သီလဝါအထူးစီးပွားရေးဇုန် Zone B အဆင့် (၁)၊ (၂) နှင့် (၃) တွင် ငှားရမ်းနိုုင်သောမြေ ၁၈၂ ဟက်တာအနက် ၄၈ ရာခိုင်နှုန်းကို ကုမ္ပဏီ ၂၀ သို့ ငှားရမ်းထားပြီး အဆင့် (၄) အား ဆက်လက်တည်ဆောက်နေ

သီလဝါအထူးစီးပွားရေးဇုန် Zone B အဆင့် (၁)၊ (၂) နှင့် (၃) တွင် ငှားရမ်းနိုုင်သောမြေ ၁၈၂ ဟက်တာအနက် ၄၈ ရာခိုင်နှုန်းကို ကုမ္ပဏီ ၂၀ သို့ ငှားရမ်းထားပြီး အဆင့် (၄) အား ဆက်လက်တည်ဆောက်နေ
သီလဝါအထူးစီးပွားရေးဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
သီလဝါအထူးစီးပွားရေးဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 3 June 2020
နီလာ

ရန်ကုန်တိုင်းဒေသကြီး သန်လျင် - ကျောက်တန်းဒေသ၌ အကောင်အထည်ဖော်နေသည့် သီလဝါအထူးစီးပွားရေးဇုန် Zone B အဆင့် (၁)၊ (၂) နှင့် (၃) တွင် ငှားရမ်းနိုင်သောမြေ ၁၈၂ ဟက်တာအနက် ၄၈ ရာခိုင်နှုန်းကို ကုမ္ပဏီ ၂၀ သို့ ငှားရမ်းထားပြီး အဆင့် (၄) ၏ ငှားရမ်းနိုင်သော မြေ ၂၆ ဟက်တာအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း  Myanmar Thilawa SEZ Holdings Public CO. Ltd (MTSH) ၏  ၂၀၁၉ ခုနှစ် Annual Report ၌ ဖော်ပြထားသည်။

သီလဝါအထူးစီးပွားရေးဇုန် Zone A တွင် ငှားရမ်းနိုင်သောမြေဧရိယာစုစုပေါင်း ၃၀၀ ဟက်တာတွင် ၉၉ ရာခိုင်နှုန်းမှာ ကုမ္ပဏီ ၈၄ ခုသို့ ငှားရမ်းပြီးဖြစ်သည်။

သီလဝါအထူးစီးပွားရေးဇုန်  Zone B အဆင့်(၁)၊ (၂) နှင့် (၃) ၌ ငှားရမ်းနိုင်သောမြေ ၁၈၂ ဟက်တာအနက် ၄၈ ရာခိုင်နှုန်းကို ကုမ္ပဏီ ၂၀ သို့ ငှားရမ်းပြီးဖြစ်ကြောင်း၊ ဆက်လက်၍ Zone B အဆင့် (၄) ၏ ငှားရမ်းနိုင်သောမြေ ၂၆ ဟက်တာအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

မြေငှားရမ်းမှုမှရရှိသည့် ဝင်ငွေအပြင် စက်မှုဇုန်အတွင်း လျှပ်စစ်မီး၊ ရေပေးဝေမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှုတို့အတွက် ဝန်ဆောင်ခသည်လည်း ပုံမှန်ရရှိနေသော ဝင်ငွေအရင်းအမြစ်တစ်ခုပင်ဖြစ်သည်။

၂၀၁၉ ခုနှစ် မေတွင် Toyota Motor Corporation က စက်ရုံတစ်ခုကို သီလဝါ အထူးစီးပွားရေးဇုန်၌ တည်ထောင်ခဲ့ခြင်းနှင့် Suzuki Motor Corporation စက်ရုံတိုးချဲ့ခြင်းသည်လည်း သီလဝါအထူးစီးပွားရေးဇုန်၏ ဂုဏ်သတင်းကို ထပ်ဆင့်မြှင့်တင်ပေးလိုက်ခြင်းပင်ဖြစ်သည်ဟု ဖော်ပြထားသည်။

သီလဝါအထူးစီးပွားရေးဇုန်တွင် လာ ရောက်ရင်းနှီးမြှုပ်နှံလျက်ရှိသည့် နိုင်ငံ ၁၈ နိုင်ငံမှ ကုမ္ပဏီ ၁၁၃ ခုနှင့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၁ ဒသမ ၈၆ ဘီ လျံရှိပြီး ငှားရမ်းသည့်စက်ရုံ ၁၆ ခု၌ လုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်လျက်ရှိသည်။

သီလဝါအထူးစီးပွားရေးဇုန်ကို ပြည်ထောင်စုအစိုးရအဖွဲ့က ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင် စုစုပေါင်းဧရိယာ ၅၇၈၇ ဒသမ ၇၁၈ ဧကဖြင့် သတ်မှတ်အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့ကြောင်း သိရသည်။

သီလဝါအထူးစီးပွားရေးဇုန် Zone A ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် ၄၀၅  ဟက်တာ( ဧက ၁၀၀၀) ခန့် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက်  ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်အထိ သီလဝါအထူးစီးပွားရေးဇုန် Zone B ပထမ အဆင့် ၁၀၁ ဟက်တာ (ဧက ၂၅ဝခန့်) ကို လည်းကောင်း၊ ဒုတိယအဆင့် ၇၇ ဟက်တာ (ဧက ၁၉၀) ခန့်ကိုလည်းကောင်း၊ တတိယ အဆင့် ၄၆ ဟက်တာ (၁၁၄ ဧက) ခန့်ကို လည်းကောင်း အကောင်အထည်ဖော်ခဲ့ပြီး လက်ရှိတွင် စတုတ္ထအဆင့် ၃၈ ဟက်တာ (၉၄ ဧကခန့်) ကို အကောင်အထည်ဖော်လျက်ရှိရာ စုစုပေါင်းဧရိယာ၏ ၂၈ ရာခိုင် နှုန်းခန့်ကို အကောင်အထည်ဖော်ပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

“အနာဂတ်ကာလမှာ စီးပွားရေးအရ ယှဉ်ပြိုင်မှုတွေ ပိုမိုပြင်းထန်လာနိုင်သော်လည်း သီလဝါအထူးစီးပွားရေးဇုန်ဟာ မြန်မာ-ဂျပန် နှစ်ဖက်အစိုးရအဖွဲ့များက ဇုန်နဲ့ ဇုန်ပတ်ဝန်းကျင်မှာရှိတဲ့ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးဆောင်ရွက်နေတဲ့အတွက် သီလဝါအထူးစီးပွားရေးဇုန်ဟာ ရင်းနှီးမြှုပ်နှံသူများ စီးပွားရေးလုပ်ကိုင်ရန် အကောင်းဆုံးနေရာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေမယ်လို့ ယုံကြည်ပါတယ်”ဟု Myanmar Thilawa SEZ Holdings Public CO. Ltd (MTSH) ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။                       

 

Most Read

Most Recent