ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် ပုဂံကို ခြိမ်းခြောက်လာသည့် လတ်တလောအန္တရာယ်

ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် ပုဂံကို ခြိမ်းခြောက်လာသည့် လတ်တလောအန္တရာယ်
ပုဂံဒေသရှိ သဗ္ဗညုဘုရာကို ဇွန် ၁၃ ရက်က ဖူးတွေ့ရစဉ် (ဓာတ်ပုံ- မင်းလတ်)
ပုဂံဒေသရှိ သဗ္ဗညုဘုရာကို ဇွန် ၁၃ ရက်က ဖူးတွေ့ရစဉ် (ဓာတ်ပုံ- မင်းလတ်)
Published 14 June 2020
ဇော်မင်းနိုင်

၂၀၁၉ ခုနှစ် ဇူလိုင် ၆ ရက်တွင် ယူနက်စကိုအဖွဲ့ကြီးမှ ပုဂံဒေသအား ရှေးဟောင်းအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ရာ တစ်နှစ်မပြည့်မီမှာပင် ပုဂံဒေသမှာ လတ်တလောခြိမ်းခြောက်မှုများဖြင့် ရင်ဆိုင်နေရပြီဖြစ်သည်။

ရှေးဟောင်းအမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းမခံရမီကတည်းက ပုဂံဒေသတွင် ဆောက်လုပ်ထားသည့် ဟိုတယ်အချို့၏ မြေနေရာကျူးကျော်မှုများကို ရင်ဆိုင်ခဲ့ရပြီး စာရင်းဝင်အဖြစ် သတ်မှတ်ခံရချိန်တွင် ဘုရားဌာပနာ ဖောက်ခြင်းဆိုသည့်အဖြစ်နှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။

COVID-19 ကာလတွင် ပုဂံဒေသသို့ လာရောက်လည်ပတ်ရန် ပိတ်ပင်ထားသည့်အချိန်တွင် ဘုရားဌာပနာဖောက်ခြင်းများကို ဆက်တိုက်ပြုလုပ်လာခြင်းဖြစ်သည်။

ခရီးသွားလာရောက်လည်ပတ်ခြင်းမရှိသည့် အချိန်တွင် ပုဂံဘုရားများ၌ ဒေသခံစျေးသည်များလည်း မရှိသဖြင့် ဌာပနာတိုက်ဖောက်သူများအတွက် အခွင့်ကောင်းတစ်ခုဖြစ်လာသည်ဟု ပုဂံဧည့်လမ်းညွန်များအသင်းမှ  အလုပ်အမှုဆောင် ဦးမြင့်နိုင်က ပြောကြားသည်။

“ ဘုရားတွေမှာက လူမရှိတော့ဘူးလေ။ အရင်က ဘုရားဖူးတွေမရှိဘူးဆိုရင်တောင်မှ စျေးသည်တွေ ရှိသေးတယ်။ အခုကတော့ ဘယ်သူမှကို မရှိတော့တာ” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

ယင်းကြောင့် ပုဂံဘုရားများကို စောင့်ကြပ်ကြည့်ရှုနိုင်ရန် ပုဂံဧည့်လမ်းညွန်များအသင်းမှ လုပ်အားပေးအဖြစ် ဘုရားများကို လိုက်လံကြည့်ရှုစောင့်ရှောက်ခြင်းများကို ဧပြီ ၃၀ ရက်တွင် စတင်လုပ်ကိုင်ခဲ့သည်။

အဖွဲ့ဝင် ၁၀၀ ခန့်ရှိသည့် ယင်းစေတနာလုပ်အားပေးအဖွဲ့မှာ တစ်ရက်လျှင် သုံးကြိမ် လှည့်ပတ်စစ်ဆေးခြင်းများကို ပြုလုပ်ခဲ့သည်။

“ တစ်ရက်ကို သုံးကြိမ်လောက် လှည့်တယ်။ တခါလှည့်ရင် လူ ၂၀ လောက်ပါတယ်။ မှန်ပြောင်းတွေ ကင်မရာတွေ ထည့်သွားတယ်” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

