ဝမ်းနည်းစရာသတင်းများ လာမည့်ရက်သတ္တပတ်များတွင် ကြားရဦးမည်ဖြစ်၍ အသက်ဆုံးရှုံးမှုမများအောင် လူတစ်ဦးချင်းစီက ထိန်းထိန်းသိ်မ်းသိမ်းဆောင်ရွက်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း

ဝမ်းနည်းစရာသတင်းများ လာမည့်ရက်သတ္တပတ်များတွင် ကြားရဦးမည်ဖြစ်၍ အသက်ဆုံးရှုံးမှုမများအောင် လူတစ်ဦးချင်းစီက ထိန်းထိန်းသိ်မ်းသိမ်းဆောင်ရွက်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် မကွေးတိုင်းဒေသကြီးမှ ပြည်သူများနှင့် အပြန်အလှန် ဆွေးနွေးခြင်းအစီအစဉ် ဧပြီ ၈ ရက်က ပြုလုပ်စဉ်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် မကွေးတိုင်းဒေသကြီးမှ ပြည်သူများနှင့် အပြန်အလှန် ဆွေးနွေးခြင်းအစီအစဉ် ဧပြီ ၈ ရက်က ပြုလုပ်စဉ်
Published 9 April 2020
မင်းနိုင်စိုး

မြန်မာနိုင်ငံတွင် COVID-19 ရောဂါကြောင့် အသက်ဆုံးရှုံးမှုများရှိလာကာ ထိုသို့သော ဝမ်းနည်းစရာသတင်းများ လာမည့်ရက်သတ္တပတ်များတွင် ကြားရဦးမည်ဖြစ်၍ အသက်ဆုံးရှုံးမှုမများအောင် လူတစ်ဦးချင်းစီက ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် မကွေးတိုင်းဒေသကြီးမှ ပြည်သူများနှင့် အပြန်အလှန် ဆွေးနွေးခြင်းအစီအစဉ်ကို ဧပြီ ၈ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အသုံးပြုနေသော Facebook အကောင့်မှ တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

အဆိုပါတိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီဆေးရုံ အထူးကြပ်မတ်ကုသဆောင်တွင် ဆေးဝါးကုသမှုခံယူနေသော COVID-19 အတည်ပြုလူနာ (Case 16) အသက် ၆၃ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး သေဆုံးကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အတည်ပြုပြောကြားခဲ့ပြီးနောက် အသက်ဆုံးရှုံးမှုများ ပိုမိုများလာမှုမရှိစေရန် ၎င်းက အထက်ပါအတိုင်း တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

“ ဒီလိုဟာတွေ ဒီလိုဝမ်းနည်းစရာ သတင်းတွေတော့ နောက်အပတ်တွေအတွင်းမှာတော့ ကျွန်မတို့ ကြားရမှာပဲ။ ဒါအတွက်တော့ ပြင်ဆင်ထားရမယ်။ ဒီလိုကိစ္စတွေ မများအောင်ပဲ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းက ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းခြင်းအားဖြင့် ဆောင်ရွက်ပေးဖို့ပဲ ဖြစ်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေသော COVID-19 အတည်ပြုလူနာ Case 17 သည်လည်း ဧပြီ ၈ ရက် နံနက်ပိုင်းတွင်ပင် ကွယ်လွန်သွားခဲ့ပြီး နောက်ထပ်ဆိုးဝါးမှုများမရှိအောင် ကြိုးစားရမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပြီး ပြည်ဆေးရုံတွင် ကွယ်လွန်သွားသူ၏ ကျန်ရစ်သော မိသားစုကို နိုင်ငံတော်က အပြည့်အဝ စောင့်ရှောက်မည်ဖြစ်မည်ဟု ၎င်းက ပြောကြားခဲ့သည်။

“ ကျွန်မတို့ တစ်ယောက်ဆုံးပါးခြင်းဆိုတာဟာ နိုင်ငံအတွက် ဆုံးပါးခြင်းပဲ။ နောင်ထပ်ပြီးတော့ ဆုံးပါးမှုတွေမရှိအောင်လို့ အတတ်နိုင်ဆုံး ဝိုင်းပြီးတော့ ကူညီကြပါ။ ဝိုင်းပြီးတော့ လက်တွဲပြီးတော့ ဆောင်ရွက်ကြပါ။ လက်တွဲဆိုတာကတော့ တကယ်ရုပ်ပိုင်းဆိုင်ရာ တွဲပြီးတော့ မဟုတ်ဘူး။ စိတ်ပိုင်းဆိုင်ရာ တွဲပြီးတော့ ဆောင်ရွက်ကြပါ” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

COVID-19 ရောဂါအား တစ်ကမ္ဘာလုံးတွင် ရင်ဆိုင်နေရပြီး အဆိုပါရောဂါသည် မည်မျှအထိ ကြာရှည်မည်ကို မည်သူမျှပြော၍မရကြောင်း၊ တစ်ကမ္ဘာလုံးတွင် ချမ်းသာသော နိုင်ငံများသည် COVID-19 ရောဂါကို ပင်ပန်းစွာ ရင်ဆိုင်လုံးပန်းနေရကြောင်း၊ နိုင်ငံသားတစ်ယောက်ချင်းစီက စည်းမျဉ်းစည်းကမ်းများကို သေချာလေ့လာ၍ လိုက်နာဆောင်ရွက်မည်ဆိုပါက အဆိုပါရောဂါအား ထိန်းထားနိုင်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

“ ကျွန်မတို့အဓိကအားကိုးရမှာ အတွင်း အင်အားပဲ။ ရောဂါပိုးကို တိုက်ဖျက်ဖို့က အပြင်အင်အားပေါ့။ ပြင်ပအင်အားဆိုတာဟာ မျက်နှာဖုံးတပ်တာတို့၊ လက်အိတ်ဝတ်တာတို့၊ ဆေးဖျန်းတဲ့နေရာမှာ ဖျန်းတာတို့၊ လူတွေနဲ့ ခပ်ခွာခွာနေတာတို့ ဒါပြင်ပပေါ့နော်။ ပြင်ပအင်အားတွေကို ကျွန်မတို့ သုံးနေတာပေါ့။ ဒါပေမဲ့ ဒီလိုနေနိုင်ဖို့အတွက် အဓိက လိုအပ်တာက ကိုယ့်ရဲ့ အတွင်းအင်အားပဲ။ ဒီစည်းကမ်းတွေကို ထိန်းသိမ်းရမယ်။ သတိရှိရမယ်။ အမှတ်တမဲ့နဲ့ သွားပြီးတော့ အပြင်ထွက်ပြီးတော့ လူတစ်ယောက်နဲ့ ထိတွေ့တာတွေ၊ ဘာတွေမလုပ်ရဘူး” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

နိုင်ငံသားတစ်ယောက်ချင်းစီက စည်းကမ်းများကို သေချာလိုက်နာဆောင်ရွက်ပါက မြန်မာနိုင်ငံတွင် COVID-19 ရောဂါအား ထိန်းမနိုင်သိမ်းမရသည့် အခြေအနေ ရောက်ရန်မရှိကြောင်းကိုလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ယခုဆွေးနွေးပွဲတွင် ထပ်မံပြောကြားခဲ့သည်။

Most Read

Most Recent