မန်စီးတီးနည်းပြ ဂွါဒီယိုလာမှာ လက်ရှိကမ္ဘာ့အကောင်းဆုံးနည်းပြဖြစ်သည်ဟု စပိန်ကွင်းလယ်လူဟောင်း ဇာဗီက မှတ်ချက်ပြုခဲ့သည်။
ဇာဗီသည် ဘာစီလိုနာအသင်းကို ဂွါဒီယိုလာ ကိုင်တွယ်စဉ် အဓိကကစားသမားအဖြစ် အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သူဖြစ်သည်။

''အရိုးသားဆုံးဝန်ခံရရင် အခုချိန်မှာ သူ့(ဂွါဒီယိုလာ)ကိုပဲ ကမ္ဘာ့အကောင်းဆုံးနည်းပြအဖြစ် စဉ်းစားမိပါတယ်။ သူက ကျွန်တော့်ကို ဝမ်းပန်းတသာလက်ခံတာထက်ပိုတဲ့ ဗဟုသုတများစွာ ပေးခဲ့သူပါ။
အတွေးအခေါ်တွေကို အရင်းပြုတဲ့ပတ်ဝန်းကျင်မှာ သူ့လိုလူတစ်ယောက်ဟာ ရှိနေတာဟာ အထူးအခွင့်အရေးတစ်ရပ်ပါပဲ။ ကျွန်တော့်ရဲ့နည်းပြအယူအဆတွေကလည်း သူနဲ့ ဆင်တူပါတယ်။
ဂွါဒီယိုလာက ပွဲကို လွှမ်းမိုးလိုတယ်။ ဘောလုံးကို ခြေထဲထားချင်တယ်။ ဘောလုံးပိုင်ဆိုင်မှုများများနဲ့ တိုက်စစ်ရွေ့လျားမှုများများ ကစားလိုတယ်။ ဒါဟာ ပွဲအတွင်း ကိုယ်လိုချင်တဲ့အခြေအနေကို
ရအောင်ဖန်တီးယူတာပါ။ စိတ်ချရတဲ့နည်းလမ်းကတော့ ပြိုင်ဘက်ကို ကျွမ်းကျင်လိမ္မာစွာနဲ့့ တိုက်စစ်ဆင်တာပါ။ ဂွါဒီယိုလာထံကနေ ကျွန်တော် များစွာသင်ယူခဲ့ရတယ်။ သူ့ရဲ့နည်းလမ်း၊ သူ့ရဲ့ရည်မှန်းချက်၊
သူ့ရဲ့ဆန္ဒ၊ သူ့ရဲ့စိတ်ဓာတ်ပြင်းပြင်မှု စတာတွေပေါ့။ သူဟာ ဘောလုံးကို အရူးအမူးစွဲလမ်းတဲ့ နည်းစနစ်ပိုင်းကျွမ်းကျင်သူတစ်ယောက်ပါ။ သူ့အနားမှာနေရတာကိုက ကြည်နူးစရာကောင်းပါတယ်။
မန်စီးတီးအသင်းမှာ ဂွါဒီယိုလာ ဘာကြောင့်အောင်မြင်သလဲဆိုတာကတော့ မေးခွန်းထုတ်စရာမလိုပါဘူး''ဟု ဇာဗီက မန်စီးတီးအသင်းမှ ဂွါဒီယိုလာအကြောင်းမေးမြန်းသည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
ထို့ပြင် ဇာဗီသည် မန်စီးတီးအသင်းမှ နာမည်ကျော်ကစားသမားနှင့်ပတ်သက်ပြီး ယခုကဲ့သို့ ဆွေးနွေးခဲ့သည်။

''ကျွန်တော့်အနေနဲ့ ပင်ကိုစွမ်းရည်ရှိတဲ့ကစားသမားတွေကို သဘောကျပါတယ်။ အထူးသဖြင့် အသင်းကောင်းဖို့ သူတို့ရဲ့ပါရမီကို အသုံးချနိုင်သူတွေကို ပိုနှစ်သက်ပါတယ်။ ဒါက ဒေးဗစ်ဆေးလ်ဗားကို ထူးခြားတဲ့ကစားသမားလို့
ကျွန်တော် ဘာကြောင့်တွေးသလဲ ဆိုတာပါပဲ။ ဒီဘရိုင်းနားလည်း ဒီလိုကစားသမားမျိုးပါ။ အဂွဲရိုးကိုတော့ ပွဲကိုအရှိန်မြှင့်ပေးသူလို့ ကျွန်တော် မြင်တယ်။ ဘာကြောင့်လဲဆိုတာ သူဟာ အသင်းအတွက် ဘာလုပ်ပေးရမလဲဆိုတာနားလည်သူဖြစ်ပါတယ်။ ဘာနာဒိုဆေးလ်ဗားက ကျွန်တော့်အတွက် အ့ံအားသင့်ဖွယ်ကောင်းတဲ့ ကစားသမားပါ။ စတာလင်လည်း အတူတူပါပဲ။ သူတို့ဟာ ယုံကြည်မှုတွေကို ဖျောက်ဖျက်ပစ်မယ့်ကစားသမားမျိုး မဟုတ်ပါဘူး။ မန်စီးတီးအတွက်တော့ အလွန်ကောင်းတဲ့ကစားသမားတွေပါ။ ရိုဒရီအတွက်တော့ လက်ရှိကစားတဲ့ပုံစံနဲ့ နောက်ထပ်အဆင့်တစ်ဆင့်ကို တက်လှမ်းနေပြီလို့ ကျွန်တော် ယူဆပါတယ်''ဟု ဇာဗီက သုံးသပ်ခဲ့သည်။
ဇာဗီသည် လက်ရှိတွင် ကာတာကလပ် အယ်လ်ဆတ်ဒ်အသင်းကို ကိုင်တွယ်နေလျက်ရှိကြောင်း သိရသည်။
မကြာသေးမီက အသင်းဟောင်း ဘာစီလိုနာအသင်း၏နည်းပြအဖြစ် ခန့်အပ်ခံရရန် နီးစပ်ခဲ့သော်လည်း ၎င်းမှ အချိန်မတိုင်သေးသဖြင့် လက်မခံခဲ့ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။















