရသည်။ ကလေးငယ်များအဖို့ အချိန်ပြည့် စာဖတ်နေဖို့လည်း မဖြစ်နိုင်။ ထွက်ဆော့ရန်လည်း နေရာကျယ်ကျယ် မရှိ။ အခြားသူစိမ်းများဖြင့် ထိတွေ့ဆက်ဆံနေမှာကိုလည်း စိုးခဲ့ရသည်။ အထူးသဖြင့် ကျောင်းပိတ်ရက်ရှည်တွင် လူတန်းစားတစ်ရပ်သာ ပြုလုပ်နိုင်သည့် Home Study ကို ကလေးများအတွက် လုပ်ပေးချင်ခဲ့ပေမဲ့ သာမန်မိသားစုများတွင် အခက်အခဲရှိနေသည်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည်။

Home Study က လွယ်ကူသည့် ကိစ္စတော့ မဟုတ်ပါပေ။ ကျောင်းသင်ခန်းစာများမှမဟုတ်။ အခြားသော လေ့လာသင်ယူစရာများက မလွယ်။ ယခင်နှစ်များကတော့ ကျောင်းပိတ်သွားသည်နှင့် တစ်လခန့်နားကာ ကျူရှင်ဟုခေါ်သော တန်းကြိုသင်တန်းများတွင် ကလေးများကို အပ်လိုက်ကြသည်။ ကလေးများက ပုံမှန်ကျောင်းတက်သလို တက်သွားကြသည်။ မိဘများလည်း ကိုယ့်အလုပ်ကိုယ်လုပ်ကာ အချိန်ကာလတစ်ခုတွင် ကျောင်းတွေဖွင့်ကာ ကျောင်းတက်လိုက်ကြသည်။ ဒီပုံစံကကြာခဲ့ပြီ။ ယခုနှစ်ကတော့အကုန်က ပြောင်းကပြန်ဖြစ်ကုန်သည်။ ကလေးတွေလည်းမထွက်ရ။ လူကြီးလည်းမထွက်ရ။ အလုပ်တွေလည်း နားထားကြရသည်။ စားစရာရှိသူကတော့ ပူပန်မှုကင်းစွာ အိမ်မှာနေရင်း မိမိတို့ရင်သွေးများကို Home Study လုပ်ပေးနေကြသည်။ ကျောင်းများဖွင့်လျှင် အဆင့်သင့်ဖြစ်နေစေရန် ဖြစ်သည်။

ကျွန်တော်တို့လို သာမန်လူတန်းစားမိသားစုများတွင် ပြဿနာကြီးလာသည်။ အလုပ်တွေ နားထားသည့်အတွက် စားစရာမရှိပေ။ ကျွန်တော်တို့အတန်းအစားက ရှင်းသည်။ မတ်တတ်စာသာလျှင် တတ်နိုင်ပြီး လဲလျောင်းစာမရှိ။ ဆိုလိုသည်က တစ်နေ့လုပ်တစ်နေ့စားကြကာ နောက်ရက်အလုပ်မရှိလျှင် စားစရာမရှိဘဲ ငွေပိုငွေလျှံ စုဆောင်းထားနိုင်သည့် သူကအရှားသားလား။ စားစရာမရှိသည့်အတွက် ကလေးငယ်များ၏ ပညာရေးလုံးဝမတွေးနိုင်။ Home Study လုံးဝ မလုပ်နိုင်။ အိမ်မှာနေရင်း စာသင်ပေးသည်ဆိုသည့် အလုပ်သည် ထမင်းခူးကျွေးသလို လွယ်သည့် ကိစ္စမဟုတ်။ ဆရာဆရာမ မဟုတ်သည့်အတွက် သင်မပေးနိုင်။ အွန်လိုင်းစနစ်ဖြင့် သင်ကြားမှုကတော့ ပိုလို့ပင်ဝေးပါသည်။ အင်တာနက် မရှိ၊ ကွန်ပျူတာ မရှိ။ ဖုန်းဘီလ်ပင်လျှင် တစ်ထောင်ဖိုးလောက် ထည့်ထားပြီး ဖေ့စ်ဘွတ်သုံးနိုင်သည်ကို ဟုတ်လှပြီထင်ကြသည် မဟုတ်လား။ ဒါကလည်းဘယ်နှစ်အိမ်ကများ သုံးနိုင်နေသည်လဲ။ ထိုအခြေအနေဖြင့် နွေရက်များကို ဖြတ်သန်းခဲ့သည်။ ကလေးများကတော့ ၀ါသနာပါရာလုပ်သူကလုပ် မိဘကူသူကကူဖြင့် ကျော်ဖြတ်ရင်း ပြန်လည်ဖွင့်လာမည့် ကျောင်းဖွင့်ချိန်ကို ခါးစည်းရင်ဆိုင်ဖို့သာ တွေးထားရသည်။ မိဘများလည်း ထိုနည်းတူ ဖွင့်လာမည့်ကျောင်းများအတွက် ကြိုတင်ပြင်ဆင်ရန် အင်အားချည့်နဲ့ နေသည့်အချိန်တွင် ကျောင်းများ အပ်ကြရမည် မဟုတ်လား။ ဝင်ငွေ မမှန်သောအခြေအနေတွင် ထွက်ငွေများအတွက် မလိုသည်များကို ပိတ်ထားပြီးနောင်မှ သုံးရမည်များကို ခဏမေ့ထားကြရသည်။

