၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို ယခင်အထွေထွေ ရွေးကောက်ပွဲများနည်းတူ နိုဝင်ဘာတွင် ကျင်းပဖွယ်ရှိဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ပြောကြား

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို ယခင်အထွေထွေ ရွေးကောက်ပွဲများနည်းတူ နိုဝင်ဘာတွင် ကျင်းပဖွယ်ရှိဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ပြောကြား
၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်က ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနေသူ တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်)
၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်က ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနေသူ တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်)
Published 28 April 2020
ဉာဏ်လင်းထွန်း

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို ယခင် ၂၀၁၀ နှင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများနည်းတူ နိုဝင်ဘာလတွင် ကျင်းပဖွယ်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူနှင့် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

ရွေးကောက်ပွဲ မည်သည့်အချိန်တွင် ကျင်းပမည်နှင့် ပတ်သက်၍ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကို မြန်မာ့အသံမှ မေးမြန်းရာတွင် အထက်ပါအတိုင်း ပြန်လည်ပြောကြား ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဦးမြင့်နိုင်၏ ပြောကြားချက်များကို ဧပြီ ၂၈ ရက်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

 “၂၀၁၀ တို့ ၂၀၁၅ တို့မှာ နိုဝင်ဘာ ၇ ရက်နဲ့ ၈ ရက်ကို ရွေးခဲ့ရတာက လွှတ်တော်များရဲ့ သက်တမ်းက ငါးနှစ်ဖြစ်တာပေါ့။ အဲ့လို ငါးနှစ်သတ်မှတ်တာကလည်း ပြည်သူ့လွှတ်တော် အစည်းအဝေး စတင်ကျင်းပတဲ့ နေ့ကနေစပြီး ရေတွက်တာပေါ့။ ငါးနှစ်ပြည့်ရင် သက်တမ်းကုန်ဆုံးသွားတယ်။ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးရတဲ့ ရက်ကစပြီးတော့ ရက်ပေါင်း ၉၀ အတွင်းမှာလည်း လွှတ်တော်အစည်းအဝေးများကို ခေါ်ယူကျင်းပရမယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတာပေါ့။ အဲ့တာတွေကို ကြည့်ပြီးတော့မှ နိုဝင်ဘာလ ၇ ရက်၊ ၈ ရက် ဒီရက်တွေမှာ ကျင်းပရင် သင့်တော်တယ်ဆိုပြီး အဲ့လို ကျင်းပခဲ့တာပေါ့။ အခုလည်း အဲ့သလိုပဲ အရင်နမူနာ အတိုင်းပေ့ါနော်။ အဲ့သလိုပဲ ကျင်းပသွားဖွယ်ရှိတာပေါ့။ အရင်အတိုင်း ဆိုရင်တော့ နိုဝင်ဘာလထဲမှာ ကျင်းပသွားနိုင်ဖွယ် ရှိတာပေါ့နော်” ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနအသီးသီး၊ နိုင်ငံရေး ပါတီများနှင့် အရပ်ဘက် အဖွဲ့အစည်းများက ဆောင်ရွက်စရာ ရှိသည်များကို ဆောင်ရွက်ထားကြ ရမည်ဖြစ်ပြီး ကော်မရှင်က ရွေးကောက်ပွဲ ကျင်းပမည့်ရက် ကြေညာမှ ဆောင်ရွက်ရမည်မဟုတ်ဟု ၄င်းကဆိုသည်။

“၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကတော့ ဆောင်ရွက်စရာ ရှိတာတော့ သက်ဆိုင်ရာ ဌာနအသီးသီးက မိမိဆောင်ရွက်စရာ ရှိတာတွေကို ဆောင်ရွက်ထားကြရမှာပေါ့။ ကျွန်တော်တို့ ကြေညာမှ ဆောင်ရွက်မယ် ဆိုတာတော့ မဟုတ်ဘူးလေနော်။ ကော်မရှင်က ကြေညာလိုက်မှ တို့ဆောင်ရွက်မယ် ဆိုတာတော့ မဟုတ်ဘူး။ အိန္ဒိယနိုင်ငံဆိုရင် မဲဆန္ဒရှင် သန်းပေါင်း ၉၀၀ လောက်ရှိတယ်။ အဲဒါသူက တစ်လပဲ ကြိုကြေညာတယ်။ ထိုင်းက သုံးလ ကြိုကြေညာတယ်။ သူက သူ့ဟာသူ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာ သိတဲ့အခါကျတော့ သက်ဆိုင်ရာဌာနတွေ၊ အဖွဲ့အစည်းတွေက လုပ်စရာရှိတာတွေ ကြိုတင်လုပ်ထားကြတာ။ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကြီးကတော့ မလွဲမသွေ ကျင်းပရမှာပဲလေ။ ပြီးခဲ့တဲ့ နှစ်တွေကလည်း နိုဝင်ဘာလမှာ ကျင်းပခဲ့တယ်။ အခုလည်း ဒါကြောင့် ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ရွေးကောက်ပွဲ စိတ်ပါဝင်စားသူတွေ နိုင်ငံရေးပါတီတွေ အားလုံးက မိမိတို့ ဆောင်ရွက်ရန် ရှိတာတွေကို အဆင်သင့်ပြင်ဆင် ဆောင်ရွက်ပြီးစီးထားဖို့ လိုအပ်တယ်။ ဆောင်ရွက်ထားကြပါလို့ ဒါလေးကို ကျွန်တော် ပြောချင်ပါတယ်” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့်အချိန်ကို နှစ် လကျော်နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို လေးလကြိုတင် ကြေညာခဲ့ရာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့် အချိန်ကိုလည်း အဆိုပါ ရွေးကောက်ပွဲများ ကျင်းပစဉ် ကြေညာခဲ့သည့် နမူနာကို ရယူဆောင်ရွက်မည်ဟု ၄င်းကဆိုသည်။

