ကစားသမားဘဝမှ အနားယူပြီဖြစ်ကြောင်း ဘီလ်ဘာအိုတိုက်စစ်မှူး အဒူရစ်ဇ် ကြေညာ

ကစားသမားဘဝမှ အနားယူပြီဖြစ်ကြောင်း ဘီလ်ဘာအိုတိုက်စစ်မှူး အဒူရစ်ဇ် ကြေညာ
Published 21 May 2020

ဘီလ်ဘာအိုအသင်းဝါရင့်တိုက်စစ်မှူး အဒူရစ်ဇ်က ကစားသမားဘဝမှ အနားယူပြီဖြစ်ကြောင်း မေလ (၂၀)ရက်က သူ၏ Twitter တွင် ရေးသားခဲ့သည်။

အသက် (၃၉)နှစ်ကျော်ပြီ ဖြစ်သည့် စပိန်တိုက်စစ်မှူး အဒူရစ်ဇ်သည် ယခုရာသီတွင် ဒဏ်ရာပြဿနာများဖြင့် ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ (၁၇)ပွဲတွင် (၁)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

အဒူရစ်ဇ်သည် ၎င်း၏တင်ပါးအား အစားထိုးခွဲစိတ်ကုသမှုခံယူရန် ဆရာဝန်များက အကြံပြုခဲ့ပြီးနောက် ကစားသမားဘဝမှ အနားယူရန် ဆုံးဖြတ်ခဲ့ခြင်းကြောင်း သိရသည်။

အဒူရစ်ဇ်က ''ကစားသမားဘဝက အနားယူဖို့ အချိန်ကျလာပါပြီ။ ခင်ဗျားအနေနဲ့ ဘောလုံးကို မစွန့်ခွာရင် ဘောလုံးက ခင်ဗျားကို စွန့်ခွာသွားလိမ့်မယ်ဆိုတဲ့ စကားကို ကျွန်တော် အမြဲပြောဖူးပါတယ်။ ဆရာဝန်တွေက ကျွန်တော့်ကို ခင်ဗျားအနေနဲ့ အနှေးနဲ့ အမြန်ဆိုသလို ခွဲစိတ်ဆရာဝန်နဲ့ တင်ပါးကို အစားထိုးခွဲစိတ်ကုသမှု ခံယူသင့်တယ်လို့ ပြောကြပါတယ်။ ဒါမှ ကျွန်တော့်အနေနဲ့ လက်ကျန်ဘဝမှာ အကောင်းပကတိအတိုင်း နေထိုင်နိုင်မယ်လို့ သူတို့က ဆိုပါတယ်။ ကျွန်တော့်ရဲ့ခန္ဓာကိုယ်က တော်ပြီလို့ ပြောနေပါပြီ။ ကျွန်တော့်အနေနဲ့ အသင်းဖော်တွေကို စိတ်ကြိုက်ကူညီခွင့်မရတော့ပါဘူး။ ဒါက ပရော်ဖက်ရှင်နယ်ကစားသမားတွေရဲ့ ဘဝပါပဲ။ ပိုဆိုးတာက ကပ် ရောဂါနဲ့ ကျွန်တော်တို့ ရင်ဆိုင်နေရတယ်။ ကျွန်တော့်အတွက်တော့ နှုတ်ဆက်ရမယ့်အချိန်ပါပဲ''ဟု သူ၏ Twitterတွင် ရေးသားခဲ့သည်။

အဒူရစ်ဇ်သည် ကစားသမားဘဝတွင် ဘီလ်ဘာအို၊ ဗလင်စီယာအပါအဝင် ကလပ်အသင်းပေါင်း (၆)သင်းတွင် ပြိုင်ပွဲစုံ ပွဲ(၇၈၀)ကစားကာ (၂၈၅)ဂိုး သွင်းယူခဲ့သည်။

၎င်းသည် စပိန်လက်ရွေးစင်အသင်းအ တွက်လည်း (၁၃)ပွဲတွင် (၂)ဂိုးသွင်းယူပေးခဲ့သည်။

Most Read

Most Recent