ထိုင်းလိဂ်-၂ ကလပ် ချင်းမိုင်ယူနိုက်တက်အသင်းနှင့် မေ ၁၃ ရက်က အပြီးသတ်စာချုပ် ချုပ်ဆိုခဲ့သည်ဟု တိုက်စစ်မှူး ကျော်ကိုကို အတည်ပြု

ထိုင်းလိဂ်-၂ ကလပ် ချင်းမိုင်ယူနိုက်တက်အသင်းနှင့် မေ ၁၃ ရက်က အပြီးသတ်စာချုပ် ချုပ်ဆိုခဲ့သည်ဟု တိုက်စစ်မှူး ကျော်ကိုကို အတည်ပြု
Photos: Chiangmai United
Photos: Chiangmai United
Published 14 May 2020

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော် ကိုကိုသည် ထိုင်းလိဂ်-၂ ကလပ် ချင်းမိုင်ယူနိုက်တက်အသင်းနှင့် မေ ၁၃ ရက်က အပြီးသတ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း အတည်ပြုပြောကြားသည်။

ကျော်ကိုကိုသည် မေ ၁၂ ရက်က ဆေးစစ်မှုခံယူပြီးနောက် မေ ၁၃ ရက်တွင် အပြီးသတ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ 

ချင်းမိုင်ယူနိုက်တက်အသင်းသည် တိုက်စစ်မှူး ကျော်ကိုကိုအား ၂၀၂၁ ခုနှစ် ဧပြီလကုန်အထိ တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်အခြေအနေကောင်းသွားလျှင် အသင်းနှင့် စတင်ပူးပေါင်းမည်ဖြစ်သည်။ 

ကျော်ကိုကိုသည် ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်း လိဂ်-၁ ကလပ် ဆူခိုထိုင်းအသင်းနှင့် လမ်းခွဲခဲ့ပြီး ရက်ပိုင်းအကြာမှာပင် အသင်းသစ်ရရှိခဲ့ခြင်းဖြစ်သည်။ 

ကျော်ကိုကိုသည် ဆူခိုထိုင်းအသင်းနှင့် လမ်းခွဲပြီးနောက်ပိုင်း အေးဂျင့်ဖြစ်သူမှတစ်ဆင့် အသင်းသစ်ရှာဖွေခဲ့ရာ ထိုင်းလိဂ်-၁ ကလပ်အသင်းနှစ်သင်းနှင့် ညှိနှိုင်းခဲ့သော်လည်း ထိုင်းလိဂ်-၂ ကလပ် ချင်းမိုင်အသင်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။      

''ချင်းမိုင်အသင်းနဲ့ မေ ၁၃ ရက်က အပြီးသတ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ စာချုပ်သက်တမ်းက တစ်နှစ်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဧပြီလကုန်အထိ ရှိနေမှာပါ။ ချင်းမိုင်အသင်းနဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်။ အသင်းသစ်ရှာဖို့ ခက်ခဲတဲ့အနေအထားမှာ ချင်းမိုင်အသင်းနဲ့ သဘောတူညီမှုရခဲ့တာဖြစ်ပါတယ်။ ထိုင်းကလပ်မှာ စတင်ကစားတဲ့အချိန်မှာ ကျွန်တော်ရဲ့အနေအထားကို စိတ်တိုင်းကျပေမယ့် ဒဏ်ရာရပြီးတဲ့နောက်ပိုင်းမှာ ရုန်းကန်ခဲ့ရပါတယ်။ ကျွန်တော့်အတွက် ခက်ခဲတဲ့ အနေအထားဖြစ်သွားပါတယ်။ ဒူးဒဏ်ရာကို ပြန်လည်စစ်ဆေးပြီးရင် အလုံးစုံကောင်းမွန်အောင် လုပ်ဆောင်သွားမှာပါ။ ပြိုင်ပွဲကလည်း ရပ်နားထားတဲ့အတွက် ကျွန်တော့်အတွက် ပြင်ဆင်ချိန်ရပါတယ်''ဟု ကျော်ကိုကိုက Eleven Sports ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ကျော်ကိုကိုသည် လေးသင်းမြောက် ထိုင်းကလပ်အသင်းအဖြစ် ချင်းမိုင်ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ရာသီတွင် ချင်းရိုင်ယူနိုက်တက်အသင်း၊ ၂၀၁၉ ရာသီတွင် ဆာမတ်ပရာခန်အသင်း၊ ၂၀၂၀ ရာသီတွင် ဆူခိုထိုင်းအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ 

ဆူခိုထိုင်းအသင်းနှင့် တစ်ရာသီစာချုပ် ချုပ်ဆိုထားသော်လည်း လပိုင်းသာကစားခဲ့ရပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲရပ်နားထားသည့်ကာလတွင် နှစ်ဦးသဘောတူလမ်းခွဲခဲ့ရခြင်းဖြစ်သည်။

ကျော်ကိုကိုသည် ယခင်က ထိုင်းလိဂ်-၁ ကလပ်အသင်းများတွင်သာ ကစားခဲ့သော်လည်း ချင်းမိုင်အသင်းသို့ ပြောင်းရွှေ့ခဲ့သောကြောင့် ပထမဆုံးအကြိမ် ထိုင်းလိဂ်-၂ ၌ ကစားရမည်ဖြစ်သည်။ 

ယခုရာသီတွင် ထိုင်းကလပ်အသင်းများ၌ မြန်မာကစားသမား ငါးဦး ပါဝင်ကစားနေပြီး ဆူခိုထိုင်းအသင်း၌  ဇော်မင်းထွန်း၊ Trat အသင်း၌ အောင်ကောင်းမာန်၊ ချိုင်းနတ်အသင်း၌ မြတ်ကောင်းခန့်၊ ချင်းမိုင်အသင်း၌ ကျော်ကိုကို၊ မြောင်ကန်အသင်း၌ ဆွမ်လမန်တို့ ပါဝင်ကစားနေသည်။ 

Most Read

Most Recent