မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ယခုလကုန်အထိ ပိတ်ထားမည်ဖြစ်ပြီး နန်းဖာလုံစျေး ပိတ်ထားသည်မှာ နှစ်လခန့်ရှိပြီဖြစ်

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ယခုလကုန်အထိ ပိတ်ထားမည်ဖြစ်ပြီး နန်းဖာလုံစျေး ပိတ်ထားသည်မှာ နှစ်လခန့်ရှိပြီဖြစ်
Published 9 May 2020
အောင်သူထွန်း

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး ဂိတ်များကို ယခုလကုန်သည်အထိ ပိတ်ထားမည်ဖြစ်ပြီး မြန်မာ-အိန္ဒိယနယ်စပ်နှင့် ကပ်လျက်တည်ရှိသော စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်ရှိ နန်းဖာလုံစျေးမှာလည်း ပိတ်ထားသည်မှာ နှစ်လခန့်ရှိနေပြီဟု သိရသည်။

COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ရရှိပြီးသည့်နောက် နယ်စပ်ကုန်သွယ်ရေးဂိတ်များကို မေလကုန်အထိ ပိတ်ထားခြင်းဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံဘက်မှ ပြန်လည် ဖွင့် မဖွင့် ကိုလည်း မသိရသေးကြောင်း၊ အိန္ဒိယနိုင်ငံဘက်မှ မေ ၁၇ ရက်အထိ ပိတ်ထားခြင်းဖြစ်ပြီး အကယ်၍ ပြန်လည်ဖွင့်လှစ်ခြင်းမရှိပါက မေလကုန်အထိ ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံဘက်က ဖွင့်လှစ်ခဲ့ချိန်တွင် မြန်မာနိုင်ငံဘက်မှလည်း ရောဂါပျံ့ပွားမှုနှုန်းကို ထိန်းချုပ်နိုင်ခဲ့မည်ဆိုပါက မေလကုန်အထိ မစောင့်ဘဲ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဗဟိုကော်မတီထံ တင်ပြတောင်းဆိုမည်ဖြစ်ကြောင်း တမူးနယ်စပ် ကုန်သွယ်ရေးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးလှမောင်က ပြောကြားသည်။

“ အမှန်တကယ် စပိတ်တာ မတ်လ ၁၀ ရက်နေ့ကနေစပြီး အိန္ဒိယနိုင်ငံက သူနဲ့ ထိစပ်နေတဲ့ နယ်စပ်တွေကနေ အဝင်အထွက်တွေ ပိတ်လိုက်တယ်။ လူဝင်လူထွက်ပါ မကဘူး။ ကုန်သွယ်ရေးပါ ပိတ်လိုက်တယ်။ ကုန်သွယ်ရေးကို ပိတ်လိုက်ရတဲ့အတွက် လုပ်ငန်းတွေ ရပ်စဲသွားတယ်။ ဒါပေမဲ့ ကိုယ့်ဘက်က မပိတ်သေးဘူး။ မတ်လ လကုန် ဧပြီလဆန်းလောက်မှာ မဏိပူရ် (အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်) က လမ်း ၂ ရက်၊ ၃ ရက် ဖွင့်မယ်။ ဒါပြီး ပြန်ပိတ်မယ်။ သူတို့က ရိက္ခာဝယ်ဖို့အတွက် ဖွင့်တာ။ ဒါနဲ့ တိုင်းဒေသကြီးအစိုးရကို တင်ပြလိုက်တယ်။ ငါတို့အစိုးရကလည်း ဧပြီလကုန်အထိ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်နဲ့အညီ နေရမယ်ဆိုတော့ ငါတို့ကလည်း ညွှန်ကြားချက်နဲ့အညီ နယ်စပ်ကို အဝင်အထွက် ပိတ်ဖို့ သင့်တယ်ပေါ့ ။ ငါတို့ဘက်က မပိတ်တော့ လူတွေက သွားလာနေကြတာကိုး။ တစ်ဖက်နိုင်ငံက အဖမ်းအဆီးတွေတောင် ရှိလာတယ်။ ဒါနဲ့ ငါတို့ဘက်က တရားဝင် ပိတ်လိုက်တယ်။ အဲဒီနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကနေ မေလ ၁၅ ရက်နေ့ ထပ်ပြီး စောင့်ကြည့်မယ်ဆိုတာ ထုတ်ပြန်တယ်။ ဒါနဲ့ ဧပြီလ ၂၉ မှာ ထပ်တင်တော့ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဆက်ပိတ်ပါဆိုတော့ ပိတ်ထားတယ်။ ကုန်သွယ်ရေးကတော့ လုံးဝကို မရှိတော့တာ။ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး ကာလတစ်လျှောက်မှာတော့ တစ်ဖက်နိုင်ငံမှာတော့ မငြိမ်းချမ်းမှု လေးတွေရှိတော့ မိုးရေး- အင်ဖာလမ်းကို မကြာမကြာ ဘလော့လုပ်တာရှိတော့ (တစ်ခါတလေ ၁၀ ရက် ၊ ၁၅ ၊ ၃၀ ရက် ၊ ၄၅ ရက်အထိ) ကုန်သွယ်ရေး ပိတ်ထားတာက ကာလအတိုဆိုရင်တော့ ဘာမှပြဿနာမရှိပေမယ့် ရေရှည် ၄၊ ၅၊ ၆ လဆိုရင်တော့ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းတွေက ဆုံးရှုံးလာမယ်” ဟု တမူးနယ်စပ် ကုန်သွယ်ရေးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးလှမောင်က ပြောကြားခဲ့သည်။