ငယ်စဉ်ကတော့ နွေကျောင်းပိတ်ရက်ရှည်များအပြီး မိုးကလေးများရွာပြီဆို ကျောင်းတက်ဖို့ ပြင်ဆင်ကြရသည်မှာ အမောပင်။ ကျောင်းအပ်နှံရေးနေ့ရောက်လျှင် တိုးဝှေ့ကာ ကျောင်းတွေအပ်ကြသည်။ ထိုစဉ်က အစိုးရကျောင်းများမှာပင် ကျောင်းအပ်ခ၊ ပုံနှိပ်စာအုပ်ဖိုး၊ ကျောင်းပရိဘောဂကြေး၊ အချိန်ပိုကြေး ဘာကြေးညာကြေးဖြင့် ကျောင်းအပ်ရသည်။ ကျွန်တော်တို့ မောင်နှမကတော့ ကိုယ်တိုင်ကျောင်းအပ်သည်။ အမေက သိပ်လိုက်လေ့မရှိ။ အဖေကတော့ ကျောင်းဆိုတာယောင်လို့ပင် မရောက်ခဲ့ဖူး။ မောင်နှမသုံးယောက် ကျောင်းစရိတ်ကမသေးလှ။ ပြိုင်တူ မအပ်နိုင် တစ်ယောက်တစ်လှည့် အပ်ကြရသည်။ သင်ကြားသည့် စနစ်ကလည်း သူငယ်တန်းကတည်းက ဆရာမကအတန်းကြီးသွားတိုင်းသူပါ တစ်တန်းလိုက်ကြီးနေသည့် အတွက် ကိုယ့်ဆရာကိုယ့်တပည့် သိနေသည်။ မျက်နှာမြင်လိုက်လျှင်ရသည် မိဘမပါလည်းဖြစ်သည်။ ချမ်းသာသောမိဘအသိုင်းအဝန်းကို ဦးစားပေးသည့် ဆရာဆရာမ အနည်းငယ်ရှိခဲ့သလို ကိုယ့်တပည့် အခြေအနေနွမ်းပါးမှုကို သိနေသည့် ဆရာဆရာမတွေလည်း ရှိခဲ့သည်။ ဒါကကျောင်းများ အပ်နှံရသည့် အခြေအနေကလေးပင်။

ကျောင်းများတက်ကြတော့လည်း ထိုနည်းတူ အသစ်ဆိုတာ အတော်ကို ဝယ်ခဲသည့်ကိစ္စပါ။ ကျောင်းသုံးပုံနှိပ် မရသူ၊ မဝယ်နိုင်သူများက အတန်းကြီးများဆီက လက်ဆင့်ကမ်းယူပြီးသင်ကြသည်။ ဒါတောင်မှ သင်္ချာစာအုပ်လိုသူ၊ အင်္ဂလိပ်စာအုပ်တစ်အုပ်မရှိသူဖြင့် အများအားဖြင့် ငါးယောက်တန်းတစ်ခုံတွင် ပုံနှိပ်နှစ်အုပ်သာရှိပြီး မျှကြည့်ရသည့် ပုံနှိပ်စာအုပ်ပိုင်ရှင်ကိုလည်း ဖားရသေးသည်။ ပုဒ်စာကူးလျှင် သူပြီးမှကူးရသည်။ ကျောင်း စဖွင့်သောနေ့က အတော်ပျော်ကြသည်။ မရှိတဲ့ကြားက ကျွန်တော်တို့လည်း ပျော်ခဲ့သည်။ ကျောင်းလွယ် အိတ်ဆိုတာမဝယ်။ အကြီးဟာကို အငယ်က ထပ်လွယ်သည်။ အခြားလူချမ်းသာဆွေမျိုးများက စွန့်ကြဲသည်များလည်း ဝမ်းသာစွာဖြင့် လွယ်ခဲ့ရသည်။ သူများကဟောင်းပေမဲ့ ကိုယ်အတွက် အသစ်ပေကိုး။ အကောင်းဆုံးနှင့် အသစ်ဆုံးဆိုသည့် အဖြူအစိမ်းကို ဝတ်သည်က ကျောင်းစဖွင့်သည့်နေ့ မဟုတ်လား။ ထိုအရာအဖြူအစိမ်းများက ယခင်နှစ်က နှစ်ကျများသာ များခဲ့သည်။

