COVID-19 ကာကွယ်ဆေး မပေါ်သေးလျှင်လည်း စာသင်ကျောင်းများ ပြန်ဖွင့်ရမည်ဟု နိုင်ငံတော်၏ အတိုင်အပင်ခံပုဂ္ဂိုလ် ပြောကြား

COVID-19 ကာကွယ်ဆေး မပေါ်သေးလျှင်လည်း စာသင်ကျောင်းများ ပြန်ဖွင့်ရမည်ဟု နိုင်ငံတော်၏ အတိုင်အပင်ခံပုဂ္ဂိုလ် ပြောကြား
စျေးများအား စနစ်တကျ စီမံဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တာဝန်ရှိသူများ အပြန်အလှန် ဆွေးနွေးစဉ်
စျေးများအား စနစ်တကျ စီမံဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တာဝန်ရှိသူများ အပြန်အလှန် ဆွေးနွေးစဉ်
Published 12 May 2020
လွင်မျိုးသူ

COVID-19 ကာကွယ်ဆေး မပေါ်သေးလျှင်လည်း စာသင်ကျောင်းများ ပြန်ဖွင့်ရမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မေ ၁၂ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စျေးများအား စနစ်တကျ စီမံဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ မကွေးတိုင်းမြိုင်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကလောမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်၊ နေပြည်တော် ကောင်စီနယ်မြေမှ ဒုတိယ မြို့တော်ဝန် ဦးရဲမင်းဦးတို့နှင့် လူမှုကွန်ရက် စာမျက်နှာတွင် အပြန်အလှန် ဆွေးနွေးသည့် အစီအစဉ် ပြောကြားသွားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ စာသင်ကျောင်းမှ စာသင်ခန်းများတွင် ကျောင်းသူကျောင်းသားဦးရေ များပြားလျက် ရှိသောကြောင့် ခွဲ၍သင်ကြားရန် စဉ်းစားသင့်ကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။

“ကျောင်းတွေက အမြဲပိတ်ထားလို့ မရဘူး။ ကျောင်းတွေ ပြန်ဖွင့်ရတော့မယ်။ ကျောင်းတွေပြန်ဖွင့်ရင် ကလေးတွေကို ခေါ်ထားဖို့ရှိရင် ဒီနိုင်ငံက ကျောင်းတွေက တစ်တန်းတစ်တန်းဆိုရင် ကျောင်းသား ကျောင်းသူဦးရေက များတယ်။ များတဲ့အခါကျတော့ ကပ်ပြီးတော့ ထိုင်ကျတယ်။  ခွဲလိုက်မယ်ဆိုရင် ဘယ်နှတန်းလိုမလဲ။ အရင်တုန်းက တစ်တန်းထဲ လိုတဲ့ကလေးတွေက ခွဲလိုက်ရင် သုံးခန်းလောက် လိုမှာလား။ အဲဒါဘယ်လောက် မြန်မြန်စီစဉ်နိုင်မလဲ။ ဒီဟာတွေ အားလုံး စဉ်းစားရတာပေါ့။ စဉ်းစားတဲ့ အခါကျတော့ ရေတိုရေရှည်လည်း စဉ်းစားရတယ်။ ဖြစ်နိုင်ခြေကိုလည်း ထည့်တွက်ရတယ်။ ဒီ Vaccine (ကာကွယ်ဆေး) က မြန်မြန်ရမှာ မဟုတ်ဘူး ဆိုရင်လည်း ကျောင်းတွေက ပြန်ဖွင့်ရမှာပဲ။ Vaccine ပေါ်တဲ့အထိ ကျောင်းတွေစောင့်ရမယ် ဆိုတာကတော့ မလွယ်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အခြေခံပညာ Grade 4, Grade 7 နှင့် Grade 10 သင်ရိုးသစ်အတွက် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ဆရာ၊ ဆရာမများကို Online Training ဆောင်ရွက်ရန် စမ်းသပ်သင်ကြားမှုကို မေ ၁၁ ရက်က စတင် ဆောင်ရွက်သင်ကြားခဲ့ကြောင်း သိရသည်။ ယင်းသို့ စမ်းသပ်သင်ကြားရာတွင် Zoom Application ကို အသုံးပြု၍ သင်ရိုးသစ်များကို အွန်လိုင်းမှ သင်ကြားပို့ချခြင်း ဖြစ်သည်။