ယင်းသို့ လှည့်လည်ကြည့်ရှုရင်းမှ ပုဂံဘုရားအချို့ ဌာပနာအဖောက်ခံရသည့် ဖြစ်စဉ်များကို ကြုံတွေ့လာရခြင်းဖြစ်သည်။

ဇွန် ၈ ရက်တွင် ပုဂံဧည့်လမ်းညွှန်အသင်းက ပုဂံရှိ ရှေးဟောင်းဘုရားများကို စစ်ဆေးခဲ့ရာတွင် ရွာဟောင်းကြီးဘုရားမြောက်ဘက် ဘုရားစုများထဲမှ ဘုရားငါးဆူ၏ ပြန်လည်ပြုပြင်ထားသော ကွမ်းတောင်များတွင် ဖောက်ထွင်းခံထားရသည်ကို စတင်တွေ့ရှိခဲ့သည်။

ဘုရားများကို ဖောက်ထွင်းသူများမှာ အထဲရှိ ဌာပနာများအနက် မည်သည့်ပစ္စည်းများကို ယူဆောင်သွားသည်ဆိုသည်ကို အတိအကျ မသိရှိခဲ့ရသော်လည်း ဌာပနာအဖောက်ခံရသည်ကိုမူ အတည်ပြုနိုင်ခဲ့သည်။

“ ဌာပနာထဲမှာက ဘာတွေပါသလဲဆိုတာက ဘယ်သူမှမသိဘူးလေ။ အလှူရှင်ကလွဲလို့ပေါ့။ ဒါပေမဲ့ ပြောလို့ရတာကတော့ ဌာပနာအဖောက်ခံရတယ်ဆိုတာက ငြင်းလို့မရဘူး” ဟု ကိုမြင့်နိုင်က ပြောကြားသည်။

ယင်းသို့ ဘုရားဌာပနာ ဖောက်ထွင်းခံရမှုများကို ဇွန် ၈ ရက်တွင် စတင်တွေ့ရှိခဲ့ပြီးနောက်ပိုင်း ဆက်တိုက်ဆိုသလို ဇွန် ၉ ရက်တွင်လည်း စူဠာမဏိဘုရားနှင့် ဓမ္မရံကြီးဘုရား နှစ်ဆူကြားရှိ ဘုရားသုံးဆူ အမှတ် ၇၅၃၊ ၇၅၁၊ ၇၅၁(က) အစရှိသော ဘုရားများတွင် ဖောက်ထွင်းခံခဲ့ရသည်။

ဘုရားဌာပနာအဖောက်ခံရခြင်းတွင် လတ်တလောအဖောက်ခံရသည့် ဘုရားများရှိသကဲ့သို့ ယခင်ကတည်းက အဖောက်ခံထားရသည့် ဘုရားများကိုလည်း ထပ်မံတွေ့ရှိခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ပြောကြားသည်။

ဖောက်ထွင်းခံရသည့် ဘုရားအရေအတွက်မှာ ဇွန် ၁၃ ရက်အထိ စာရင်းအရ ၃၃ ဆူရှိပြီး ယင်းတို့အနက် ၂၁ ဆူမှာ ဌာပနာထည့်သွင်းထားခြင်းမရှိသည့် ဘုရားများဖြစ်သည်ကို တွေ့ရှိရပြီး ၁၂ ဆူမှာ ဌာပနာ အဖောက်ခံရသည့် ဘုရားများဖြစ်သည်ဟု ဒေါက်တာသန်းထိုက်က ပြောကြားသည်။

ပုဂံဒေသရှိ အာနန္ဒာဘုရားကို ဇွန် ၁၃ ရက်က ဖူးတွေ့ရစဉ် (ဓာတ်ပုံ- မင်းလတ်)

