မန်ယူအသင်း၏ ကစားသမားအပြောင်းအရွှေ့များနှင့်ပတ်သက်၍ ဆိုးလ်ရှားကို အသင်းပိုင်ရှင် ဂလေဇာမိသားစု လုပ်ပိုင်ခွင့်ပိုပေးမည်

မန်ယူအသင်း၏ ကစားသမားအပြောင်းအရွှေ့များနှင့်ပတ်သက်၍ ဆိုးလ်ရှားကို အသင်းပိုင်ရှင် ဂလေဇာမိသားစု လုပ်ပိုင်ခွင့်ပိုပေးမည်
Photos: Getty Images, MEN, worldsportstale
Photos: Getty Images, MEN, worldsportstale
Published 25 May 2020

မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုသည်  နည်းပြ ဆိုးလ်ရှားကို အသင်း၏အပြောင်းအရွှေ့ကိစ္စရပ်များနှင့် ပတ်သက်၍ လုပ်ပိုင်ခွင့်ပိုပေးသွားမည်ဖြစ်ကြောင်း The Athletic သတင်းစာက ဖော်ပြခဲ့သည်။

ယင်းသတင်းစာ၏ဖော်ပြချက်အရ ပြီးခဲ့သည့်နှစ်များအတွင်း မန်ယူအသင်း၏ကျဆင်းမှုများတွင် နည်းပြဖြစ်သူကို လုပ်ပိုင်ခွင့်အပြည့်အဝမပေးခြင်းက အဓိကအကြောင်း အရာအနေဖြင့် ပါဝင်သည်ဟု ဂလေဇာမိသားစုက ယူဆနေကြကြောင်း သိရှိရသည်။

မန်ယူအသင်းသည် နှစ်ပေါင်း (၂၇)နှစ်ကြာကိုင်တွယ်ခဲ့သော နည်းပြကြီးဖာဂူဆန်လက်ထက်တွင် အောင်မြင်မှုကြီးမားခဲ့ပြီး ဖာဂူဆန်မှာ အသင်း၏ အရေးပါသော ဆုံးဖြတ်ချက်တော်တော်များများကို ချမှတ်ခွင့်နှင့် ပါဝင်ပတ်သက်ခွင့်ရရှိခဲ့သည်။

သို့သော် ၂၀၁၃ ခု နှစ်တွင် မန်ယူအသင်းနည်းပြရာထူးမှ ဖာဂူဆန်အနားယူသွားခဲ့ပြီးနောက် ရောက်ရှိလာသောနည်းပြများမှာ လုပ်ပိုင်ခွင့်များစွာမရရှိခဲ့သလို အသင်းတွင်လည်း ရပ်တည်မှု အတွက် ရုန်းကန်ခဲ့ရသည်။

ဖာဂူဆန်ခေတ်လွန်နည်းပြများဖြစ်သည့် ဒေးဗစ်မွိုက်စ်၊ ဗန်ဟားလ်၊ မော်ရင်ဟိုအစရှိသည့် နည်းပြများကို ကန့်သတ်ခဲ့သည့် လုပ်ပိုင်ခွင့်များအား လက်ရှိနည်းပြ ဆိုးလ်ရှားကို ပေးသွားမည်ဖြစ်ပြီး ၎င်းအနေဖြင့် အသင်း၏ကစားသမားခေါ်ယူမှုများတွင် ပိုမိုပါဝင်ပတ်သက်ကာ ဆုံးဖြတ်ခွင့်ရရှိမည်ဖြစ်ကြောင်း The Athletic က ဖော်ပြခဲ့သည်။

ဆိုးလ်ရှားမတိုင်မီ နည်းပြများအနေဖြင့် အသင်း၏ အပြောင်းအရွှေ့များတွင် ၎င်းတို့၏စိတ်ကြိုက်ဆောင်ရွက်ခွင့်မရရှိခဲ့ဘဲ အသင်းအမှုဆောင်ဒုဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝက်ဒ်၏ ဆုံးဖြတ်ချက်များအတိုင်းသာ ဆောင်ရွက်ခဲ့ရကြောင်း သိရှိရသည်။

သို့ဖြစ်ရာ အသင်း၏ အပြောင်းအရွှေ့များနှင့် ကစားသမားသစ်ခေါ်ယူမှုအချို့အပေါ်  ယင်းနည်းပြများက မကျေမနပ်ဖြစ်ခဲ့ကြကြောင်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။

မန်ယူအသင်းအား ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်ထိ ကိုင်တွယ်ခဲ့သည့်  ဒတ်ချ်လူမျိုးနည်းပြ ဗန်ဟားလ်လက်ထက်တွင် ကိုလံဘီယာတိုက်စစ်မှူး ဖယ်လ်ကာအိုကို မန်ယူအသင်းက အငှားခေါ်ယူခဲ့ပြီး ထိုစဉ်က ဗန်ဟားလ်သည် ယင်းအပြောင်းအရွှေ့ကို မကျေနပ်ခဲ့ကြောင်း သိရှိရသည်။

ထို့ အတူ ချီလီတောင်ပံကစားသမား ဆန်းချက်ဇ်၊ ဘရာဇီးလ် ကွင်းလယ်လူ ဖရက်ဒ်အစရှိသည့် ကစားသမားများစွာကိုလည်း အသင်းနည်းပြ မော်ရင်ဟို၏ သဘောဆန္ဒမပါဘဲ မန်ယူအသင်းက ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

မော်ရင်ဟိုသည် သူ၏နည်းပြရာထူးမှ ထုတ်ပယ်မခံရမီ အက်ဒ်ဝုဒ်ဝက်ဒ်ကို ဝေဖန်သည့်စကားများပြောခဲ့ပြီး မန်ယူအသင်းအနေဖြင့် သူအလိုရှိသည့်ကစားသမားများကို ဝယ်ယူပေးခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

 

Most Read

Most Recent