စီးပွားရေး အနည်းငယ်ကောင်းသည့်နှစ်များတွင်လည်း အသစ်များကို အဖေနှင့် အမေက ဝယ်ပေးခဲ့သည်။ မောင်နှမသုံးယောက်ဆိုတော့ အကုန်လုံးကို အသစ်မဆင်နိုင်။ ဒါကိုသိပ်ပြဿနာ တစ်ရပ်လိုမမြင်။ ကျောင်းကိုအပြေးအလွှား သွားတက်သည်။ မိုးတွင်းကာလဆိုတော့ ကျောင်းလွယ်အိတ်ကို ကျွတ်ကျွတ်အိတ်ထဲစုပြီး မိုးသဲသဲတွင် ရင်ခွင်ပိုက်ကာပြေးကြသည်။ အကျႌအဖြူက များများစားစားမရှိ။ မိုးကစိုနှင့် မလျှော်အားသည့်အခါ ဖားဥလို့ခေါ်သည့် အမည်းစက်များ ထင်းကုန်သည်။ ဒါလည်းမတတ်နိုင် ဝတ်ကြရသည်။ ပုဆိုး၊ ဘောင်းဘီကတော့ မပြောတော့။ တွန့်ကြေကာ လျှော်ထားသည်လား မလျှော်သေးတာလား မရွေးအား။ နမ်းကြည့်လို့ သိပ်မနံရင် ဝတ်လိုက်ကြသည်။ ထိုခေတ်က ရွှေအုန်းပင်ပုဆိုးနှင့် ဝက်ဝံတံဆိပ် ပုဆိုးဝတ်သူများကို အားကျခဲ့ရသေးသည်။ ဒါပေမဲ့ ဖိနပ်မပါဘဲလည်း ကျွန်တော်ကကျောင်းသို့ သွားတက်သည်။ မိဘများကကျောင်းအတွက် ပညာရေးအတွက် အထူးခက်ခဲကာ စိတ်ပူလိုက်လုပ်ပေးရသည့် ခေတ်အခြေအနေ မဟုတ်။ အခြားမိသားစုများလည်း ထိုနည်းတူ လူတန်းစား တစ်ရပ်ကိုတော့ မပြောလို။

ခုခေတ်အခြေအနေကတော့ ယခင်လိုမဟုတ်။ ပညာရေးသည် လူချမ်းသာရော လူဆင်းရဲအတွက်ပါ ထိပ်တန်းရောက်လာသည်။ ပညာတတ်မှလူရာ ဝင်လာသည်ဆိုသည့် အတွေးက မိဘတိုင်းရင်ထဲ ကိန်းအောင်းနေကြပြီ။ ခေတ်ရဲ့ တောင်းဆိုမှုလည်းပါမည်။ စာသင်ကျောင်းများ အရေးပါလာသည်။ မရှိရှိတာကို ရောင်းချရှာဖွေကာ ကျောင်းတွေ ထားလာသည်။ မရှိသည့်အဆုံး ဘကကျောင်းများကိုပို့သည်။ ဘော်ဒါကျောင်းများ၊ ကိုယ်ပိုင် အထက်တန်းကျောင်းများနှင့် ရွေးချယ်စရာတွေများ လာခဲ့သည်။ ကျူရှင်တွေ မှိုလိုပေါက်လာကြကာ ၀ိုင်းများ၊ ဂိုက် ခေါ်သင်သည်များလည်း မဖြစ်မနေလုပ်ကြရသည့် အခြေအနေဖြစ်လာသည်။ အစိုးရကျောင်းများကတော့ ကျောင်းနေအရွယ်အားလုံး ကျောင်းနေနိုင်ရေးအတွက် စီမံကိန်းများ ရွေးဆွဲကာအခမဲ့ပညာရေးစနစ်ကို ပြောင်းလဲလိုက်သည်။ အားနည်းချက်ကတော့ရှိနေဆဲ။ အကောင်းများထဲက မပြောင်းလဲသော ဝန်ထမ်းအချို့ကြောင့် ပညာရေးတွင် အမည်းစက်များကတော့ ရှိနေဆဲ။ အချို့ကျောင်းများနှင့် ဝေးဆဲ။

