တာမွေမြို့နယ် ရွှေဟင်္သာလမ်း စျေးအတွင်းရှိ သက်တမ်းရင့် သစ်ပင်တစ်ပင် လဲကျမှု ဖြစ်ပွားခဲ့ပြီး လမ်းဘေးစျေးဆိုင် ခုနစ်ဆိုင် ပျက်စီး

တာမွေမြို့နယ် ရွှေဟင်္သာလမ်း စျေးအတွင်းရှိ သက်တမ်းရင့် သစ်ပင်တစ်ပင် လဲကျမှု ဖြစ်ပွားခဲ့ပြီး လမ်းဘေးစျေးဆိုင် ခုနစ်ဆိုင် ပျက်စီး
Published 13 May 2020
မျိုးထက်ပိုင်

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေကြီး (က+ဂ)ရပ်ကွက်၊ ရွှေဟင်္သာလမ်း စျေးအတွင်းရှိ သက်တမ်းရင့် သစ်ပင်တစ်ပင် လဲကျမှု မေလ ၁၃ ရက် နံနက် ၈ နာရီက ဖြစ်ပွားခဲ့ပြီး လမ်းဘေးစျေးဆိုင် ခုနစ်ဆိုင် ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်မှာ ရေတမာပင် အမျိုးအစားဖြစ်ပြီး သစ်ပင်အောက်ခြေရှိ အမြစ်များဆွေးကာ ဖြည်းဖြည်းချင်း လဲကျခဲ့ခြင်း ဖြစ်ကြောင်း၊ လဲကျချိန်တွင် စျေးသည်များ စျေးအတွင်း စျေးရောင်းချနေသည့်အတွက် စျေးပစ္စည်းများ ထိခိုက်မှု ရှိခဲ့ကြောင်း သိရသည်။

“စတဲ့အချိန်မှာ ကျွန်တော်က ဘေးမှာရပ်နေတာ။ စျေးသည်တစ်ယောက်ကအော်လို့ အားလုံးဖယ်လိုက်တဲ့ အချိန်မှာ လဲကျသွားတယ်။ လဲကျတော့ ပစ္စည်းတွေချပြီး အကုန်ထွက်ပြေးကြတယ်။ အောက်ကအမြစ်တွေ ဆွေးပြီးတော့ လမ်းမဘက်ကို လဲကျတာပါ။ စျေးသည်တွေရဲ့ စျေးဗန်း စျေးပစ္စည်းတွေတော့ ဆုံးရှုံးမှုရှိတယ်။ မီးကြိုးတွေ ပျက်စီးသွားတယ်။ လူတွေတော့ ထိခိုက်မှု မရှိပါဘူး” စျေးအုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူ ကိုကြည်လှိုင်က ပြောကြားသည်။

သစ်ပင်လဲကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိသော်လည်း စျေးအတွင်းရှိ ဓာတ်ကြိုးများ၊ စျေးရောင်းချနေသည့် စျေးသည်များ၏ စျေးပစ္စည်းများ၊ စျေးဝယ်သူတစ်ဦး၏ စက်ဘီးတစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရပ်ကွက်တာဝန်ရှိသူများက အဆိုပါစျေးလမ်းကို ပိတ်ဆို့ထားပြီး ရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။