“ ငါးဆူစပြီး တွေ့ပါတယ်။ ဖောက်ထွင်းခံရတဲ့ ဘုရားတွေ ဘယ်လိုဖောက်ခံရတာလဲ၊ ဘယ်လိုပျက်စီးတာလဲ၊ ဌာပနာပစ္စည်းတွေ ဘာတွေကြွင်းကျန်တာလဲဆိုတာကို မှတ်တမ်းတင်တယ်။ ဇွန် ၉ ရက် နံနက်ပိုင်းမှာ အဖွဲ့တွေနဲ့ နယ်မြေအလိုက် ကွင်းဆင်းစစ်ဆေးတဲ့အခါ ၁၄ ဆူ ထပ်တွေ့တယ်။ အဲဒီ ၁၄ ဆူထဲမှာ ဖောက်ထွင်းခံရတဲ့ ဘုရားတွေ ဟုတ်သလား။ ဒီဘုရားတွေက ၁၉၉၀ ဝန်းကျင်ကနေ ၂၀၀၇၊ ၂၀၀၈ ဒီကာလမှာ အင်္ဂါစုံပြန်လည်ပြုပြင်လိုက်တဲ့ ဘုရားတွေ ဖြစ်ပါတယ်။ ဒီဘုရားအသစ်တွေထဲမှာ ဌာပနာပစ္စည်းတွေကို ထည့်သွင်းထားတဲ့ ဘုရားတွေရှိသလို မူလကတည်းကိုက ဌာပနာ ထည့်သွင်းခြင်းလုပ်ငန်းပြီးစီးမှု မရှိသေးတဲ့ ဘုရားတွေလည်း ရှိတယ်။ ဒုတိယနေ့ ဇွန် ၉ ရက်မှာ တွေ့ရှိတဲ့ ၁၄ ဆူထဲမှာ သေချာပြန်စစ်ဆေးကြည့်တော့ သုံးဆူသည် ဌာပနာဖောက်ခံရတဲ့ ဘုရားတွေဖြစ်ပြီးတော့ ၁၁ ဆူသည် မူလကတည်းက ဌာပနာထည့်သွင်းထားခြင်း မရှိသေးတဲ့ ဘုရားတွေဆိုပြီး စစ်ဆေးတွေ့ရှိရပါတယ်။ ၁၀ ရက်နေ့မှာ ထပ်မံစစ်ဆေးတယ်။ ဇုန်အလိုက် အဖွဲ့တွေနဲ့ ထပ်မံစစ်ဆေးတဲ့အခါ ၁၄ ဆူ ထပ်တွေ့တယ်။ သုံးရက် ပေါင်းလိုက်ရင် ဌာပနာဖောက်ခံရတဲ့ ဘုရားက အားလုံး ၁၂ ဆူ ရှိပါတယ်။ ဌာပနာထည့်သွင်းခြင်း မရှိသေးတဲ့ဘုရား ၂၁ ဆူ ရှိပါတယ်။ ၂၁ ဆူက ဌာပနာထည့်သွင်းခြင်းမရှိဘူး။ ၁၂ ဆူသည် ဌာပနာဖောက်ခံရတဲ့ ဘုရားတွေ ဖြစ်ပါတယ်” ဟု ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ပြောကြားသည်။

ဖောက်ထွင်းခံရသည့် ဘုရားအချို့အား ဌာပနာထည့်သွင်းခြင်းများကို နေ့ချင်းပြီးဆောင်ရွက်ခဲ့ပြီး အချို့အား ဌာနစုံမှ စစ်ဆေးပြီးချိန်မှသာ ဌာပနာပိတ်ခြင်းများကို ဆောင်ရွက်မည်ဟု ဒေါက်တာသန်းထိုက်က ပြောကြားသည်။

သို့သော် မြေပြင်အခြေအနေများတွင် ဖောက်ထွင်းခံရသည့် ဘုရားအရေအတွက်မှာ ယခုထက်ပိုများနိုင်သည်ဟု ပုဂံဒေသခံအချို့က ပြောကြားသည်။

“ ရှေးသုက ၃၃ ခုပဲ ထုတ်နေတယ်။ ဒါပေမဲ့ ဒေသခံတွေနဲ့ Voluntier တွေ ပြောပုံအရဆို ဒီ့ထက်များပါတယ်။ ဒါပေမဲ့ ဒါကအဟောင်းတွေပါဆိုပြီး ချက်ချင်းပြန်ပိတ်တာတွေကလည်း ရှိတာပေါ့။ မြေပြင်အခြေအနေမှာ ရှေးသုကပြောတဲ့ ၃၃ ဆူထက် ပိုများတာပေါ့။ ဟိုးအရင်ကတည်းက အဖောက်ခံနေရတာတွေ ချောင်ကျလို့ ကိုယ်မသိတဲ့ဟာတွေလည်း ရှိတာကိုး” ဟု ပုဂံဧည့်လမ်းညွန်များအသင်းမှ အလုပ်အမှုဆောင် ဦးမြင့်နိုင်က ပြောကြားသည်။

ဘုရားအဖောက်ခံရသည့်အချိန်တွင် ထူးခြားသတင်းတစ်ခုလည်း ပုဂံဒေသတွင်ဖြစ်ပွားခဲ့သည်။ ယင်းသတင်းမှာ လောကထိပ်ပန်ဘုရား၏အဝင်တွင် တပ်ဆင်ထားသည့် ၀ါးယင်းလိပ်မီးရှို့ခံရခြင်းဖြစ်သည်။

လောကထိပ်ပန်ဘုရားမှာ ၁၂ ရာစုတွင် တည်ထားခဲ့သည့်ဘုရားဖြစ်ပြီး ပုဂံဒေသရှိ နံရံဆေးရေး ပန်းချီလက်ရာ အကောင်းဆုံးဘုရားများတွင် တစ်ဆူအပါအဝင်ဖြစ်သည်။

ယင်းသို့မီးရှို့မှုအား ဒေသခံများနှင့် ပုဂံဘုရားများကို လုံခြုံရေးဆောင်ရွက်နေသည့် ပုဂံဧည့်လမ်းညွှန်အသင်းမှ တွေ့ရှိခဲ့ခြင်းကြောင့် အချိန်မီ ငြိှမ်းသတ်နိုင်ခဲ့သည်။

“ အဲဒီမီးသာ ပိုကြီးသွားရင် အထဲမှာ ရေးထားတဲ့ နံရံဆေးရေး ပန်းချီတွေကုန်မှာ” ဟု ကိုမြင့်နိုင်က ပြောကြားသည်။

မီးလောင်မှုမှာ ရှို့မီးဟုယူဆရပြီး ထင်းရှုးဆီများ သုတ်လိမ်းထားသည်ကို တွေ့ရှိခဲ့ပြီး ပုဂံညောင်ဦး မီးသတ်တပ်ဖွဲ့က အမှုဖွင့်ထားသည်။

“ ယင်းလိပ်က ဘုရားအပြင်မှာ ချထားတဲ့ဟာဆိုတော့ မီးရှို့ရတာ လွယ်ကူတယ်ပေါ့။ ဒီထဲမှာ ဧည့်လမ်းညွှန်အသင်း၊ ရှေးဟောင်းတို့က ပူးပေါင်းစောင့်ရှောက်ကြတယ်။ ဌက်ပစ်တဲ့အဖွဲ့တွေဆိုလည်း ပညာပေး ပြန်လွှတ်ပေးတာပေါ့။ အဲဒီတော့ ဘာပဲပြောပြော ဒီဟာက ရည်ရွယ်ချက်ရှိရှိ ရှို့လိုက်တာပဲ။ စောင့်ရှောက်နေလျက်သားနဲ့ ဒီလိုလုပ်ဖို့ လွယ်ကူတာကို လုပ်လို့ရတယ်ဆိုတာကို မက်ဆေ့ချ်ပေးချင်တာလား။ နောက်တစ်ခုကလည်း ဒါရှို့လိုက်လို့လည်း ဘာမှမဖြစ်သွားဘူး။ ဘုရားက အပြင်ဘက်မှာလေ။ ဒါက ထူးဆန်းတဲ့ ကိစ္စတစ်ခုဖြစ်နေတာပေါ့။ ဖောက်တဲ့သူကပဲ ဒီလိုရှို့ခဲ့တာလား။ အဲဒါတွေကလည်း စဉ်းစားစရာတွေ ဖြစ်တာပေါ့” ဟု ဦးမြင့်နိုင်က သုံးသပ်ပြောကြားသည်။

ယူနက်စကိုစာရင်းဝင် ပုဂံဒေသတွင် ဘုရားပေါင်း ၃၈၀၀ ကျော်ရှိရာ ယင်းဘုရားများကို စောင့်ရှောက်ရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်တွင် ဝန်ထမ်း ၂၄ ဦးသာ ရှိသည်။ ယင်းဝန်ထမ်းများအနေဖြင့် ဘုရားများကို စောင့်ရှောက်ရန်မှာ မနိုင်ဝန်ထမ်းရသည့်သဘောဖြစ်သည်။

“ ဘုရားပေါင်း ၃၀၀၀ ကျော်ရှိတယ်။ ဒီ ၂၄ ယောက်နဲ့ ဘယ်လိုမှ အဆင်မပြေဘူး။ အဲဒါကြောင့် ပုဂံ ဧည့်လမ်းညွှန်အသင်းက ဝင်ကူတာပေါ့” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

ပုဂံဘုရားများကို စောင့်ရှောက်ရသည့်အခြေအနေနှင့် ပတ်သက်ပြီး  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက “ ဘုရားကလည်း ၃၈၂၂ ဆိုတော့ တစ်ဆူချင်းကို ထိန်းသိမ်းဖို့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ဌာနအနေနဲ့ လုံခြုံရေးကို ဆောင်ရွက်ပေမဲ့ လုံခြုံရေးအားနည်းတဲ့ နေရာမှာ အခုလို ဖြစ်တတ်တာပေါ့” ဟု နေပြည်တော်တွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ပုဂံဒေသရှိ ရှေးဟောင်းဘုရားစေတီအချို့ကို ဇွန် ၁၃ ရက်က ဖူးတွေ့ရစဉ် (ဓာတ်ပုံ- မင်းလတ်)

ပထမဆုံး ဌာပနာဖောက်ထွင်းခံရသည်ဟု ယူဆရသည့် ဘုရားငါးဆူအနီးတွင် မူးယစ်ဆေးဝါး သုံးစွဲထားသည့်ပစ္စည်းများကို တွေ့ရှိခဲ့ရသည်ဟု ဒုဝန်ကြီးက ဆိုသည်။

“ ပထမဖြစ်ခဲ့တဲ့ ငါးဆူ၊ နောက်သုံးဆူမှာတော့ သူတို့ရဲ့ အထောက်အထားကို ပြန်ကြည့်တဲ့အခါ ဆေးဝါးရှူတဲ့အခါသုံးတဲ့ ကော်ချောင်းတို့ ဆေးထိုးအပ်တို့ တွေ့တယ်။ ဒါကို ကျွန်တော်တို့ ကြည့်လိုက်တဲ့အခါ ဒါနဲ့ပတ်သက်လို့ ဆေးသုံးနေတဲ့အခါ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဌာပနာကို ရယူလိုတဲ့အပိုင်း ရှိကောင်းရှိပါလိမ့်မယ်။ ဒီရဲ့အပိုင်းကတော့ လုံးဝမလုပ်သင့်တဲ့ကိစ္စဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးကြည်မင်းက ပြောကြားသည်။

ပုဂံဘုရားများယခုကဲ့သို့ ဌာပနာအဖောက်ခံရခြင်းကြောင့် လက်ရှိတွင် ၇၀ ဦးပါသည့် ရဲတပ်ရင်းတစ်ခုဖြင့် လုံခြုံရေးဆောင်ရွက်နေသည်ဟု ပုဂံဧည့်လမ်းညွန်များအသင်းမှ အလုပ်အမှုဆောင် ဦးမြင့်နိုင်က ပြောကြားသည်။