အခက်အခဲများဖြင့် ဖြတ်သန်းရင်ဆိုင်လာရသည့် မြန်မာ့ပညာရေးနှင့် လူတန်းစား ခွဲခြားထားသော ပညာရေး နယ်ပယ်များကြောင့် ပညာသင်ကြားနိုင်မှုအခြေအနေနှင့် ပညာတတ်မြောက်မှု အရည်အချင်းများက ယခုနှစ်နောက်များတွင် ကွဲလွဲမှုတစ်ရပ်ဖြစ်လာသည်။ အစိုးရကျောင်းများက ကျောင်းနေသူများ နိုင်ရေး အရေအတွက်သွားနေချိန်တွင် လူချမ်းသာတစ်စုအတွက် အကောင်းဆုံးဆိုသည့် ကိုယ်ပိုင် အထက်တန်းကျောင်းများက တန်ခိုးသြဇာထွားလာကြသည်။ လူတန်းစားတစ်ရပ်က ငွေကိုပစ်သုံးကာ ပညာရေးကို ဝယ်ယူချိန်တွင် လူတန်းစားအများစုကတော့ ပညာရေးဝေးသည်မရှိဆိုသလို အတင်းလိုက်နေကြသည်။ အစိုးရကျောင်းများတွင်လည်း လူချမ်းသာများ ကျောင်း၊ အရည်ချင်းပြည့်ဝသူများသာ အဓိကထားသော ကျောင်းများလည်း ရှိနေသည်။ ယင်းကွဲပြားမှုများက ပညာရေးအခြေအနေနှင့် အနာဂတ်ဘဝသာယာရေးအတွက်သာ ဖြစ်စေခဲ့သော်လည်း ယခုလို ကပ်ရောဂါအခြေအနေကတော့့ မတူကွဲပြားစွာ စီးဆင်းဖြတ်သန်းနေသော မြန်မာကျောင်းသားများအတွက် အသက်အန္တရာယ်ကိုပါ ခွဲခြားပစ်မည့် အနေအထားနှင့် လုံခြုံစိတ်ချစွာ ပညာသင်နိုင်စွမ်းကိုပါ ထိပါးလာမည်ဖြစ်သည်ဟု ထင်သည်။

ပဲခူးတိုင်းအနောက်ခြမ်းကျေးလက်တစ်ခု၏ အရုဏ်ဦးမြင်ကွင်း (ဓာတ်ပုံ- ဝေလင်း (ပြည်))

ဇူလိုင်လနှောင်းပိုင်းတွင် အထက်တန်းအဆင့်များကို စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ လူခွဲထိုင်စေခြင်း၊ လက်ဆေးစင်များ ထားပေးခြင်း နှာခေါင်းစည်းများ ဝေခြင်းတို့ဖြင့် စမည်ဆိုသည်။ အတော်ကို ကြိုးစားရဦးမည့် စနစ်ပါပေ။ ယခင်ရက်များကလည်း အွန်လိုင်းသင်ကြားမှုများဖြင့် ပြုလုပ်ရန် ကြိုးစားခဲ့ပြီး ဆရာဆရာမများဖြင့် အစမ်းလေ့ကျင့်ခဲ့ကြပြီး သင်ကြားပေးရမည့်သူများပင်လျှင် အတော်ကို ကသောင်းကနင်း နိုင်သွားသည်။ မြန်မာနိုင်ငံအနေအထားက လုံးဝမဖြစ်နိုင်သည့်အခြေအနေမို့ အသံများ တိတ်သွားသည်။ မြန်မာနိုင်ငံသည် လူတန်းစားတစ်ရပ်ဖြင့် ဖွဲ့စည်းထားသည်မဟုတ်ဘဲ လူတန်းစားပေါင်းစုံဖြင့် ဖွဲ့စည်းထားကြောင်း သူတို့ အတော်စဉ်းစားလိုက်ရပုံ ပေါ်ပါသည်။ မြို့ပြအခြေခံ လူတန်းစား အများအပြားနှင့် တောနေ လူတန်းစားများအတွက် အွန်လိုင်း သင်ကြားရေးစနစ်သည် ပြိုလာမည့် မိုးနှင့် ခြေနှစ်ချောင်း မိုးပေါ်ထောင်ထားသည့် တစ်တီတူးငှက်လိုသာ ဖြစ်နေချေတော့သည်။

အစိုးရစာသင်ကျောင်းများအတွက် ကျန်းမာရေးညွှန်ကြားချက်များကို လိုက်နာနိုင်မည်လားဆိုသည်မှာ ကြီးမားဆုံးသော စိန်ခေါ်မှုပင်။ မိဘများက သားသမီးများအတွက် စိုးရိမ်ကြသည်။ ဒါလည်း မှန်သည်ပင်။ အချို့တတ်နိုင်သော မိဘများနှင့် စိုးရိမ်စိတ်များသူများက ကလေးများကို တစ်နှစ်နားမည်ဆိုသည်က ဆိုသည်။ ကပ်ရောဂါအခြေအနေတွင် ကျောင်းများဖွင့်မည်ကို ကန့်ကွက်ချင်သူများလည်း ရှိနေသည်။ အများစုကတော့ ကျောင်းများတက်ရန် ပြင်ဆင်နေကြပြီ။ ကွဲပြားနေသောလူတန်းစားများအတွက် ကျောင်းဖွင့်ချိန်ကို ပြင်ဆင်ကြပုံကလည်း ကွဲပြားလို့နေပြန်သည်။ အစိုးရကျောင်းများဖွင့်ချိန်တွင် ကျန်းမာရေးနှင့် ကူးစက်အန္တရာယ်ကို နောက်ထားလို့ ကျောင်းဝတ်စုံ၊ စာအုပ်စာတမ်း၊ စာရေးကိရိယာနှင့် အခြားသော အထွေထွေများအတွက် လူတန်းစားအများစု အခက်အခဲဖြစ်နေသည်။ ယခင်နှစ်များကလည်း ခက်ခဲခဲ့ကြသော်လည်း ယခုမှပုံမှန်လည်ပတ်ရန် ကြိုးစားနေသည့် စီးပွားရေးလုပ်ငန်းများနှင့် လုံးဝမလည်ပတ်ရသေးသော အလုပ်လက်မဲ့ဖြစ်နေသည့် လူတန်းစားများမှာပညာရေးအတွက် ပြင်ဆင်ရန်ကူးစက်မှု အခြေအနေကို ထည့်သွင်းစဉ်းစားရန် မဖြစ်နိုင်ကြချေ။

ကောင်းမွန်သော ကျောင်းဖွင့်ချိန်များဖြစ်လာဖို့ကတော့ ပညာရေးဝန်ထမ်းများ၊ ဆရာဆရာမများက ကျန်းမာရေး ညွှန်ကြားချက်များကို လိုက်နာနိုင်စွမ်း၊ စာသင်ဆောင်လုံလောက်မှု၊ ကျောင်းဆောင်များလောက်ငှမှု၊ လူခွဲရန်အတွက် ဆရာဆရာမလုံလောက်မှုနှင့် အချိန်ပိုသင်ကြားရမည့် အခြေအနေများ၊ သင်ထောက်ကူပစ္စည်းများ အားနည်းနေမှုနှင့် သက်ဆိုင်ရာအစိုးရ၏ထောက်ပံ့နိုင်စွမ်းပေါ်မှာသာ အလုံးစုံမူတည်နေသည်။ တကယ်လက်တွေ့အခြေအနေ အသေးလေး တစ်ရပ်ကိုပြောရလျှင်ပင် ပြီးခဲ့သည့် စာသင်နှစ်ကပင်လျှင် အခြေခံမူလတန်းကျောင်းလေး တစ်ကျောင်းတွင် အလှူရှင် ထောက်ပံ့မှုနှင့် ကျောင်းသားမိဘများထံက တစ်ဖက်လှည့်နည်းဖြင့် သောက်ရေအိုး၊ ရေခွက်၊ ရေပုံး၊ တံမြက်စည်းနှင့် ပန်ကာများ အလှူခံခဲ့ရသေးသည်။ စစ်ဆေးမေးမြန်းမှုများအတွက်တော့ ကျောင်းသားမိဘက လှူချင်လို့ လာလှူတာပါဟုသာ ပြောပါလိမ့်မည်။ ဒါကမြို့ပေါ်ကျောင်းတစ်ခုမှာ ဖြစ်သည်။ ဝေးလံခေါင်ဖျား ကျေးလက်ရွာများက စာသင်ကျောင်းများကို မပြောသေးပါ။ ယခုလိုကပ်ရောဂါအတွက် ထောက်ပံ့မှုကတော့ ကျွန်တော်တို့ဆုတောင်းဖို့သာ ရှိပါသည်။ မျှော်လင့်ဖို့သာရှိသည်။ အခြေအနေက တောင်မင်းမြောက်မင်း မကယ်နိုင်မဟုတ်လား။