ယခုအခါ အိန္ဒိယနိုင်ငံ အစိုးရမှ မြန်မာ-အိန္ဒိယ နယ်စပ်တစ်လျှောက်တွင်ရှိသော လမ်းကြားများ၊ ကြားအဝင်ပေါက်များကို ယာယီပိတ်ဆို့ထားပြီး နှစ်နိုင်ငံ အဝင်အထွက်မသွားနိုင်ရန် တင်းကြပ်ထားသည်ဟု သိရသည်။

“ အခု နယ်စပ်ပိတ်ထားတာ ဒီကနေ့ ဆို ၂ လ (ရက် ၆၀) ကွက်တိဖြစ်နေပြီ။ အရင်တုန်းက ပိတ်တာ ဒီလောက် မကြာဖူးဘူး။ အခုဟာက တရားဝင် ဂိတ်တွေကနေ လုံးဝ အဝင်အထွက်မရှိဘူး။ အခက်အခဲက တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်ခက်ခဲနေကြတာ။ လုံးလုံးငတ်သွားတာ မဟုတ်ပေမယ့် ထိခိုက်သွားကြတာ ရှိတာပေါ့။ လက်လုပ်လက်စားတွေကလည်း ကျပ်တည်းတာပေါ့။ ကုန်သည်ကြီး ကုန်သည်အလတ်စားတွေ ကြလည်း ပေးစရာလည်း ရှိတယ်။ ရစရာလည်း ရှိတယ် ။ စျေးကွက်က အဟောင်းပေး အသစ်ယူ လည်ပတ်နေတာကိုး။ ဟိုဘက်က (အိန္ဒိယဘက်က) လူတွေက ကြာလာလို့ရှိရင် စိတ်တွေဖောက်သွားရင် တချို့က အိန္ဒိယ သိန်းဂဏန်းရှိတယ်။ သောင်းဂဏန်းရှိတယ်။ ထောင်ဂဏန်းရှိတယ်။ မပေးတာမျိုးတွေ ဖြစ်လာနိုင်တယ်လေ။ ဒီစျေးကို မှီခိုပြီး လုပ်စားတဲ့ လက်လုပ်လက်စားတွေ ကျပ်တည်းနေတယ်လေ။ စျေးမှာ လခစားဝန်ထမ်းတွေ မထိခိုက်ဘူးပြောတောင် တမူးမြို့ပေါ် တစ်ဝက်လောက်ရယ် ဒီစျေးအရောင်းအဝယ် မဖြစ်တော့ ဆိုင်ရာဆိုင်ရာပေါ့။ မန်းလေး၊ မူဆယ်က လူတွေ၊ ကားလိုင်းတွေ၊ ယာဉ်နောက်လိုက်တွေ အကုန်ထိခိုက်တာ အများကြီးပဲပေါ့။ ပိတ်တာ ရက်အရှည်ဆုံးပဲ။ အခုက လုံးဝဂိတ်တွေက ပိတ်ထားတာ” ဟု နန်းဖာလုံစျေးမှ ကိုကျော်ဆန်းလင်းက ပြောကြားသည်။

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး ပိတ်ထားသည့်အတွက် နယ်စပ်ကုန်သွယ်ရေးကို အဓိကမှီခိုသည့် လက်လုပ်လက်စားများ အဓိကဒုက္ခရောက်ကြပြီး ကုန်သည်များအနေဖြင့်လည်း ငွေကြေးလည်ပတ် စီး ဆင်းမှုမရှိသောကြောင့် ရစရာ၊ ပေးစရာ ငွေကြေးလည်ပတ်မှု အခက်အခဲများ ဖြစ်လာမည်ကို စိုးရိမ်လျက်ရှိသည်ဟု သိရသည်။

Most Read

Most Recent