မည်မျှပင် စိန်ခေါ်မှုကြီးမားသည်ဖြစ်စေ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ကျော်လွှားနိုင်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

မည်မျှပင် စိန်ခေါ်မှုကြီးမားသည်ဖြစ်စေ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ကျော်လွှားနိုင်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
Published 5 May 2020

မည်မျှပင် စိန်ခေါ်မှု ကြီးမားသည်ဖြစ်စေ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ကျော်လွှားနိုင်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ မွန်ပြည်နယ်ဝန်ကြီးချုပ်တို့၏ COVID- 19 ဆိုင်ရာ အပြန်အလှန် ဆွေးနွေးခြင်း အစီအစဉ်အား မေ ၅ ရက်တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး အဆိုပါ အစီအစဉ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသူများ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ရာတွင် ရောဂါပြန့်ပွားမှု မရှိစေရေးအတွက် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့သည် ရှေ့တန်းမှ ကာကွယ်ဆောင်ရွက်ရမည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များဖြစ်ပြီး ထို့ကြောင့် အဆိုပါတိုင်းဒေသကြီးနှင့် ပြည်နယ်သုံးခုသည် တစ်ခုနှင့်တစ်ခု ပူးပေါင်းကူညီဆောင်ရွက်ရမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

“တစ်ယောက်နဲ့တစ်ယောက် ဒီလိုကူညီသွားမယ်ဆိုလို့ရှိရင် ဒါဟာ ဘယ်လိုပဲ စိန်ခေါ်မှုကြီးက ကြီးကြီးပေါ့နော်။ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဒီဟာကို ကျော်လွှားနိုင်တယ်။ ဒီဟာကို ကိုင်တွယ်နိုင်တယ်ဆိုတာကိုလည်း ပြလို့ရတယ်။ နောက်ပြီးတော့လည်း ပြည်သူတွေနဲ့ ကိုယ့်ပြည်သူတွေနဲ့ တိုင်း၊ ပြည်နယ်အစိုးရကြားမှာလည်း ပိုပြီးတော့ ရင်းနှီးမှုရှိမယ်။ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးတော့ ယုံကြည်အားကိုးမှုရှိမယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ရှိ နယ်စပ်ဝင်ပေါက်များမှ သောင်းနှင့်ချီသော အလုပ်သမားများသည် မကြာမီ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာမည်ဖြစ်ပြီး ထိုသို့ သောင်းနှင့်ချီသော အလုပ်သမားများ ပြန်လည်ဝင်ရောက်လာမှုသည် ဒုတိယစိန်ခေါ်မှုလှိုင်းကြီးဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ကာ ပထမစိန်ခေါ်မှုလှိုင်းသည် မတ်လကုန်ပိုင်းတွင် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက် လာသူများဟု ၎င်းကဆိုသည်။

“အဲဒီတုန်းက ပြန်လာတဲ့သူတွေ အများကြီးပဲ။ အဲဒီတုန်းကဆိုလို့ရှိရင် တော်တော်စိုးရိမ်ခဲ့ရတယ်။ ဘယ်လောက်လောက်များ ပြန်လာတဲ့အလုပ်သမားတွေကြားထဲကနေပြီးတော့ ရောဂါတွေ ပြန့်ပွားတာဖြစ်မလဲပေါ့နော်။ နောက်ပြီးတော့ ကိုယ့်တိုင်း၊ ကိုယ့်ပြည်နယ် ပြန်ခဲ့တယ်ဆိုရောဂါပါလာလို့ရှိရင် တစ်တိုင်းပြည်လုံး ပျံ့သွားမယ်ပေါ့။ တစ်တိုင်းပြည်လုံး ပျံ့သွားလို့ရှိရင် ဒါတွေကို ဘယ်လိုကိုင်တွယ်ရနိုင်မလဲဆိုတာကိုတော့ အကောင်းဆုံးတော့ အစီအစဉ်တွေကိုတော့ လုပ်ထားတယ်။ ဒါပေမဲ့ အဲဒီအခါမှာတော့ စိုးရိမ်ခဲ့ရတယ်ဆိုတာတော့ အမှန်ပါပဲ” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ထိုသို့ ပထမလှိုင်းစိန်ခေါ်မှုနှင့်ပတ်သက်၍ နိုင်ငံအတွင်းရှိ အရင်းအမြစ်များကို တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင်အသုံးပြုခဲ့ပြီး ယခုဒုတိယလှိုင်းစိန်ခေါ်မှုတွင် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာမည့် အလုပ်သမားများ တစ်သိန်းခွဲခန့် မရှိလျှင်ပင် သောင်းနှင့်ချီ၍ ပြန်လည်ဝင်ရောက်လာမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ပြန်လာတဲ့ပြည်သူတွေကလည်း တစ်တိုင်းပြည်လုံးကို ပျံ့သွားနိုင်တယ်။ ကရင်နဲ့ တနင်္သာရီထဲမှာပဲ နေမှာမဟုတ်ဘူး။ ဝင်တာတော့ အဲဒီဘက်က ဝင်မယ်ပေါ့။ အဲဒီဘက်က ဝင်ပြီးတော့ တခြားတိုင်းတွေ၊ ပြည်နယ်တွေကို ဖြန့်ပြီးတော့ သွားကြမှာ။ အဲဒီတော့ အဲဒီဟာကြောင့်မို့လို့ အခုဒီတိုင်းသုံးတိုင်းက အင်မတန်မှ အရေးကြီးပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ပြည်ပနိုင်ငံများမှ ပြန်လာသူများကို ကြိုဆိုရာတွင်ဖြစ်စေ၊ လက်ခံရာတွင်ဖြစ်စေ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သွားနိုင်ရေးအတွက် စီစဉ်ပေးရာတွင်ဖြစ်စေ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် ပြည်ပမှပြန်လည်သော အလုပ်သမားများထဲ၌ ရောဂါပိုးရှိသူ ပါဝင်လျှင် ရောဂါပိုး ပြန့်ပွားမှုမရှိအောင် ဆောင်ရွက်နိုင်မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

 

Most Read

Most Recent