“ အခု ဒါဖြစ်သွားပြီးနောက်မှာတော့ ရဲတပ်ရင်းရောက်လာတယ်။ အင်အား ၇၀ လောက်ရှိတယ်။ သူက ညတာဝန်ယူမယ်ပေါ့။ ဒါတွေအများစု ဖြစ်တာလည်း ညပိုင်းမှာ ဖြစ်တာများတယ်။ နေ့ခင်းကတော့ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ဆီမှာက မှန်ပြောင်းတွေ ဘာတွေ၊ ကင်မရာတွေက ရှိတယ်။ အပေါ်တက်နေပြီ ဆိုတာနဲ့ ကျွန်တော်တို့ တွေ့ပြီ။ အခုကတော့ ညပိုင်းမှာလည်း ရဲတပ်ရင်းတွေ လှည့်မယ်ပြောတယ်။ အဲဒါဆို နည်းနည်းသက်သာသွားပြီပေါ့။ နေ့ခင်းဆိုရင်လည်း ဌာနဆိုင်ရာဝန်ထမ်းလေးတွေ ညှပ်ထည့်ပေးတယ်။ လောလောဆယ်တော့ အင်အားတွေ ကောင်းလာပြီ” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

ဧရိယာကျယ်ဝန်းသည့် ပုံဂံဒေသအတွက် ယခုကဲ့သို့ လုံခြုံရေးအစီအမံများ လတ်တလော ဆောင်ရွက်ထားသော်လည်း ရေရှည်အတွက်ကိုမူ အဖြေမရှိသေးဟု ဆိုရမည်ဖြစ်သည်။

ဘုရားပေါင်း ၃၈၀၀ ကျော်ရှိသည့်ဒေသတွင် လုံခြုံရေးဆောင်ရွက်ရန် ရေရှည်အစီအမံများ ချမှတ် ဆောင်ရွက်ရမည်ဖြစ်ပြီး ဘဏ္ဍာရေးပိုင်းမှာ အရေးကြီးသည့်နေရာတွင် ရှိနေသည်။

လက်ရှိတွင် ပုဂံဘုရားများကို နေ့ခင်းပိုင်းအချိန်များတွင် ရှေးဟောင်းသုတေသန ညွှန်ကြားမှုဦးစီးဌာနမှ လုံခြုံရေး ၂၄ ဦး၊ ပုဂံဧည့်လမ်းညွှန်များအသင်းမှ ၁၀၀ ခန့်ဖြင့် လှည့်လည်ကြည့်ရှုကာ စစ်ဆေးခြင်းများ ဆောင်ရွက်နေသော်လည်း ရေရှည်တွင်မူ ယင်းသို့လုပ်ဆောင်ရန် မဖြစ်နိုင်သည့်အနေအထားဖြစ်ကြောင်း ပုဂံဒေသခံများက သုံးသပ်သည်။

“ ကျွန်တော်တို့ကြောက်တာ တစ်ခုတော့ရှိတယ်။ ဒီအင်အားတွေက အမြဲတမ်းရှိနေမှာ မဟုတ်ဘူး။ ကျွန်တော်တို့လည်း တစ်ချိန်ချိန်မှာ ရုပ်ရမှာပဲ။ တခြားဌာနဆိုင်ရာ အင်အားတွေလည်း ရုပ်ရမှာပဲ။ ရှေး/ သုက ၂၄ ယောက်နဲ့ ရေရှည်ထိန်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒီတော့ ကျွန်တော်တို့က ဒါတွေကို ထိန်းသိမ်းဖို့ Heritage အဖွဲ့တွေ ထောင်ကို ထောင်ရမယ်။ ဘတ်ဂျက်တွေအများကြီးနဲ့ လုပ်ကိုလုပ်ရမယ်။ အနည်းဆုံး အင်အားအပြည့်နဲ့ သူတို့မှာ Facility ရှိရမယ်။ ဒါကိုပဲ Focus ထားပြီး လုပ်ရမယ်။ ဧရိယာကြီးက အကျယ်ကြီးကို” ဟု ကိုမြင့်နိုင်က သုံးသပ်သည်။

လတ်တလောအခြေအနေများအရ ပုဂံတွင် လုံခြုံရေးအင်အားတိုးမြှင့်ပေးရန်မှာ အခက်အခဲများရှိနေသည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက ပြောကြားသည်။

“ ဒီလိုမျိုးမဖြစ်ရလေအောင် စီမံဆောင်ရွက်မယ်ဆိုတာမှာ ကျွန်တော်တို့က အစိုးရဌာနဖြစ်တဲ့အတွက် ချက်ချင်းဝန်ထမ်းအင်အားတိုးဖို့က မဖြစ်နိုင်ပါဘူး။ နိုင်ငံတော်ရဲ့ ဘဏ္ဍာရေးဘတ်ဂျက်ကို ထည့်သွင်းစဉ်းစားရတဲ့ အနေအထားမှာရှိပါတယ်” ဟု ဦးကြည်မင်းက ပြောကြားသည်။

ပုဂံလုံခြုံရေးအတွက် ဒေသခံများ၏ ပူးပေါင်းဆောင်ရွက်မှုကိုသာ ဦးစားပေးဖြစ်စေရန် ရည်ရွယ်ထားပြီး ယင်းသို့ပါဝင်လာမှသာ အဆင်ပြေမည်ဟု ဒုဝန်ကြီး ဦးကြည်မင်းက ပြောကြားသည်။

“ ပုဂံမှာရှိတဲ့ပြည်သူတွေ ပါဝင်လာဖို့ လိုပါတယ်။ ပြည်သူတွေရဲ့ ပါဝင်မှုကြောင့် ဖြစ်သွားတဲ့အနေအထားမှာ ချက်ချင်းသိရပြီးတော့ ဖြစ်သွားတဲ့အနေအထားကိုသိရှိပြီး လုပ်သင့်လုပ်ထိုက်တဲ့အနေအထားကို ဆောင်ရွက်နိုင်တဲ ့အနေအထား ရှိပါတယ်” ဟု ဒုတိယဝန်ကြီး ဦးကြည်မင်းက ပြောကြားသည်။

ပုဂံဒေသမှာ လက်ရှိတွင် ခရီးသွားလာရောက်မှု ပိတ်ထားခြင်းကြောင့် ယခင်ကဲ့သို့အခြေအနေမဟုတ်ဘဲ ယုန်ကဲသို့ တောရိုင်းတိရစ္ဆာန်အကောင်ငယ်အချို့ကိုလည်း တွေ့ရှိလာခဲ့ရသည်ဟု ပုဂံဒေသခံအချို့က ပြောကြားသည်။

“ ပုဂံမှာ လူသူတိတ်ဆိတ်သည်နှင့် သဘာဝသား ငှက်တိရစ္ဆာန်တွေ ပြန်ထွက်လာကြပါတယ်။ ရှားပါးငှက်တွေ ပြန်ထွက်လာပါတယ်။ ယုန်တွေ ပြန်ထွက်လာပါတယ်။ အာနန္ဒာဘုရားအနီးတစ်ခါ၊ ညောင်လက် တစ်ဖက်ကန်ထဲမှာ တစ်ခါယုန်ကို မျက်ဝါးထင်ထင် တွေ့လိုက်ရပါတယ်” ဟု ပုဂံဧည့်လမ်းညွှန်အသင်းက ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

ပုဂံတွင် လူသူရောက်ရှိမှု နည်းပါးလာသည်နှင့်အမျှ သဘာဝအတိုင်း ပြန်လည်ဖြစ်လာသည့် အခြေအနေများလည်း ရှိနေသကဲ့သို့ ဘုရားဌာပနာဖောက်ခြင်းများကိုလည်း ကြုံတွေ့လာရခြင်းမှာ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးအတွက် အခက်တွေ့လာမည်ဖြစ်ကြောင်း ပုဂံဧည့်လမ်းညွန်တစ်ဦးဖြစ်သူ ကိုမြင့်နိုင်က ပြောကြားသည်။

“ ဒါတွေကိုမထိန်းသိမ်းနိုင်ဘူးဆိုရင် Danger Heritage ဖြစ်နိုင်တယ်။ ရှေးဟောင်းဇုန်ထဲမှာက ဒီပြဿနာတင်မဟုတ်ဘူး။ မြေယာကိစ္စတွေလည်း ရှိနေတယ်လေ။ ဒါတွေကို သေချာမလုပ်နိုင်ရင်တော့ ပုဂံက ရေရှည်မှာ မလွယ်ပါဘူး” ဟု ကိုမြင့်နိုင်က သုံးသပ်သည်။

