ပညာတတ်လူတန်းစား

ပညာတတ်လူတန်းစား
Published 11 June 2020

လက်တင်ဘာသာစကားဖြစ်သည့် ပညာတတ်လူတန်းစား Intelligentsia ဟူသည် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတစ်ရပ်၏ ယဉ်ကျေးမှုနှင့် နိုင်ငံရေးကို ပုံဖော်ရာ၌ ဝေဖန်၊ လမ်းညွှန်၊ ဦးဆောင်သည့် ဉာဏလုပ်သား အစုအဝေးတစ်ရပ်တွင် ပါဝင်သော ပညာတတ်သည့် လူတန်းစားတစ်ရပ်ကို ဆိုလိုသည်။ လူတန်းစားအရ Intelligentsia တွင် အနုပညာရှင်များ၊ ကျောင်းဆရာများ၊ ပညာရှင်များ၊ စာရေးဆရာများနှင့် စာပေပညာရှင်များပါဝင်သည်။ Intelligentsia ဟူသည့် လူတန်းစား၌ ပါဝင်သူ အသီးသီးကို ပညာတတ်များ Intelligentsia ဟု ခေါ်ဆိုသည်။

နှစ်ခြမ်းကွဲသောခေတ် (Age of Partitions) ဟု ခေါ်ဆိုသည့် ၁၇၇၂ - ၉၅ ခုနှစ်များအတွင်း ရုရှားတို့ ထိန်းချုပ်ထားသည့် ပိုလန်တွင် ၁၈ ရာစုနှောင်းပိုင်း၌ Intelligentsia ဟူသည့် လူတန်းစားတစ်ရပ် စတင်ပေါ်ထွန်းလာသည်။ ၁၉ ရာစုတွင် ပိုလန်ပညာရှင် Bronislaw Trentowski က ပိုလန်၏ ယဉ်ကျေးမှုခေါင်းဆောင်များဟု ဆိုနိုင်သော ပညာတတ်ပြီး ပရော်ဖက်ရှင်နယ်ကျကျ တက်ကြွလှုပ်ရှားကြသည့် မျိုးချစ်ဘူဇွာလူတန်းစားတစ်ရပ်ကို အမျိုးအမည်သတ်မှတ်ဖော်ပြရန် Intelligentcja (Intellectuals) ဟူသည့် လွှမ်းခြုံစကားရပ်ကို သုံးစွဲခဲ့သည်။ ၎င်းအပြင် ရုရှားဇာဘုရင်ခေတ် သက်ဦးဆံပိုင်အုပ်ချုပ်ရေးကာလ (၁၈ ရာစုနှောင်းပိုင်းမှ ၂၀ ရာစုအစောပိုင်းအထိ) အတွင်း လူတန်းစားတစ်ရပ်ကို ရည်ညွှန်းခြင်းလည်း ဖြစ်သည်။

ဘော်ရှီဗစ်တော်လှန်ရေး (၁၉၁၇) မတိုင်မီ ရုရှားတွင် Intelligentsiya  ဟူသည့် စကားရပ်သည် ယဉ်ကျေးမှုအရင်းအနှီးများ (ကျောင်းတက်၊ ပညာတတ်၊ အသိဉာဏ်ပွင့်) ကြောင့် လက်တွေ့နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကိုရရှိသည်ဟု ယူဆရသည့်ပညာတတ်သော လူတန်းစားတစ်ရပ်ကို ရည်ညွှန်းခြင်းဖြစ်သည်။ လက်တွေ့ကမ္ဘာ၌ Intelligentisa တို့၏ အနေအထားနှင့် လူမှုလုပ်ငန်းဆောင်တာများသည် လူ့အဖွဲ့အစည်းအလိုက် ကွဲပြားခြားနား၍ နေသည်။ အရှေ့ဥရောပတွင် ပညာတတ်လူတန်းစားသည် နိုင်ငံရေးသြဇာကင်းမဲ့ပြီး စီးပွားရေးဖွံ့ဖြိုးမှုကို မောင်းနှင်သည့်ကဏ္ဍ၌ အဓိကကျသူများ အဖြစ်သာ အသုံးတော်ခံရသည်။ ထို့ပြင် ယင်းလူ့အဖွဲ့အစည်းများ၌ ပညာတတ်လူတန်းစားသည် လုပ်ငန်းဆောင်တာအရအရေးပါမှု၌ လူ့အဖွဲ့အစည်း၏ အစွန်အဖျားသို့ ရောက်နေသည်။ အနောက်ဥရောပ (အထူးသဖြင့် ဂျာမနီနှင့် ဗြိတိန်) တွင်မူ ယင်းကဲ့သို့ မဟုတ်ဘဲ Intelligentsia သည် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းများ၌ လူထုရေးရာ ပညာရှင်များအဖြစ် နိုင်ငံရေးသြဇာရှိသူများ ဖြစ်ကြသည်။

Campus Power Struggle (၁၉၇၀) စာအုပ်တွင် လူမှုဗေဒပညာရှင် Richard Flacks Mass (Intelligentsia) ဟူသည့် သဘောတရားတစ်ရပ်နှင့် မိတ်ဆက်ပေးခဲ့ပြန်သည်။ သူက “ကားလ်မက်စ် မမျှော်လင့်နိုင်ခဲ့တာကတော့ သူ့ခေတ်က ဘူဇွာဆန့်ကျင် ရေးပညာတတ်တွေဟာ ကျွန်တော်တို့ခေတ်မှာ Mass (Intelligentsia) ဆိုတဲ့ လူတန်း စားတစ်ရပ်ရဲ့ ပထမဆုံးကိုယ်စားလှယ်တွေ ဖြစ်လာမယ်ဆိုတာပဲ။ အဲဒီလူအုပ်စုဟာ မက်စ်ဝါဒအမြင်အရ လူတန်းစားတစ်ရပ်ရဲ့ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးဆိုင်ရာ စရိုက်လက္ခဏာရပ်တွေ တော်တော်များများကို ဆက်လက်ပုံဖော်နေတာပါ။ ယဉ်ကျေးမှုဆိုင်ရာ စံတန်ဖိုးတွေနဲ့ ပတ်သက်တဲ့ ထုတ်လုပ်မှု၊ ဖြန့်ဝေမှု၊ ဖွင့်ဆိုမှု၊ ဝေဖန်မှုနဲ့ သွန်သင်မှုတွေမှာ ပရော်ဖက်ရှင်နယ်ကျကျ ပါဝင်သူတွေကို ကျွန်တော်က Intelligentsia လို့ ခေါ်ဆိုတာပါ” ဟု ဆိုသည်။

မည်သို့ပင်ဆိုစေ နိုင်ငံတစ်နိုင်ငံကို တည်ဆောက်ရာတွင် ပညာတတ်လူတန်းစားတစ်ရပ်သည် အလွန်အရေးကြီးပြီး ပညာတတ်လူတန်းစားအားနည်းသည့်၊ ပညာတတ်လူတန်းစားကို ပစ်ပယ်ထားသည့်၊ ပညာတတ်များ ထွန်းကားလာအောင် ပြုစုပျိုးထောင်ပေးခြင်းမရှိသည့် နိုင်ငံတစ်နိုင်ငံသည် ကမ္ဘာအလယ်တွင် အရှက်တကွဲ အကျိုးနည်းမှုများနှင့် ရင်ဆိုင်ရလျက် အောက်တန်းနောက်တန်း ကျနေဦးမည်သာ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

■ (ဇွန် ၁၂ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent