ထိုင်းကလပ်တွင် သွားရောက်ကစားနေသည့် အောင်ကောင်းမာန်ကို တူရကီကလပ်များ၌ ကစားရန် တူရကီအေးဂျင့်တစ်ဦး ဆက်သွယ်နေ

ထိုင်းကလပ်တွင် သွားရောက်ကစားနေသည့် အောင်ကောင်းမာန်ကို တူရကီကလပ်များ၌ ကစားရန် တူရကီအေးဂျင့်တစ်ဦး ဆက်သွယ်နေ
c
c
Published 21 May 2020

ထိုင်းလိဂ်-၁ ကလပ် Trat အသင်းတွင် သွားရောက်ကစားနေသည့် မြန်မာ ယူ-၂၂ အသင်းတိုက်စစ်မှူး အောင်ကောင်းမာန်ကို တူရကီကလပ်အသင်းများတွင်ကစားရန် တူရကီအေးဂျင့်တစ်ဦးက ဆက်သွယ်နေကြောင်း သိရသည်။

အောင်ကောင်းမာန်သည် ယခုရာသီအစတွင် MNL ကလပ် ဧရာဝတီအသင်းမှ ထိုင်းလိဂ်-၁ ကလပ် Trat အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး ထိုက်သင့်သည့်ခြေစွမ်းပြသနိုင်ခဲ့သည်။

၎င်း၏ခြေစွမ်းကို ကြိုက်နှစ်သက်သောကြောင့် တူရကီအေးဂျင့်တစ်ဦးသည် တူရကီကလပ်အသင်းများတွင်ကစားရန် ဆက်သွယ်လာပြီး ကိုရိုနာဗိုင်းရပ်စ်အခြေအနေ တည်ငြိမ်သွားပါက အသင်းများနှင့် ချိတ်ဆက်ကာ ကမ်းလှမ်းမှုများပြုလုပ်သွားမည်ဖြစ် သည်။

''တူရကီအေးဂျင့်တစ်ဦးက ကျွန်တော့်ကို ဆက်သွယ်လာတယ်ဆိုတာ ဟုတ်ပါတယ်။ တူရကီကလပ်အသင်းတွေမှာ ကစားဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ တူရကီနိုင်ငံရဲ့ အဆင့်အမြင့်ဆုံးလိဂ်တော့ မဟုတ်ပါဘူး။ ပထမတန်း နဲ့ ဒုတိယတန်းကလပ်အသင်းတွေကို ချိတ်ဆက်ပေးမှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်အနေနဲ့ စိတ်ဝင်စားပါတယ်။ ထိုင်းလိဂ်မှာ ကစားခွင့်ရတာတောင် အတွေ့အကြုံတွေအများကြီးရနေရင် ဥရောပလိုနိုင်ငံတွေမှာ ကစားခွင့်ရရင် အတွေ့အကြုံကောင်းတွေ အများကြီးရမှာဖြစ်ပါတယ်။ ဥရောပလမ်းကြောင်းကို စတင်နိုင်ခဲ့ရင် တခြားကစားသမားတွေအတွက်လည်း လမ်းပွင့်သွားနိုင်ပါတယ်။ ဥရောပမှာ မြန်မာကစားသမားတစ်ဦး ကစားခွင့်ရတယ်ဆိုရင် တခြားကစားသမားတွေကို စိတ်ဝင်စားပြီး ကမ်းလှမ်းမှုတွေ ရှိလာနိုင်ပါတယ်။ လက်ရှိအနေအထားကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်  အသင်းတွေနဲ့ ချိတ်ဆက်လို့တော့ မရသေးပါဘူး။ အေးဂျင့်က ဆက်သွယ်တာပဲရှိသေးပြီး ရောဂါအခြေအနေတည်ငြိမ်သွားမှ အသင်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်''ဟု အောင်ကောင်းမာန်က Eleven Sports ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

အောင်ကောင်းမာန်အသင်းသည် ထိုင်းကလပ် Trat အသင်းတွင် ရာသီအစ (၄)ပွဲစလုံး ပါဝင်ကစားခွင့်ရထားပြီး ပထမ(၂)ပွဲတွင် လူစားဝင်ကစားခဲ့ရကာ နောက်(၂)ပွဲတွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

အောင်ကောင်းမာန်သည် ပြီးခဲ့သည့်နှစ်တွင် ခြေစွမ်းပိုင်း သိသိသာသာတိုးတက်လာသူဖြစ်ပြီး ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲ ကြေးတံဆိပ်ဆုရ မြန်မာ ယူ-၂၂ အသင်း၏ အဓိကကစားသမားအဖြစ်လည်း ပါဝင်ကစားခဲ့သည်။

 

 

Most Read

Most Recent