ပြည်ပချေးငွေဖြင့် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အစိုးရသက်တမ်း ကာလတစ်ခုအတွက် မဟုတ်ဘဲ နောင်အစိုးရ အဆက်ဆက် အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများ ဖြစ်သင့်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အကြံပြု

ပြည်ပချေးငွေဖြင့် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အစိုးရသက်တမ်း ကာလတစ်ခုအတွက် မဟုတ်ဘဲ နောင်အစိုးရ အဆက်ဆက် အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများ ဖြစ်သင့်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အကြံပြု
Published 27 May 2020
ပြည့်ဖြိုးအောင်

ပြည်ပချေးငွေဖြင့် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အစိုးရသက်တမ်း ကာလတစ်ခုအတွက်သာ မဟုတ်ဘဲ နောင်အစိုးရအဆက်ဆက် အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများ ဖြစ်သင့်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးစံဝင်းခိုင်က အကြံပြုပြောကြားသည်။

မေ ၂၆ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု အစိုးရအပ်ငွေစာရင်း၏ လိုငွေဖြည့်ဆည်းရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေကျပ် ၁၃၁၁ ဒသမ ၀၆၄ ဘီလျံအတွင်း ရယူရေးနှင့် ပတ်သက်ပြီး ဆွေးနွေးရာတွင် ဗိုလ်မှူးစံဝင်းခိုင်က ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ပြည်ပချေးငွေများရယူပြီး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ နိုင်ငံတော်၏ အနာဂတ်ဖွံ့ဖြိုးရေးအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများ ဖြစ်သင့်ပါတယ်။ အစိုးရသက်တမ်း ကာလတစ်ခုအတွက် သာမဟုတ်ဘဲ ပြောင်းလဲလာမယ့် အစိုးရအဆက်ဆက် အကျိုးဖြစ်ထွန်းစေမယ့် စီမံကိန်းများ ဖြစ်သင့်ပါတယ်။ တိုင်းပြည်စီးပွား အမှန်တကယ် ဦးမော့လာဖို့ မျှော်မှန်းဆောင်ရွက်သင့်ပါတယ်” ဟု ဗိုလ်မှူး စံဝင်းခိုင်က ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်အနေဖြင့် လိုငွေလျှော့ချနိုင်ရေး၊ ရငွေများ ပြည့်ပြည့်ဝ၀ ရရှိရေးအတွက် အကြံပြုတင်ပြရာတွင် နိုင်ငံတော် အနေဖြင့် ဆင်းရဲနွမ်းပါးမှု အခြေအနေအောက်မှ ရုန်းထွက်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဘဏ္ဍာရေးဆိုင်ရာမူဝါဒ (Fiscal Policy) နှင့် ငွေကြေးဆိုင်ရာမူဝါဒ (Monetary) တွေကို ဟန်ချက်ညီညီနှင့် ရေရှည်မျှော်မှန်းပြီး ထိရောက်စွာ ချမှတ်ဆောင်ရွက်နိုင်ရန် ဆွေးနွေးတင်ပြလိုကြောင်း၊ ပြည်ထောင်စု အစိုးရရဲ့လိုငွေကို ပြည်တွင်းပြည်ပမှ ချေးငွေ၊ ဗဟိုဘဏ်မှ ချေးငွေများဖြင့် ဖြည့်ဆည်းနိုင်ခြင်းဟာ ဥပဒေပြဋ္ဌာန်းချက်များနှင့် ဆောင်ရွက်ခြင်း ဖြစ်သော်လည်း လိုငွေမရှိစေခြင်း သို့မဟုတ် အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဗိုလ်မှူးစံဝင်းခိုင်က ပြောကြားသည်။