ပုဂံဘုရား ဌာပနာများ အဖောက်ခံရအပြီး ဇွန် ၁၃ ရက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကိုယ်တိုင်လာရောက်စစ်ဆေးခဲ့ပြီး ပုဂံဒေသကိုပူးပေါင်းကူညီ စောင့်ရှောက်ပေးခဲ့သူများကို ကျေးဇူးတင်ရှိကြောင်း၊ ဘုရားဌာပနာများ အဖောက်ခံရခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတော်အကြီးအကဲများလည်း စိုးရိမ်ပူပန်ခဲ့သည်ဟု ဒေသခံများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“ ပထမ ငါးဆူဆိုတဲ့ နေရာမှာ ဒုတိယဝန်ကြီး ဦးကြည်မင်း ဦးစီးတဲ့အဖွဲ့နဲ့ ဒီကိုလာပြီး ဒီက အကြီးအကဲတွေနဲ့ တွေ့ဆုံမေးမြန်းပြီး လိုအပ်တဲ့ စီမံကာကွယ်မှုတွေလုပ်ဖို့ စီစဉ်ထားပေမယ့် စေတီ ၃၃ ဆူ ဖြစ်လာတော့ သမ္မတရုံးက ကျွန်တော်ကိုယ်တိုင်သွားချင်တဲ့ သဘောရှိလို့ လာရောက်ရခြင်းဖြစ်ပါတယ်။ အမှန်တကယ် ဌာပနာ အဖောက်ခံရတာ ၁၂ ဆူဖြစ်ပြီးတော့ အခြား ၂၁ ဆူက မူလကတည်းက ဌာပနာ ပိတ်ခဲ့ခြင်းမရှိပါဘူး။ စေတီ ၃၃ ဆူ ဆိုတော့ နိုင်ငံတော်အကြီးအကဲများလည်း စိုးရိမ်သွားပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက ပြောကြားသည်။

ပျူမြို့ပြနိုင်ငံများ ခေတ်ကုန်ဆုံးခဲ့သည့်နောက်ပိုင်း သက္ကရာဇ် ၈၄၆ တွင် ပျဉ်ပြားမင်းက စတင်ထူထောင်ခဲ့သည့် ပုဂံဒေသမှာ ရှေးဟောင်းအမွေအနှစ် များစွာရှိနေပြီး ယူနက်စကိုအဖွဲ့ကလည်း ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြုခဲ့သည်။

သို့သော်လက်ရှိအချိန်တွင် ပုဂံဒေသမှာ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်လာရပြီဖြစ်ပြီး နောက်ဆုံး တွေ့ကြုံရသည့်အခြေအနေမှာ ဘုရားဌာပနာ ဖောက်ခံရခြင်းပင်ဖြစ်သည်။

ယင်းလုပ်ဆောင်ချက်မှာ သဘောရိုးမဟုတ်ဘဲ နိုင်ငံရေးပယောဂပါနေသည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သုံးသပ်သည်။

“ ဘယ်လိုပဲဖြစ်ဖြစ် အခုစာရင်းအရ ဘုရား ၃၃ ဆူ ဌာပနာဖောက်ခံရတယ်။ ဒီလို ဌာပနာတိုက်လေးတွေ ဖောက်ခံရတယ်ဆိုတဲ့ကိစ္စဟာ ဒါသည် ဌာပနာပစ္စည်းရယူလိုတဲ့ သဘောရိုးမဟုတ်ပဲနဲ့ နိုင်ငံရေးပယောဂပါတဲ့ သဘောမျိုးဖြစ်နေတယ်လို့ အဲဒီလိုပဲ သုံးသပ်ပါတယ်။ အထက်ကလည်း အဲဒီလိုပဲသုံးသပ်ပါတယ်” ဟု သူရဦးအောင်ကိုက ပြောကြားခဲ့သည်။

Most Read

Most Recent