အစိုးရကျောင်းများက အထက်တန်းကျောင်းများ ဖွင့်လှစ်ပြီးရလဒ်ပေါ်ကို ကြည့်ရှုကာ အတန်းငယ်လေးများကို တစ်သုတ်ချင်း ဖွင့်လှစ်မည်ဆိုသည်။ ဘကကျောင်းများနှင့် ပရဟိတကျောင်းလေးများ၊ ရေရှားပါးသော အရပ်များကကျောင်းများ၊ နှာခေါင်းစည်း ဝယ်မရသော ဒေသများအတွက် ကျွန်တော်တို့ မည်သို့ စဉ်းစားပေးပါမည်နည်း။ အခြားသော ကိုယ်ပိုင်ကျောင်းများအတွက် အမိန့်ညွှန်ကြားချက် တိတိပပ မကြားရသေးပေ။ သူတို့ကတော့ အကောင်းဆုံးပြင်ဆင်နိုင်ကြမည်ထင်သည်။ တန်ခိုးသြဇာကြီးမားရင် ကြီးမားသလောက် စာသင်ကြားရေးတွင် လုံခြုံစိတ်ချစွာ စာသင်ကြားနိုင်ရေး ငွေကိုပုံအောသုံးကြဦးမည်။ ကျောင်းသူကျောင်းသား အရေအတွက်ကန့်သတ်ကြမည်။ အဆောက်အအုံတိုးချဲ့ကြမည်။ အချိန်တွေခွဲလို့ သင်ကြမည်။ ဆရာဆရာမအင် အားတိုးချဲ့ကြမည်။ ကျန်းမာရေး ညွှန်ကြားချက်များကို တင်းကျပ်စွာ လိုက်နာခိုင်းမည်။ ထို့အတွက် ကုန်ကျစရိတ်ကတော့ ကျောင်းသားမိဘများအတွက် ဝန်ထုပ်ဝန်ပိုးလည်း ဖြစ်လာနိုင်သလို ပုံအောသူများကတော့ လုံခြုံစိတ်ချရေးကိုသာ ဦးစားပေးမည်ဖြစ်သည်။

ကျောင်းများဖွင့်တော့မည်။ ကျောင်းတွေဖွင့်ကျတဲ့အခါ ကျောင်းတက်ခေါင်းလောင်းသံကို ကြားရမည်။ ကျောင်းသူကျောင်းသားများ၏ စာအံသံကိုကြားရမည်။ ဆရာ ဆရာမများ၏ မွန်းကျပ်နေသော အသက်ရှူသံကိုကြားရမည်။ နှာခေါင်းစည်းများဖြင့် ဆော့ကစားနေကြမည့် ကလေးငယ်များကို တွေ့ရမည်။ အလစ်တွင် ဝင်ရောက်တိုက်ခတ်ရန် ချောင်းမြောင်းနေမည့် ကပ်ရောဂါကြီးကိုတွေ့ရမည်။ မိဘများ၏ စိုးရိမ်သောကကို ကြားရမည်။ ကောင်းမွန်သော ကျောင်းဖွင့်ချိန်များ ဖြစ်ပါစေ။ စာသင်နှစ်များ ကောင်းမွန်စွာ ကုန်ဆုံးပါစေ။ စာသင်ကြားခွင့်မရသော၊ တိုက်ပွဲများ ကြားရောက်နေသော၊ စစ်ဘေးရှောင်စခန်းများက ကလေးငယ်များအတွက် စာသင်ကြားနိုင်ရေးကိုလည်း ကိုယ်ချင်းစာ မေတ္တာတရားဖြင့် တစ်သီးတစ်သန့် ထည့်သွင်းဝိုင်းဝန်း စဉ်းစားပေးနိုင်ကြပါစေ။

Most Read

Most Recent