ဥရောပရွှေဖိနပ်ဆုအတွက် ရပ်တည်မှုတွင် လီဝန်ဒေါစကီး နှစ်ဂိုးအသာဖြင့် ဦးဆောင်နေပြီး ဂိုးအများဆုံးရာသီအဖြစ် စံချိန်တင်နိုင်ရန် နီးစပ်

ဥရောပရွှေဖိနပ်ဆုအတွက် ရပ်တည်မှုတွင် လီဝန်ဒေါစကီး နှစ်ဂိုးအသာဖြင့် ဦးဆောင်နေပြီး ဂိုးအများဆုံးရာသီအဖြစ် စံချိန်တင်နိုင်ရန် နီးစပ်
Published 1 June 2020

ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးသည် ဥရောပရွှေဖိနပ်ဆုအတွက် ရပ်တည်မှုတွင် နှစ်ဂိုးအသာဖြင့် ထိပ်ဆုံးမှ လွတ်လွတ်ကျွတ်ကျွတ်ဦးဆောင်နိုင်ပြီဖြစ်သလို ကစားသမားဘဝ ဂိုးအများဆုံးရာသီအဖြစ် စံချိန်တင်ရန်လည်း နီးစပ်နေကြောင်း သိရသည်။

လီဝန်ဒေါစကီးသည် မေ ၃၀ ရက်က ဒစ်ဆယ်ဒေါ့ဖ်အသင်းအား အိမ်ကွင်း၌ ငါးဂိုးပြတ်အနိုင်ရသည့်ပွဲတွင် နှစ်ဂိုးသွင်းယူပြီးနောက် ယခုရာသီ အမှတ်ပေးပြိုင်ပွဲသွင်းဂိုးမှာ ၂၉ ဂိုးရှိလာသည်။

သို့ဖြစ်ရာ ဥရောပရွှေဖိနပ်ဆုအတွက် လာဇီယိုအသင်းတိုက်စစ်မှူး အီမိုဘီလီနှင့်အတူ ပူးတွဲရပ်တည်နေရာမှ နှစ်ဂိုး (လေးမှတ်) အသာဖြင့် စတင်ဦးဆောင်ခွင့်ရခဲ့ခြင်းဖြစ်သည်။

ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ COVID-19 ကပ်ရောဂါကြောင့် ရပ်နားခဲ့ရသည့် ဥရောပလိဂ်ပြိုင်ပွဲများအနက် ပထမဆုံး ပြန်လည်စတင်သည့်လိဂ်ဖြစ်ပြီး လီဝန် ဒေါစကီးအနေဖြင့် နောက်ဆုံးကစားထားသည့် လေးပွဲအနက် ဒေါ့မွန်နှင့်ပွဲမှလွဲ၍ အွန်ယွန်းဘာလင်၊ ဖရန့်ဖတ်၊ ဒစ်ဆယ်ဒေါ့ဖ်တို့နှင့် သုံးပွဲတွင် လေးဂိုးသွင်းယူနိုင်ခဲ့သည်။

ထို့ပြင် လီဝန်ဒေါစကီး၏ ယခုရာသီ ပြိုင်ပွဲစုံသွင်းဂိုးစုစုပေါင်းမှာလည်း ၄၃ ဂိုးရှိလာပြီး ၂၀၁၆-၂၀၁၇ ရာသီတွင်ရရှိထားသည့် ဂိုးအများဆုံးမှတ်တမ်းကို လိုက်မီသွားပြီဖြစ်သည်။

၎င်းသည် ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် ၂၉ ဂိုး၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ၁၁ ဂိုး၊ ဂျာမန် ဖလားပြိုင်ပွဲတွင် သုံးဂိုးသွင်းယူထားခြင်းဖြစ်သည်။

ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ လက်ကျန်လေး ပွဲရှိသေးသလို ဂျာမန်ဖလားပြိုင်ပွဲ၌ ဆီမီးဖိုင်နယ်နှင့် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ၁၆ သင်းအဆင့် ရောက်ရှိနေသဖြင့် ယင်းပွဲများတွင် တစ်ဂိုးထပ်မံသွင်းယူရုံဖြင့် ကစားသမားဘဝသွင်းဂိုး အများဆုံးရာသီအဖြစ် စံချိန်တင်နိုင်မည်ဖြစ်သည်။

ထို့ပြင် နည်းပြ ဟန်ဆီဖလစ်မှာလည်း ၂၅ ပွဲကစား ၂၂ ပွဲအထိ အနိုင်ရထားသည်။

ဥရောပရွှေဖိနပ်ဆုအတွက် ရပ်တည်မှု

အမည်        ကလပ်        သွင်းဂိုး    ရမှတ်

လီဝန်ဒေါစကီး    ဘိုင်ယန်မြူးနစ်    ၂၉ ဂိုး    ၅၈ မှတ်

အီမိုဘီလီ        လာဇီယို        ၂၇ ဂိုး    ၅၄ မှတ်

ဗာနာ        လိုက်ပ်ဇစ်        ၂၄ ဂိုး    ၄၈ မှတ်

ဟော်လန်း        ဆာလ်ဇ်ဘာ့ဂ်၊    ၂၆ ဂိုး    ၄၄ မှတ်

        ဒေါ့မွန်

စီရော်နယ်လ်ဒို    ဂျူဗင်တပ်စ်    ၂၁ ဂိုး    ၄၂ မှတ်

မက်ဆီ        ဘာစီလိုနာ        ၁၉ ဂိုး    ၃၈ မှတ်

ဗာဒီ        လက်စတာ        ၁၉ ဂိုး    ၃၈ မှတ်

ဘိုင်ယန်အတွက် ရာသီအလိုက် စွမ်းဆောင်မှု

ရာသီ        ပွဲ    ဂိုး

၂၀၁၄-၂၀၁၅    ၄၉ ပွဲ    ၂၅ ဂိုး

၂၀၁၅-၂၀၁၆    ၅၁ ပွဲ    ၄၂ ဂိုး

၂၀၁၆-၂၀၁၇    ၄၇ ပွဲ    ၄၃ ဂိုး

၂၀၁၇-၂၀၁၈    ၄၈ ပွဲ    ၄၁ ဂိုး

၂၀၁၈-၂၀၁၉    ၄၇ ပွဲ    ၄၀ ဂိုး

၂၀၁၉-၂၀၂၀    ၃၇ ပွဲ    ၄၃ ဂိုး

 

Most Read

Most Recent