တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် နေပြည်တော်အနီးဝန်းကျင်ရှိ Quarantine ဝင်နေသူများအား  COVID-19 ဓာတ်ခွဲစစ်ဆေးအတည်ပြုရန် နိုင်ငံတော်သမ္မတရုံးက တပ်မတော်ကို တာဝန်ပေး

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် နေပြည်တော်အနီးဝန်းကျင်ရှိ Quarantine ဝင်နေသူများအား  COVID-19 ဓာတ်ခွဲစစ်ဆေးအတည်ပြုရန် နိုင်ငံတော်သမ္မတရုံးက တပ်မတော်ကို တာဝန်ပေး
Published 6 May 2020

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များနှင့် နေပြည်တော်အနီး ပတ်ဝန်းကျင်ရှိ Quarantine ဝင်နေသူများအား COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေး အတည်ပြုရန် နိုင်ငံတော်သမ္မတရုံးက တပ်မတော်ကို တာဝန်ပေးထားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မေ ၆ ရက် နံနက်ပိုင်းက COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ချက်တွင် တပ်မတော်ဓာတ်ခွဲဌာနမှ ဓာတ်ခွဲစစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာများလည်း ပါဝင်ခဲ့ပြီး အဆိုပါ သတင်းထုတ်ပြန်ချက်နှင့်ပတ်သက် ၍ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ထိုသို့ သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်ဓာတ်ခွဲဌာန၏ စစ်ဆေးချက်များသည် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၏ စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့် ကိုက်ညီသည့်အတွက် နိုင်ငံတော်သမ္မတရုံးက အထက်ပါအတိုင်း တာဝန်ပေးထားခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။ 

“ အဲဒါကြောင့်မို့လည်း သမ္မတရုံးကနေ ကျွန်တော်တို့ဆီကို တာဝန်ပေးထားတာရှိတယ်။ နေပြည်တော်မှာရှိတဲ့ စက်ကနေပြီးတော့ နေပြည်တော်အနီးတစ်ဝိုက်မှာရှိတဲ့ Quarantine ဝင်တဲ့လူတွေကို စစ်ဆေးဖို့၊ လွှတ်တော်အမတ်တွေ၊ တပ်မတော်သား လွှတ်တော်အမတ်တွေကို စစ်ဆေးဖို့၊ ရန်ကုန်ကဆိုရင် ကျွန်တော်တို့ ပြန်ဝင်လာတဲ့ သူတွေကို စစ်ဆေးဖို့ဆိုပြီး ကျွန်တော်တို့ကို တာဝန်ပေးထားတာ ရှိပါတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မေ ၆ ရက် နံနက်ပိုင်း သတင်းထုတ်ပြန်ချက်အရ မေ ၅ ရက် ညနေပိုင်းတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၁၈၆ ခု၊ ဆေးသုတေသနဦးစီးဌာနမှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၁၀၆ ခုနှင့်အတူ နေပြည်တော်၊ အမှတ် (၂) တပ်မတော် ဆေးရုံကြီး ခုတင် ၁၀၀၀ ဓာတ်ခွဲဌာနမှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၃၆၃ ခု ပါဝင်လာခြင်းဖြစ်သည်။

တပ်မတော်ဓာတ်ခွဲဌာနမှ ဓာတ်ခွဲစစ်ဆေးမှုတစ်ကြိမ်တွင် အများဆုံးလူဦးရေ ၁၄၀၀ ၏ ဓာတ်ခွဲနမူနာများကို စစ်ဆေးပေးနိုင်သည်ဟုလည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

“ ကျွန်တော်တို့ သတင်းထုတ်ပြန်ထားပါတယ်။ တစ်ကြိမ်စစ်ဆေးလို့ရှိရင် အများဆုံး ၁၄၀၀ ကို စစ်ဆေးနိုင်ပါတယ်။ ၁၄၀၀ ဆိုတော့ အချိန်ပြည့် အလုပ်လုပ်ရမှာပေါ့။ အများဆုံးလုပ်နိုင်တဲ့ အရေအတွက်ကို ပြောတာပါ။ ကျွန်တော်တို့မှာ အသင့်ရှိပြီးသားပါ။ အဲဒီဘက်ကနေ နမူနာတွေပို့ပေးပြီးရင် ကျွန်တော်တို့က စစ်ဆေးပေးမှာပါ” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

 

Most Read

Most Recent