NHS၏ လေ့လာသုံးသပ်မှုများအရ လီဗာပူးလ် - အက်သလက်တီကိုမက်ဒရစ်ပွဲကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပိုမိုဖြစ်ပွားပြီး (၄၁)ဦးအသက်ဆုံးရှုံးခဲ့ရဟု ဆို

NHS၏ လေ့လာသုံးသပ်မှုများအရ လီဗာပူးလ် - အက်သလက်တီကိုမက်ဒရစ်ပွဲကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပိုမိုဖြစ်ပွားပြီး (၄၁)ဦးအသက်ဆုံးရှုံးခဲ့ရဟု ဆို
Published 25 May 2020

ဗြိတိန်အမျိုးသားကျန်းမာရေးဌာန (NHS) ၏ လေ့လာသုံးသပ်မှုများအရ ပရီးမီးယားလိဂ်ကလပ် လီဗာပူးလ်အသင်းနှင့် လာလီဂါကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းတို့ ကစားခဲ့သော ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်ပွဲစဉ်ကြောင့် အင်္ဂလန်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကူးစက်မှုမှာ ပိုမိုဖြစ်ပွားခဲ့ပြီး ယင်းပွဲကြောင့် လူ (၄၁)ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

လီဗာပူးလ်နှင့် အက်သလက်တီကိုမက်ဒရစ်အသင်းတို့ ကစားခဲ့သော ယင်းရှုံးထွက်(၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို ယခုနှစ်၊ မတ်လ(၁၁)ရက်နေ့က လီဗာပူးလ်အသင်း၏ အန်ဖီးလ်ကွင်းတွင် ကစားခဲ့ပြီး ပရိသတ် (၅၂၀၀၀)ကျော် လာရောက်အားပေးကြည့်ရှုခဲ့သည်။

ယင်းထဲတွင် စပိန်မှ အင်္ဂလန်သို့ လာရောက်သည့် အက်သလက်တီကိုမက်ဒရစ်ပရိသတ် (၃၀၀၀)ခန့်  ပါဝင်ခဲ့ သည်။

ယင်းပွဲကစားသည့်အချိန်က အင်္ဂလန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကူးစက်မှု စတင်ဖြစ်ပွားနေပြီး  အစိုးရက Lockdown (ကန့်သတ်ထိန်းချုပ်မှုများ) မပြု လုပ်သေးသည့်အချိန်ဖြစ်သည်။

သို့သော် ယင်းနေ့ရက်တွင်ပင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ကိုရိုနာဗိုင်းရပ်စ်ရောဂါမှာ တစ်ကမ္ဘာလုံး ကူးစက်ပြန့်ပွားနိုင်သော Pandemic ဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဘောလုံးပွဲစဉ်အချို့ ရပ်နားချိန်တွင် အင်္ဂလန်၌ နောက်ဆုံးကစားခဲ့သော ဘောလုံးပွဲများတွင် ယင်းပွဲမှာလည်း အဓိကပွဲစဉ်တစ်ပွဲအဖြစ်ပါဝင်ခဲ့ပြီး၊ နောက်ပိုင်းတွင် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

WHO ၏ ကျန်းမာရေးဆိုင်ရာအချက်အလက်များကို မှတ်တမ်းပြုစုပေးနေသည့် အဖွဲ့တစ်ခုဖြစ်သော Edge Health က ယင်းပွဲမှ ရောဂါပိုးကူးစက်သူ အတော်များများထွက်ပေါ်လာ ခဲ့ပြီး ရက်ပေါင်း (၂၅)ရက်နှင့် (၃၅)ရက်အကြား လူ(၄၁)ဦးကို သေဆုံးစေခဲ့သည်ဟု ဖော်ပြခဲ့သည်။

ယင်းအချိန်တွင် စပိန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကူးစက်မှုမှာ ဆိုးရွားနေပြီး စားသောက်ဆိုင်များ၊ ကျောင်းများနှင့် ဆိုင်ခန်းအချို့ကို ပိတ်သိမ်းထားသည့်အချိန်ဖြစ်သည်။

ပြီးခဲ့သည့်လအတွင်းက စပိန်နိုင်ငံမြို့တော် မက်ဒရစ်၏ မြို့တော်ဝန်ဖြစ်သူ ဟိုဆေးလူးဝစ်မာတီနက်ဇ် အယ်လ်မေးဒါးက ယင်းပွဲကို ကစားရန် ခွင့်ပြုချက်ပေးခဲ့သည်မှာ မှားယွင်းကြောင်း ဝန်ခံပြောကြားခဲ့သည်။

၎င်းင်းက အက်သလက်တီကိုမက်ဒရစ်ပရိသတ် (၃၀၀၀) ကို ထိုစဉ်အချိန်က အန်ဖီးလ်ကွင်းသို့ ခရီးသွားလာခွင့်ပေးခဲ့သည်မှာ မှားယွင်းခဲ့ကြောင်း၊ ယင်းအချိန်က ၎င်းတို့ကို တား ဆီးပိတ်ပင်မှု ပြုလုပ်ခဲ့သင့်ကြောင်း စပိန်ရေဒီယို Onda Cero သို့ ပြောကြားခဲ့သည်။

ပြီးခဲ့သည့်မေ(၂၄)ရက်နေ့ မှတ်တမ်းများအရ စပိန်နိုင်ငံတွင် ကိုရိုနာရောဂါပိုး ကူး စက်သူ (၂၈၂၃၇၀)ဦးရှိနေပြီး နိုင်ငံအလိုက် ကူးစက်မှုအများဆုံးစာရင်းတွင် အဆင့်(၄)နေရာ၌ ရပ်တည်နေသည်။

ယင်းစာရင်း၌ အဆင့်(၅)နေရာတွင် ရပ်တည်နေသော ဗြိတိန်တွင် ရောဂါပိုးကူးစက်ခံရသူ(၂၅၇၁၅၄)ဦး ရှိနေသည်။

 

Most Read

Most Recent