“ဘယ်နေ့ကျင်းပမလဲ ဆိုတာတော့ စောစောက ပြောသလိုလေ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွေက ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတုန်းက ဘယ်လိုကြေညာခဲ့သလဲ ဘယ်ရက်မှာ ကြေညာခဲ့သလဲ ၂၀၁၅ တုန်းက ဘယ်နေ့မှာ ကျင်းပသလဲ။ ဘယ်ရက်မှာ ကျင်းပသလဲ။ ဘယ်နေ့မှာ ကြေညာသလဲ ဒါတွေကို ကြည့်ပြီးတော့ ကြေညာသွားမှာပေါ့။ အဲဒါတွေ ကြေညာသွားမယ်။ ဒါကတော့ ဆန္ဒစောလို့ မရဘူး။ နောက်ကျလို့လည်း မရဘူး။ အရင်အတိုင်း ကျွန်တော်တို့ ကြေညာမှာပဲ” ဟု ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့နေပြီး အမျိုးသားရေး အကျပ်အတည်းပုံစံ ဖြစ်နေသောကြောင့် ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီးမှ ရွေးကောက်ပွဲကျင်းပရေး ကိစ္စကို ဆုံးဖြတ်သင့်သည်ဟု ပြည်သူ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးရဲနိုင်အောင်က ထောက်ပြသည်။

“ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်မှာ အရေးကြီးတာ ပြည်သူလူထုက မဲပေးဖို့ အဆင့်သင့်ဖြစ်တဲ့ အနေအထားမျိုး ရှိဖို့လိုတယ်။ ဆိုလိုတာတာက အခုလို COVID အန္တရာယ်ကို ကြောက်ပြီးတော့ လုပ်ငန်းခွင် မဝင်နိုင်၊ ဝင်လို့မရ သောကတွေ ဖိစီးပြီး တိုင်းပြည်အရေး ကိစ္စအပေါ် အာရုံမစိုက်နိုင်တဲ့ အနေအထားမျိုး မဟုတ်ဖို့တော့ အရေးကြီးတယ်။ ဒါမှသာ ပြည်သူက သူ့ရဲ့ဆန္ဒကို သေချာချင့်ချိန် ပေးနိုင်တဲ့ အနေအထားရှိမယ်။ နောက်တစ်ချက်ကလည်း ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် သိတဲ့အတိုင်း မဲဆွယ်ကာလရှိမယ်။ မဲဆန္ဒရှင်စာရင်း စိစစ်ရမှာ ရှိတယ်။ ဒီလို လုပ်ငန်းစဉ် အဆင့်ဆင့်ကို လက်ရှိအချိန်နဲ့ နိုဝင် ဘာကြားမှာ တကယ်လုပ်နိုင်တဲ့ အအနေအထား ရှိ မရှိ ဒါလည်း ချိန်ညှိဖို့လိုတယ်။ အခုအနေအထားကတော့ ကျွန်တော်တို့သည် ဒီကာလနဲ့ လက်ရှိ အနေအထားနဲ့ နိုဝင်ဘာကြားထဲမှာ ကိုရိုနာဗိုင်းရပ်စ်က ဘယ်လောက်ထိ ပျံ့ပွားလာမလဲ အခုလိုပဲ အနေအထားမှာပဲ တန့်နေမလား။ ဒီထက် ပို့ပျံ့ပွားသွားမလား။ ဒါကတော့ ဘယ်သူမှ မပြောနိုင်ဘူး။ စောင့်ကြည့်နေရတဲ့ ကိစ္စပေါ့ဗျာ” ဟု ဦးရဲနိုင်အောင်က ပြောကြားသည်။

 

 COVID - 19 ကာကွယ်၊ ထိန်းချုပ်ရေး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဖြစ်ပွားနေဆဲ တိုက်ပွဲများနှင့် စပ်လျဉ်း၍ ဖြေရှင်း ဆောင် ရွက်နိုင်မှု မရှိဘဲ နိုဝင်ဘာတွင် ရွေးကောက်ပွဲ ကျင်းပမည်ဆိုလျှင် အကျိုးထက် အပြစ်ပိုများနိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။

"COVID - 19 ဆက်ဖြစ်နေလို့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းသင့်တယ်ဆိုရင်လည်း ရွှေ့ဆိုင်းရမှာပဲ။ အဲဒါအတွက်တော့ ကန့်ကွက်စရာ မရှိဘူး။ ဒါပေ မဲ့ ဘာကြောင့် ရွှေ့ဆိုင်းရတယ်။ ဘယ်အချိန်မှာ ပြန်လုပ်မယ်။ အဲဒါတွေကို ဥပဒေထဲမှာ အတိအ ကျပြဌာန်းထားဖို့ လိုအပ်တယ်။ ဥပဒေ ရေးဆွဲပြီး ပြဌာန်းထားချက် မရှိဘဲနဲ့ အာဏာရပါတီတစ်ခု တည်းရဲ့ သဘောထားနဲ့ လုပ်ဆောင်သွားတာမျိုးက နောင်တစ်ချိန်မှာ ဝေဖန်ပြစ်တင်စရာတွေ အများကြီး ရှိလာနိုင်ပါတယ်" ဟု ဦးစိုင်းလိတ်က ပြောကြားသည်။

 

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အနိုင်ရရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသော ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးများသည် ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်က စတင်၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ငါးနှစ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။