ရွေးကောက်ပွဲတွင် နိုင်ငံတစ်ဝန်းစည်းရုံးမည့် နိုင်ငံရေးပါတီ ၇၉ ပါတီရှိပြီး တည်ဆဲနိုင်ငံရေးပါတီ ၁၀၀ နီးပါးရှိ

ရွေးကောက်ပွဲတွင် နိုင်ငံတစ်ဝန်းစည်းရုံးမည့် နိုင်ငံရေးပါတီ ၇၉ ပါတီရှိပြီး တည်ဆဲနိုင်ငံရေးပါတီ ၁၀၀ နီးပါးရှိ
Published 25 May 2020
ဉာဏ်လင်းထွန်း

ရွေးကောက်ပွဲတွင် နိုင်ငံတစ်ဝန်းစည်းရုံးမည့် နိုင်ငံရေးပါတီ ၇၉ ပါတီရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုတွင်သာ စည်းရုံးမည့် နိုင်ငံရေးပါတီ ၁၈ ပါတီရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် လက်ရှိတွင် တည်ဆဲမှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၉၇ ပါတီရှိကြောင်း ကော်မရှင်က မေ ၂၅ ရက်တွင် ထုတ်ပြန်သည်။

နိုင်ငံရေးပါတီတစ်ခုသည် ပြည်ထောင်စုတစ်ဝန်း စည်းရုံးလိုလျှင် ပါတီမှတ်ပုံတင် ရရှိသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ စည်းရုံးပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုအတွက်သာ စည်းရုံးမည်ဆိုလျှင် ပါတီဝင်ဦးရေ အနည်းဆုံး ၅၀၀ စည်းရုံးကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်ဟု နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅ (စ) တွင် ပြဋ္ဌာန်းထားသည်။

ပြည်ထောင်စုတစ်ဝန်း စည်းရုံးမည့် နိုင်ငံရေးပါတီသာ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါ ၉၁ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

လက်ရှိအထိ မှတ်ပုံတင်ခွင့်ပြုခဲ့သော နိုင်ငံရေးပါတီ ၁၂၈ ပါတီရှိပြီး ပယ်ဖျက်ခဲ့သည့် နိုင်ငံရေးပါတီ ၃၁ ပါတီနှင့် ယာယီရပ်ဆိုင်းထားသည့် နိုင်ငံရေးပါတီ သုံးပါတီရှိကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ခဲ့သည့် နိုင်ငံရေးပါတီ ၃၁ ပါတီအနက် လက်ရှိပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သက်တမ်းတွင် ပယ်ဖျက်ခဲ့သည့် နိုင်ငံရေးပါတီ ၂၂ ပါတီရှိသည်။ လက်ရှိ ကော်မရှင်က ပယ်ဖျက်ခဲ့သည့်ပါတီများအနက် အများစုမှာ လူမျိုးတူပါတီများ တစ်ပါတီတည်းအဖြစ် ပေါင်းစည်းကြ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေပုဒ်မ ၂၅ အရ ယခင်အမည်ဖြင့် ပါတီအသီးသီးကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

မဲဆန္ဒနယ်သုံးခုတွင် ပါဝင်မယှဉ်ပြိုင်နိုင်ခြင်းကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၂ (က) အရ ဖျက်သိမ်းခဲ့သည့် နိုင်ငံရေးပါတီတစ်ပါတီရှိပြီး ယာယီရပ်ဆိုင်းထားသည့် ကာလအတွင်း ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိ၍ ပုဒ်မ ၂၄ (င) အရ ဖျက်သိမ်းခဲ့သည့် နိုင်ငံရေးပါတီ တစ်ပါတီရှိကာ ဆန္ဒအလျောက် ဖျက်သိမ်းလိုကြောင်း တင်ပြလာသည့် ပါတီ လေးပါတီကို ပါတီဖျက်သိမ်းခွင့်ပြုခဲ့ကြောင်း ကော်မရှင်၏ စာရင်းများအရ သိရသည်။

၂၀၂၀ ပြည့်နှစ်အတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပရန်ရှိ၍ ပါတီအမည်၊ အလံနှင့် တံဆိပ်များ ပြောင်းလဲလျှောက်ထားခွင့်ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလကုန်နှင့် ပါတီတည်ထောင်ခွင့်များကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန် နောက်ဆုံးထားလျှောက်ထားရန် ထုတ်ပြန်ခဲ့ပြီး လက်ရှိတွင် ပါတီတည်ထောင်ခွင့် မှတ်ပုံတင်ခွင့် စိစစ်ဆောင်ရွက်ဆဲ နိုင်ငံရေးပါတီမရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent