WLC ရိုးရာလက်ဝှေ့ပြိုင်ပွဲများကို အမေရိကန်၊ ဂျပန်၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့တွင် ကျင်းပသွားမည်ဟု မြန်မာလက်ခမောင်း အတည်ပြု

WLC ရိုးရာလက်ဝှေ့ပြိုင်ပွဲများကို အမေရိကန်၊ ဂျပန်၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့တွင် ကျင်းပသွားမည်ဟု မြန်မာလက်ခမောင်း အတည်ပြု
Photos : WLC Facebook
Photos : WLC Facebook
Published 26 May 2020

WLC မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲများ ကို အမေရိကန်၊ ဂျပန်၊ ကမ္ဘောဒီယားနှင့် ထိုင်းနိုင်ငံတို့တွင် ကျင်းပသွားရန် စီစဉ်ထားကြောင်း မြန်မာလက်ခမောင်းကုမ္ပဏီက အတည်ပြုထုတ်ပြန်သည်။

မြန်မာလက်ခမောင်းကုမ္ပဏီသည် ၂၀၁၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော အဖွဲ့အစည်းဖြစ်ပြီး ၂၀၁၇ ခုနှစ်မှစ၍ WLC ပြိုင်ပွဲများကို စတင်ကျင်းပခဲ့ရာ ပြိုင်ပွဲစုစုပေါင်း ၁၁ ပွဲ ကျင်းပခဲ့ပြီးဖြစ်သည်။

မြန်မာ လက်ခမောင်းကုမ္ပဏီသည် WLC ပြိုင်ပွဲများကို ရန်ကုန်၊ မန္တလေး၊ ဘားအံနှင့် နေပြည် တော်မြို့များတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ ပထမဆုံး ပြည်ပပြိုင်ပွဲကို ပြီးခဲ့သည့် ဧပြီတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ကျင်းပရန် စီစဉ်ထားသော်လည်း COVID-19 ကြောင့် စက်တင်ဘာသို့ ရွှေ့ပြောင်းထားရသည်။

''ကျွန်တော်တို့အနေနဲ့ အနာဂတ်မှာ WLC ပြိုင်ပွဲတွေကို နိုင်ငံတကာပြိုင်ပွဲတွေ အဖြစ် ပြောင်းလဲကျင်းပသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ပြည်တွင်းမှာအပြင် ပြည်ပ နိုင်ငံတွေမှာပါ သွားရောက်ကျင်းပဖို့အတွက် စီစဉ်ထားတာတွေရှိနေပြီး အမေရိကန်၊ ဂျပန်၊ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့မှာ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်''ဟု မြန်မာလက်ခမောင်းကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

လာမည့် WLC:12 Khmer Kingdom လက်ဝှေ့ပြိုင်ပွဲကို ကမ္ဘေားဒီးယားနိုင်ငံ၌ ကျင်းပသွားရန် အတည်ပြုထားပြီး အဆိုပါပြိုင်ပွဲအပြီးတွင် ဂျပန်နှင့် ထိုင်းနိုင်ငံများ၌ ဆက်လက်ကျင်းပရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် အမေရိကန်နိုင်ငံတွင်လည်း သွားရောက်ကျင်းပရန် စီစဉ်ထားသည်။

''WLC အနေနဲ့ ပြည်ပမှာ မြန်မာ့လက်ဝှေ့ပြိုင်ပွဲတွေကို သွားရောက်ကျင်းပဖို့အတွက် စီစဉ်နေပါတယ်။ ဂျပန်မှာဆိုရင် တိုကျို၊ အမေရိကန်မှာဆိုရင် မိုင်ယာမီတို့မှာ ကျင်းပဖို့အတွက် စီစဉ်နေတာဖြစ်ပါတယ်။ ဂျပန်မှာကျင်းပမယ့် ပွဲစဉ်ကတော့ သေချာသလောက်ရှိနေပြီး မိုင်ယာမီမှာလုပ်မယ့်ပွဲစဉ်ကတော့ ခွင့်ပြုချက်တွေကို စောင့်ရမှာတွေ ရှိနေပါသေးတယ်''ဟု မြန်မာလက်ခမောင်းကုမ္ပဏီဥက္ကဋ္ဌ ဦးဇေသီဟက Eleven Sports သို့ ပြောကြားသည်။

WLC ပြိုင်ပွဲများသည် UFC Fightpass တွင် ပြသခွင့်ရထားသည့် တစ်ခုတည်းသော မြန်မာ့လက်ဝှေ့ပြိုင်ပွဲဖြစ်ပြီး ယခင်နှစ် နှောင်းပိုင်းအတွင်း လူသိများလာသောပြိုင်ပွဲလည်းဖြစ်သည်။

WLC:12 Khmer Kingdom လက်ဝှေ့ပြိုင်ပွဲကို စက်တင်ဘာတွင် ကျင်းပရန် လျာထားပြီး လိုက်ဝယ်လ်တာဝိတ်တန်း လက်ရှိချန်ပီယံ အန်တိုနီယာဖာရယ်လ်၏ ချန်ပီယံကာကွယ်ပွဲ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent