၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ၌ ပြည်ပရောက် မဲဆန္ဒရှင်အားလုံး ၎င်းတို့နှင့် နီးစပ်ရာနေရာတွင် မဲပေးခွင့်ရရန် ညှိနှိုင်းဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ပြောကြား

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ၌ ပြည်ပရောက် မဲဆန္ဒရှင်အားလုံး ၎င်းတို့နှင့် နီးစပ်ရာနေရာတွင် မဲပေးခွင့်ရရန် ညှိနှိုင်းဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ပြောကြား
နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးတွင် မတ် ၁၉ ရက်က ပုံမှန်သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ်
နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးတွင် မတ် ၁၉ ရက်က ပုံမှန်သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ်
Published 26 May 2020
စည်သူ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ပရောက် မဲဆန္ဒရှင်များအားလုံး ၎င်းတို့နှင့် နီးစပ်ရာ နေရာတွင် မဲပေးခွင့်ရရန် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က မြန်မာအသံနှင့် မေးမြန်းဖြေကြားမှုတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“မဲဆောက်တို့ မယ်ဆိုင်တို့ ရနောင်းတို့မှာ အလုပ်သမား သံအရာရှိတွေရှိတယ်။ သူတို့မှာလည်း စာရင်းဇယားတွေရှိတယ်။ သူတို့နဲ့ညှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းရယူရမယ်ပေါ့။ ရယူပြီးတော့ သူတို့ကို ဘန်ကောက်ကို သွားပြီးတော့ မဲပေးရမယ့်အစား ဘယ်လို လွယ်ကူအောင် နီးအောင် ဘယ်လိုပေးရမလဲ။ ဒါတွေကို ညှိနှိုင်းပြီးတော့ ဆောင်ရွက်သွားမှာပေါ့နော်။ ပထမခြေလှမ်းအနေနဲ့က သံရုံးတို့ ကောင်စစ်ဝန်ရုံးတို့ အမြဲတမ်း ကိုယ်စားလှယ်ရုံးတို့ကို လာရောက်နိုင်သူပဲ ပေးရမယ်ဆိုတော့ နည်းနေတာပေါ့။ မသွားရောက် နိုင်သော်လည်း သူတို့သွားနိုင်တဲ့ နီးတဲ့နေရာမှာ ဆောင်ရွက်ပေးမယ်ဆိုရင် အခက်အခဲကို ကျော်လွှားနိုင်တာပေါ့။ ဒုတိယခြေလှမ်းအနေနဲ့ မဲဆောက်တို့ ရနောင်းတို့ မယ်ဆိုင်တို့ကို စမ်းသပ်ပြီး ဘယ်လိုလုပ်မလဲ နောက်တစ်ဆင့် အိမ်နီးချင်းနိုင်ငံတွေ အိန္ဒိယ၊ တရုတ်၊ နောက် ဂျပန်၊ စင်ကာပူတို့မှာ အားလုံး မဲပေးနိုင်အောင် ဘယ်လိုဆောင်ရွက်မလဲဆိုတာ စီမံချက်တွေဆွဲပြီး ဆောင်ရွက်သွားရင် အားလုံးမဲပေးနိုင်တဲ့ အခြေအနေကို ရောက်သွားမှာပါ” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

ပြည်ပရောက်တွင် ရောက်ရှိနေသော မဲဆန္ဒရှင် အရေအတွက်သည် သန်းနှင့်ချီ၍ ရှိသော်လည်း ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများက ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေးအတွက် ပုံစံ ၁၅ ဖြည့်စွက်တောင်းဆိုသူ ၆၀၀၀ ကျော်သာရှိပြီး မဲပေးသူ အရေအတွက်သည်လည်း ၆၀၀၀ ကျော်သာ ဖြစ်ကြောင်းနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် စုစုပေါင်း သံရုံး ၄၀ မှ ပုံစံဖြင့် တောင်းဆိုသူ ၃၀၀၀၀ ကျော်ရှိကာ မဲပေးသူ အရေအတွက်သည် ၂၀၀၀၀ ကျော်သာ ရှိကြောင်း ၎င်းက ပြောကြားသည်။

ထိုသို့ ပြည်ပရောက် မဲဆန္ဒရှင်များ၏ မဲပေးသည့် အရေအတွက် နည်းပါးခြင်းနှင့် ပတ်သက်၍ ရွေးကောက်ပွဲစနစ်အရ အချို့နိုင်ငံများတွင် အွန်လိုင်းနှင့် စာတိုက်မှ မဲပေးခြင်းများ ပြုလုပ်နိုင်သော်လည်း မြန်မာနိုင်ငံ၌ ယင်းကိစ္စကို ခွင့်ပြုထားခြင်း မရှိဘဲ သက်ဆိုင်ရာ သံရုံး၊ ကောင်စစ်ဝန်ရုံးနှင့် အမြဲတမ်း ကိုယ်စားလှယ်ရုံးများသို့ ကိုယ်တိုင်သွားရောက် မဲပေးရခြင်းဖြစ်၍ နေထိုင်ရာနေရာနှင့် ဝေးကွာခြင်းနှင့် ငွေကြေးများကြောင့် မဲပေးခွင့် မရခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ 

“၂၀၁၀ နဲ့ ၂၀၁၅ မှာ ကြည့်လိုက်တော့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေက နည်းတာပေါ့နော်။ ကျွန်တော်တို့နဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံမှာဆိုရင် ကြိုတင်ဆန္ဒမဲပေးတဲ့ ဦးရေက ထောင်ဂဏန်းတောင် မပြည့်ဘူး။ ၆၀၀ ကျော် လို့ပဲ သိရတယ်။ တကယ်တမ်းကျတော့ သွားရောက်လုပ်ကိုင်သူတွေက သန်းနဲ့ချီပြီး ရှိတယ်လို့ သိရတယ်။ သူတို့မဲပေးလိုကြတယ်။ သွားပြီးတော့ မဲမပေးနိုင်ကြဘူး။ အခက်အခဲရှိတယ်။ ဒီလိုပဲ အိန္ဒိယတို့၊ တရုတ်တို့၊ ဂျပန်တို့၊ ကိုရီးယားတို့၊ မလေးရှားတို့၊ အမေရိကန်၊ အင်္ဂလန် စသည်ဖြင့် ဒီနိုင်ငံတွေမှာလည်း သွားရောက် လုပ်ကိုင်သူ အများကြီး ရှိတာပေ့ါ။ အခက်အခဲကြောင့် သွားရောက် မဲပေးနိုင်ခြင်း မရှိတဲ့အခါကျတော့ ဥပဒေအရ မဲပေးနိုင်ခွင့်ရှိသော်လည်း ပေးကားပေး၏ မရတာပေါ့” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများ၏ ပုဒ်မ ၄၇(က) ၌ ရွေးကောက်ပွဲကျင်းပသော အချိန်တွင် နိုင်ငံပြင်ပသို့ ရောက်ရှိနေသော ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ သံအဖွဲ့ဝင်များနှင့် အိမ်ထောင်စုဝင်များ၊ သံရုံးအဖွဲ့ဝင်များနှင့် အိမ်ထောင်စုဝင်များ၊ ပညာတော်သင်များနှင့် အိမ်ထောင်စုဝင်များ ကိုယ်စားလှယ်တော်များနှင့် အိမ်ထောင်စုဝင်များ၊ ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများနှင့် အိမ်ထောင်စုဝင်များက သက်ဆိုင်ရာ မဲဆန္ဒနယ်များအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စီစဉ်ဆောင်ရွက် ပေးရမည်ဟူ၍ အတိအလင်း ဖော်ပြထားကာ ပုဒ်မခွဲ (ခ)တွင်လည်း နိုင်ငံ့ပြင်ပသို့ ရောက်ရှိနေသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများက ကြိုတင်၍ ဆန္ဒမဲပေးနိုင်ရေး အတွက် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြိုတင်၍ ဆက်သွယ်ဆောင်ရွက် ပေးရမည်ဟု ပြဋ္ဌာန်းထားကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် လက်ရှိကျင့်သုံးနေသော လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဦးမြင့်နိုင်က “နိုင်ငံပြင်ပမှာ ရောက်နေတဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေ ကြိုတင်၍ ဆန္ဒမဲပေးဖို့ရာအတွက် ဆိုပြီးတော့ ရွေးကောက်ပွဲ ကျင်းပရက် မကြေညာခင် ကတည်းက နိုင်ငံပြင်ပမှာ ရောက်နေတဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေ ဖြည့်သွင်းနိုင်အောင် ပုံစံ ၁၅ တွေကို နိုင်ငံခြားရေး ဝန်ကြီးဌာနကို ကြိုပေးရတာပေါ့။ ပုံစံ ၁၅ ဆိုတာ မဲဆန္ဒနယ် ပြင်ပရောက် မဲဆန္ဒရှင်တွေ ကြိုတင်ဆန္ဒမဲပေးနိုင်အောင် ဖြည့်သွင်းပေးရတဲ့ ပုံစံပေါ့ (ဘယ်နိုင်ငံ/ဘယ်ဒေသကို ရောက်နေတယ်။ မူရင်းမြန်မာနိုင်ငံတွင် ဘယ်မှာနေတယ်ဆိုတာ ကြိုတင်မဲပေးဖို့ ဖြည့်သွင်းရတဲ့ပုံစံ)။ နိုင်ငံခြားရေးဝန်ကြီးဌာနက ပုံစံ ၁၅ ကိုရရှိပြီဆိုရင် သက်ဆိုင်ရာသံရုံး၊ အမြဲတမ်း ကိုယ်စားလှယ်ရုံးနဲ့ ကောင်စစ်ဝန်ရုံးတို့ကို ဆက်လက် ပေးပို့ပါတယ်။ သက်ဆိုင်ရာရုံး အကြီးအမှူးတွေက မဲဆန္ဒရှင်တွေထံ ပုံစံ ၁၅ ကိုပေးပြီးတော့ ဘယ်နေ့အရောက် ပြန်လည်ပေးဖို့ နေ့ရက်သတ်မှတ်ပြီး တစ်ပါတည်း အကြောင်းအကြားပေးရတယ်။ ရရှိတဲ့ မဲဆန္ဒရှင်တွေက ဖြည့်သွင်းပြီးတော့ အကြီးအမှူးထံ အချိန်မီ ပြန်လည်ပေးပို့ရပါတယ်။ အကြီးအမှူးက စိစစ်ပြီးတော့ နိုင်ငံခြားရေး ဝန်ကြီးဌာနကို ပြန်ပို့မယ် ဌာနကနေ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို လွှဲအပ်မယ်။ ကော်မရှင်ကမှစိစစ်ပြီး သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲကို ပေးပို့တယ်။ ပုံစံတွေကို ရပ်ကွက် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲတွေကနေပြီးတော့ ပုံစံ ၁၅ ကို နိုင်ငံပြင်ပမှာ ရောက်ရှိနေတဲ့ ကြိုတင်ဆန္ဒမဲပေးသူများ စာရင်းဆိုပြီး ပုံစံ (၁)-၃ ဆိုပြီး သတ်မှတ်ထားတဲ့ထဲမှာ သီးခြားရေးမှတ် ထားလိုက်တယ်” ဟု ဆိုသည်။