ဇွန် (၁၂)ရက်နေ့ နောက်ဆုံးထားပြီး မစတင်နိုင်ပါက ယခုရာသီပရီးမီးယားလိဂ်ကို ရပ်ဆိုင်းရဖွယ်ရှိဟု The Sun ဖော်ပြ

ဇွန် (၁၂)ရက်နေ့ နောက်ဆုံးထားပြီး မစတင်နိုင်ပါက ယခုရာသီပရီးမီးယားလိဂ်ကို ရပ်ဆိုင်းရဖွယ်ရှိဟု The Sun ဖော်ပြ
Photos : Mirror, talkSPORT
Photos : Mirror, talkSPORT
Published 5 May 2020

ပရီးမီးယားလိဂ်ပြိုင်ပွဲအား ဇွန်လ (၁၂)ရက်နေ့တွင် နောက်ဆုံးထားပြီး မစတင်နိုင်ပါက ယခုရာသီပရီးမီးယား လိဂ်ပြိုင်ပွဲကို ရပ်ဆိုင်းရဖွယ်ရှိသည်ဟု The Sun သတင်းစာက ဖော်ပြခဲ့သည်။

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) သည် ဥရော ပတစ်ဝှမ်းလုံးရှိ လိဂ်ပြိုင်ပွဲအားလုံးကို သြဂုတ်လ (၂)ရက် နေ့တွင် နောက်ဆုံးထားပြီး အပြီးသတ်ပေးရန် ညွှန်ကြားထားပြီး၊ ယင်းမှသာ ယခုရာသီ ချန်ပီယံလိဂ်နှင့် ယူရိုပါ လိဂ်လက်ကျန်ပွဲစဉ်များကို ဆက်လက်ကစားခြင်း၊ လာမည့်ရာသီ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲတို့ကို ပြန် လည်ကျင်းပခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲသည် လက်ရှိအချိန်တွင် ရာသီအဆုံးသတ်နိုင်ရန်အတွက် စုစုပေါင်း (၉၂)ပွဲကျန်ရှိနေပြီး ယင်းပွဲစဉ်အားလုံးကို အချိန်မီကစားနိုင်ရန်အတွက် အချိန် (၇)ပတ် ခန့်ပေးရဖွယ်ရှိသည်။

ယင်းအတွက်ကြောင့် ဇွန်လ (၁၉) ရက်နေ့မှစတွက်လျှင် မီနိုင်သော်လည်း ပြိုင်ပွဲကာလအတွင်း အခြားသောဖြစ်နိုင်ခြေများအတွက် အချိန်တစ်ပတ်ထပ်ပေးပါက ဇွန်လ (၁၂)ရက်နေ့တွင် နောက်ဆုံးထားပြီး ကျင်းပနိုင်ရန်လိုအပ်နေသည်ဟု သိရှိရသည်။

The Sun သတင်းစာ၏ ဖော်ပြချက်အရ ပရီးမီးယားလိဂ်အဖွဲ့ချုပ်၏ တာဝန်ရှိသူများသည် လိဂ်ပြိုင်ပွဲကို ပြန်လည်စတင်ရန် နည်းလမ်းအမျိုးမျိုးကို စဉ်းစားနေသည့်အနက် (၇)ပတ်ကြာမြင့်မည့် ဘောလုံးပွဲတော်ပုံစံမျိုး ပြန်လည်စတင်ရန် လိုလားနေပြီး၊ ပွဲစဉ်အားလုံးကို ကွင်းပိတ်ကစားသွားမည်ဖြစ်သည်။

ပရီးမီးယားလိဂ်အ ဖွဲ့ချုပ်၏ ဒါရိုက်တာဖြစ်သူ ရစ်ချတ်ဂါလစ်ကလည်း (၇) ပတ်ကြာကစားမည့် အစီအစဉ်ကို စဉ်းစားနေပြီး ကလပ်အသင်းများက သဘောတူပါက ယင်းအစီအစဉ်အတိုင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယင်း (၇)ပတ်တာကာလ အတွင်း ကြားပွဲ (၂)ပွဲသာ ပါဝင်မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

သို့ရာတွင် ယင်းအစီအစဉ်သစ်မှာလည်း ပရီးမီးယားလိဂ်ကို ပြန်လည်စတင်နိုင်ရန်အတွက် ကြိုးပမ်းနေသည့် နည်းလမ်းများထဲမှ တစ်ခုသာဖြစ်ပြီး ကလပ်အသင်းများက သဘောတူညီခဲ့လျှင်ပင် အစိုးရ၏ ခွင့်ပြုချက်ကို ရယူရန်လိုအပ်နေသေးသည်ဟုလည်း သိရှိရသည်။

ဗြိတိန်အစိုးရသည် ယခုအချိန်အထိ ပရီးမီးယားလိဂ်ပြိုင် ပွဲပြန်လည်စတင်ရန် သင့်၊ မသင့်နှင့် ပတ်သက်သည့် ကိစ္စကို ဝင်ရောက်မစွက်ဖက်သေးချေ။ 

အကယ်၍ အင်္ဂလန်နိုင်ငံတစ်ဝှမ်း Lockdown ကာလသက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ပါက ပရီးမီးယားလိဂ်စတင်ရေးမှာ အခက်အခဲရှိလာဦးမည် ဖြစ်သည်။

 

Most Read

Most Recent