မဲဆန္ဒရှင်တစ်ဦးအနေဖြင့် ရောက်ရှိဒေသတွင် ရက်ပေါင်း ၁၈၀ အစား ရက်ပေါင်း ၉၀ နေထိုင်ရုံဖြင့် မဲပေးနိုင်မည့်အချက်နှင့် တပ်တွင်းမဲရုံများ တပ်ပြင်ပသို့ထုတ်သည့် အချက်ပါဝင်သော ရွေးကောက်ပွဲနည်းဥပဒေများ ပြင်ဆင်မှုအပေါ် လွှတ်တော်နှစ်ရပ်သဘောတူ

မဲဆန္ဒရှင်တစ်ဦးအနေဖြင့် ရောက်ရှိဒေသတွင် ရက်ပေါင်း ၁၈၀ အစား ရက်ပေါင်း ၉၀ နေထိုင်ရုံဖြင့် မဲပေးနိုင်မည့်အချက်နှင့် တပ်တွင်းမဲရုံများ တပ်ပြင်ပသို့ထုတ်သည့် အချက်ပါဝင်သော ရွေးကောက်ပွဲနည်းဥပဒေများ ပြင်ဆင်မှုအပေါ် လွှတ်တော်နှစ်ရပ်သဘောတူ
မေ ၂၂ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအား တွေ့ရစဉ်
မေ ၂၂ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအား တွေ့ရစဉ်
Published 25 May 2020
 စည်သူ

မဲဆန္ဒရှင်တစ်ဦးအနေဖြင့် ရောက်ရှိဒေသတွင် ရက်ပေါင်း ၁၈၀ အစား ရက်ပေါင်း ၉၀ နေထိုင်ရုံဖြင့် မဲပေးနိုင်မည့် အချက်ပါဝင်သော ရွေးကောက်ပွဲနည်း ဥပဒေများကို ပြင်ဆင်ထားမှုအပေါ် လွှတ်တော်နှစ်ရပ် သဘောတူကြောင်း သိရသည်။

နေပြည်တော်၌ မေ ၂၅ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်တို့၏ ရွေးကောက်ပွဲနည်း ဥပဒေများကို ပဥ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ အသိပေးတင်ပြခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်တွင် စတင်ဆွေးနွေး၍ ပြင်ဆင်ချက်ဖြင့် အတည်ပြုခဲ့ပြီး အမျိုးသားလွှတ်တော်သို့ ပေးပို့ထားသော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်တို့၏ ရွေးကောက်ပွဲနည်းဥပဒေများကို ပဥ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများကို အမျိုးသားလွှတ်တော်၌ ပြင်ဆင်ချက်မရှိ အတည်ပြုပြီးနောက် မေ ၂၀ ရက်တွင် ပြည်သူ့လွှတ်တော်သို့  ပြန်လည်ပေးပို့လာကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောကြားသည်။

ထိုသို့ ပေးပို့လာခြင်းကြောင့် လွှတ်တော်နှစ်ရပ်စလုံးက သဘောတူခြင်းဖြစ်၍ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ ပြီးခဲ့တဲ့အစည်းအဝေးတုန်းကတော့ ပြည်သူ့လွှတ်တော်မှာ ပြည်သူ့လွှတ်တော်ရယ်၊ အမျိုးသားလွှတ်တော်ရယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေးကောက်ပွဲဥပဒေကို အတည်ပြုပြီးတော့ အမျိုးသားလွှတ်တော်ကို ပေးပို့ခဲ့တဲ့ ဥပဒေတစ်ရပ်ဖြစ်ပါတယ်။ နောက် ဒီဥပဒေက အဓိကကတော့ အချက်နှစ်ချက် သုံးချက်တော့ ပြင်ထားတာရှိပါတယ်။ တပ်မဲရုံတွေ တပ်ပြင်ထုတ်တဲ့ကိစ္စ။ တပ်ပြင်ထုတ်တယ်ဆိုတာ တပ်ထဲမှာ လွတ်လပ်စွာမဲပေးချင်တဲ့ တပ်သားတွေကို တပ်ပြင်မှာ လွတ်လွတ်လပ်လပ် မဲပေးနိုင်တဲ့အခွင့်အလမ်းတွေ ရစေချင်တဲ့ဆန္ဒရယ်၊ နောက်ပြီးတော့ တပ်ထဲမှာ အရင် ၂၀၁၀ ရှိတယ်။ ၂၀၁၂ ရှိတယ်။ ၂၀၁၅ ရှိတယ်။ ၂၀၁၇ ရှိတယ်။ ဒီရွေးကောက်ပွဲတွေမှာက တပ်ထဲမှာ အာဏာသုံးပြီးတော့ မဲပေးပြီးတော့ ခိုင်းတယ်ဆိုတဲ့သတင်းတွေလည်း ရှိတယ်။ ဒါကို တပ်ထဲကနေ တပ်ပြင်ထုတ်လိုက်ရင် တပ်မတော်အနေနဲ့လည်း ဂုဏ်သိက္ခာရှိသွားတဲ့ အနေအထားလည်း ဖြစ်သွားနိုင်တယ်။ ပြည်သူလူထုရဲ့ စိုးရိမ်မှုလည်း ပျောက်ကင်းသွားနိုင်တယ်။ တပ်ရဲ့ဂုဏ်သိက္ခာလည်း တက်လာနိုင်တဲ့ အနေအထားတွေရှိတော့ ပြည်သူ့လွှတ်တော်က အတည်ပြုပြီးတော့ အမျိုးသားလွှတ်တော်ကို ပေးပို့ခဲ့တဲ့ဥပဒေ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ကလည်း ပြည်သူ့လွှတ်တော်ရဲ့ အတည်ပြုချက်အတိုင်း အတည်ပြုပြီးတော့ ပြန်ပို့ထားခြင်းဖြစ်ပါတယ်။ ရောက်ရှိဒေသမှာ ရက်ပေါင်း ၁၈၀ အစား ရက်ပေါင်း ၉၀ နေထိုင်ရုံဖြင့် မဲပေးနိုင်မယ့်အချက်လည်း ပါဝင်ပါတယ်’ ဟု ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်းက ပြောကြားသည်။

