မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ချေးယူရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု

မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ချေးယူရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု
Published 30 May 2020
အောင်မင်းသိန်း

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးစီမံကိန်း  (National Food and Agriculture System Project-NFASP) အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေ အမေရိကန်ဒေါ်လာသန်း ၂၀၀ ချေးယူရန် ကိစ္စအား ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။

 မေ ၂၉ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အထက်ပါချေးငွေနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦး၏အကြံပြုသုံး သပ်ဆွေးနွေးတင်ပြခဲ့မှုများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က လွှတ်တော်၌ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

အထက်ပါချေးငွေဖြင့် ဆောင်ရွက်ရန် ရွေးချယ်ထားသည့် စီမံကိန်းဒေသများကို အကောင်ဖော်မည့် တိုင်းဒေသကြီး၊ပြည်နယ်များ၏ ရေ၊ မြေ ဒေသအခြေခံများနှင့်အညီ ကုန်ထုတ်စွမ်းအားမြှင့်တင်ပေးနိုင်မည့် အခြေခံကောင်းများရှိသည့် မြို့နယ်များကို စီမံကိန်းပါ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများအား မူတည်၍ ရွေးချယ်ဆောင်ရွက်ထားခြင်းဖြစ်ပြီး ရွေးချယ်မှု လုပ်ငန်းစဉ်တွင် ဒေသအလိုက် စနစ်တကျ ဖွဲ့စည်းထားသည့် တောင်သူ အစုအဖွဲ့များ၊ သီးနှံစိုက်ပျိုးထုတ်လုပ်သူ အစုအဖွဲ့များ၊ စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များနှင့် စပ်လျဉ်းသည့် ပုဂ္ဂလိက လုပ်ငန်းရှင် အဖွဲ့ အစည်းများ တည်ရှိမှုအခြေခံများအပေါ် ထည့်သွင်းစဉ်းစားသုံးသပ်၍ ကမ္ဘာ့ဘဏ်၏ သတ်မှတ်ချက် စံချိန်စံညွှန်းများနှင့်အညီ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြားသည်။

“ယခုစီမံကိန်းကို ပြည်ထောင်စု လွှတ်တော်ရဲ့ အတည်ပြု ခွင့်ပြုပြီးသည်နှင့် စီမံကိန်း အကောင်အထည်ဖော်နိုင်ဖို့အတွက် လိုအပ်သည့်လုပ်ငန်းအစီအမံများကို ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါတယ်။ ချေးငွေပေးတဲ့ အဖွဲ့အစည်းရဲ့ ဇွန်လမှာ ကျင်းပမယ့် ရန်ပုံငွေဆိုင်ရာ ဘုတ်အဖွဲ့အစည်းအဝေးကနေ အတည်ပြုရတာနဲ့ တစ်ပြိုင်နက် လုပ်ငန်းစဉ်အရ ချေးငွေစာချုပ်ကို လက်မှတ်ရေးထိုးပြီး စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြား သည်။

 စီမံကိန်း အကောင်အထည်ဖော်မှု နှင့်စပ်လျဉ်းပြီး နေပြည်တော် ပြည်ထောင်စု နယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည် နယ်  အသီးသီးတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ဖြန့်ကြက် အကောင်အထည်ဖော် မည်ဖြစ်ခြင်းကြောင့် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်၊ မြို့နယ် အဆင့် စီမံကိန်းကြီးကြပ်ကွပ်ကဲမည့် အဖွဲ့ များနှင့် အကောင်အထည်ဖော်မည့် အဖွဲ့များကို ဖွဲ့စည်းပြီး နှစ်အလိုက် ဆောင်ရွက် မည့် အသေးစိတ်  Work Plan များနှင့်အညီ ချေးငွေအား ထိရောက်စွာ သုံးစွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြားသည်။

ဒုတိယဝန်ကြီး ဦးလှကျော်က “စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မယ့် တင်ပြပါ မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ချေးငွေ ရယူရေးအပေါ်မှာ ပြည် ထောင်စုလွှတ်တော်မှ ခွင့်ပြုပေးနိုင်ပါရန် ရှင်းလင်းတင်ပြအပ်ပါတယ်” ဟု လွှတ်တော်သို့ တင်ပြခဲ့သည်။

ချေးငွေရယူရေးကိစ္စကို လွှတ်တော်မှ အတည်ပြုပြီးသည့်အချိန်တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအနေဖြင့် ချေးငွေစာချုပ်ချုပ်ဆိုရန် ညှိနှိုင်းခြင်း၊ ချေး ငွေစာချုပ် လက်မှတ်ရေးထိုးခြင်း၊ စာချုပ် အသက်ဝင်ရန် ဆောင်ရွက်ခြင်း၊ ချေးငွေ ထုတ်ယူရရှိစေရန် ဆောင်ရွက်ပေးခြင်း စသည့် လုပ်ငန်းစဉ်များကို လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး စီမံကိန်းအကောင်အထည်ဖော်မှု အခြေအနေ တိုးတက်မှုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပုံမှန်အစီရင်ခံ တင်ပြရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် ချေး ငွေအပေါ်တွင် လွှတ်တော်က အတည်ပြု ပေးနိုင်ပါရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက် မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင် ဝင်းက  တင်ပြခဲ့သည်။

အထက်ပါချေးငွေရယူရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာတွင် ကန့်ကွက်သူမရှိ သဘောတူခဲ့ ခြင်းဖြစ်သည်။