“ဒီလိုဖြစ်စေအောင်လည်း နိုင်ငံတော်အတွက် ရငွေရရှိရန် ဖြည့်ဆည်းပေးတဲ့ စီးပွားရေး အခွန်အခများ ကောက်ခံခြင်းအပါအဝင် အစိုးရအဖွဲ့အစည်းများ၏ ရငွေအတွက် ရှာဖွေဆောင်ရွက်ရတဲ့ နိုင်ငံပိုင်စီးပွားရေးနဲ့ ဝန်ဆောင်မှု လုပ်ငန်းများအနေနဲ့ ယိုပေါက်၊ ဟာပေါက် မရှိစေရေး အဂတိတရားကင်းကင်း ရှင်းရှင်းဖြင့် ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် အခွန်ထမ်းနှင့် အခွန်ထမ်းပြည်သူမတွေ့စေတဲ့ IT နည်းပညာ အသုံးပြုနိုင်ဖို့၊ E-Banking၊ I-Banking များ တိုးတက်ဖွံ့ဖြိုးစေဖို့၊ အစိုးရဌာန အဖွဲ့အစည်းများ၏ စီမံကိန်းလုပ်ငန်းများအပေါ် ထိထိရောက်ရောက် စောင့်ကြပ်ထိန်းကျောင်းပေးမယ့် အဖွဲ့အစည်းများ ခိုင်မာအားကောင်းစေဖို့ လိုအပ်မှာဖြစ်ပါတယ်” ဟု ဗိုလ်မှူးစံဝင်းခိုင်က ပြောကြားသည်။

ရငွေရှာဖွေပေးရသည့် နိုင်ငံပိုင် အဖွဲ့အစည်းများအနေဖြင့် စီမံကိန်းများချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ အကျိုးအမြတ်ရရှိမည့် လုပ်ငန်းများဖြစ်စေရန် သေချာစွာ တွက်ချက်ဆောင်ရွက်သင့်ကြောင်း၊ နိုင်ငံတော်ရဲ့ ဘတ်ဂျက်လိုငွေ Budject Deficit ကို ဖြည့်ဆည်းသည့်အခါတွင် ငွေစက္ကူများ ရိုက်ထုတ်ဖြည့်ဆည်းပေးခြင်းဖြင့် ငွေဖောင်းပွမှုနှုန်း Inflation မြင့်တက်ပြီး ပြည်သူလူထုအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် လိုအပ်ကြောင်း ဗိုလ်မှူးစံဝင်းခိုင်က ပြောကြားသည်။

“ယခုတင်ပြတဲ့ ဗဟိုဘဏ်ချေးငွေဟာ နှစ်စဉ်ဆောင်ရွက်နေရတဲ့ လိုငွေဖြည့်ဆည်းခြင်း နည်းလမ်းဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း နိုင်ငံတော်အစိုးရဲ့ လိုငွေဘတ်ဂျက်အတွက် ငွေတိုက်စာချုပ်၊ ငွေတိုက်လက်မှတ်တွေကို ထုတ်ရောင်းတယ်။ လိုအပ်ရင် ဗဟိုဘဏ်က ချေးယူတယ်။ တစ်နှစ်နဲ့တစ်နှစ် တင်ရှိတဲ့ ပြည်တွင်းကြွေးမြီဆိုတာ အဲဒီငွေတိုက်စာချုပ်၊ ငွေတိုက်လက်မှတ် ရောင်းထားတာတွေနဲ့ ဗဟိုဘဏ်က ချေးထားတာတွေလို့ပြောရင် မမှားပါဘူး။ လုပ်ရိုးလုပ်စဉ် တင်ပြလာတာဖြစ်လို့ ကျွန်တော့်အနေနဲ့ ကန့်ကွက်ဖို့ မရှိပေမဲ့ ဘယ်လိုအခြေအနေ အကြောင်းကြောင်းကြောင့်ပဲဖြစ်ဖြစ် ဒီအတိုင်းပဲ ဆက်တိုက်ဖြစ်နေတာကတော့ ရေရှည်အတွက် မကောင်းဘူးလို့ ထင်မြင်ယူဆမိပါတယ်” ဟု ဗိုလ်မှူးစံ ဝင်းခိုင်က ပြောကြားသည်။

 

 

Most Read

Most Recent