လွှတ်တော်သုံးရပ်လုံး၏ မူလရွေးကောက်ပွဲ နည်းဥပဒေပြဋ္ဌာန်းချက်ဖြစ်သည့် အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်း မဲဆန္ဒနယ် ပြင်ပရောက် အခြားမဲဆန္ဒရှင်များသည် မိမိတို့၏ အမြဲတမ်းနေရပ်သို့ သွားရောက်ပြီး မဲပေးလိုခြင်းမရှိပါက မိမိတို့ ရောက်ရှိနေသော မဲဆန္ဒနယ်တွင် ရွေးကောက်ခံသော လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ဆန္ဒမဲပေးနိုင်ခွင့်ရရှိစေရန်အတွက် မဲစာရင်းထည့်သွင်းခြင်းကို အောက်ပါနည်းလမ်းအတိုင်း ဆောင်ရွက်ရမည်ဆိုသောအချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်းဆိုသည့် စကားရပ်အစား အနည်းဆုံး ရက်ပေါင်း ၉၀ ထက်မနည်းဆိုသည့် စကားရပ်ဖြင့်အစားထိုးရမည်ဟု ပြင်ဆင်ရန် တင်ပြထားခြင်းကို ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ပြီး အမျိုးသားလွှတ်တော်ကလည်း သဘောတူညီခဲ့ခြင်းဖြစ်သည်။

ယင်းပြင်ဆင်ချက်များနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်တွင် စတင်ဆွေးနွေးရန်တင်ပြစဉ်က လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ အမှန်တကယ်ဖြစ်စေရေးအတွက် အဟန့်အတားဖြစ်စေနိုင်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်ဒေသမရွေးအဖွဲ့ တစ်ခုခုက မိမိတို့အနိုင်ရရှိရေးအတွက် ယင်းပြဋ္ဌာန်းချက်ကို အသုံးချသွားနိုင်ကြောင်းနှင့် တိုင်းရင်းသားလူနည်းစုများ၏ နိုင်ငံရေးရပိုင်ခွင့်များ ဆုံးရှုံးမှုဖြစ်စေနိုင်ခြင်းကြောင်း မူလပြဋ္ဌာန်းချက်အတိုင်းသာ ထားရှိရန် တင်ပြထားသည့် လွှတ်တော်ကိုယ်စားလှယ်များလည်း ရှိခဲ့သည်။

ထို့ပြင် တပ်ရင်းတပ်ဖွဲ့များအတွက် မဲရုံနေရာသတ်မှတ်ရာ၌ လွတ်လပ်စွာဝင်ထွက်သွားလာနိုင်မည့် တပ်ရင်းတပ်ဖွဲ့ပြင်ပ သင့်လျော်သည့်နေရာတွင် သတ်မှတ်ပေးရန် ပြဋ္ဌာန်းချက်လည်း ရွေးကောက်ပွဲနည်း ဥပဒေပြင်ဆင်ချက်တွင် ပါဝင်ခဲ့သည်။        

Most Read

Most Recent