မြန်မာနိုင်ငံအနေဖြင့် လက်ရှိဘတ်ဂျက်ဖြင့် သုံးစွဲမည့် စီမံကိန်းများနှင့် ဖြည့်စွက်ဘတ်ဂျက် တောင်းခံရာတွင် အချို့သော စီမံကိန်းများအား COVID-19 ကပ်ရောဂါဘေးအတွက် အမြန်ဆုံးပြောင်းလဲ သုံးစွဲခြင်း ပုံစံဖြင့် အရေးပေါ် ဘတ်ဂျက်ကို ပြောင်းလဲလုပ်ဆောင်သင့်ကြောင်း အကြံပြု

မြန်မာနိုင်ငံအနေဖြင့် လက်ရှိဘတ်ဂျက်ဖြင့် သုံးစွဲမည့် စီမံကိန်းများနှင့် ဖြည့်စွက်ဘတ်ဂျက် တောင်းခံရာတွင် အချို့သော စီမံကိန်းများအား COVID-19 ကပ်ရောဂါဘေးအတွက် အမြန်ဆုံးပြောင်းလဲ သုံးစွဲခြင်း ပုံစံဖြင့် အရေးပေါ် ဘတ်ဂျက်ကို ပြောင်းလဲလုပ်ဆောင်သင့်ကြောင်း အကြံပြု
လုပ်ငန်းရှင်ထွက်ပြေးသော စက်ရုံနှစ်ရုံမှ အလုပ်သမားများ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ရုံးရှေ့သို့ မတ် ၃၀ ရက်က လာရောက် အကူအညီ တောင်းခံခဲ့မှုကို တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)
လုပ်ငန်းရှင်ထွက်ပြေးသော စက်ရုံနှစ်ရုံမှ အလုပ်သမားများ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ရုံးရှေ့သို့ မတ် ၃၀ ရက်က လာရောက် အကူအညီ တောင်းခံခဲ့မှုကို တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)
Published 1 April 2020

 

မြန်မာနိုင်ငံ၏ ဘတ်ဂျက်မှာ တောင်းခံမှု၏ ရာခိုင်နှုန်း ၅၀ ခန့်သာ နှစ်စဉ်သုံးစွဲနိုင်ပြီး COVID-19 ကြောင့် ကမ္ဘာ့စီးပွားရေး အခြေအနေပါ ပြောင်းလဲသွားနိုင်သည့် အခြေအနေတွင် မြန်မာနိုင်ငံအနေဖြင့် လက်ရှိဘတ်ဂျက်ဖြင့် သုံးစွဲမည့် စီမံကိန်းများကို COVID-19 ကပ်ရောဂါဘေးအတွက် အမြန်ဆုံး ပြောင်းလဲသုံးစွဲခြင်း၊ ဖြည့်စွက်ဘတ်ဂျက်တွင် စီမံကိန်းများအား ကပ်ရောဂါဘေးအတွက် သုံးစွဲခြင်း စသည့်ပုံစံဖြင့် အရေးပေါ်ဘတ်ဂျက် လုပ်ဆောင်ရန် လိုအပ်နေကြောင်း မြန်မာ့လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ အမှုဆောင် ညွှန်ကြားရေးမှူး ဒေါက်တာဇော်ဦးက ဧပြီ ၁ ရက်တွင်  အကြံပြု ပြောကြားသည်။

အဆိုပါ ပြောကြားချက်ကို ဧပြီ ၁ ရက်တွင် DVB Debate က ကျင်းပသည့် “စီးပွားရေးပျက်ကပ် ဘယ်လောက်အထိ နက်မလဲ” ဆွေးနွေးပွဲ၌ ယခင်သမ္မတ ဦးသိန်းစိန်၏ စီးပွားရေးအကြံပေးနှင့် လက်ရှိအစိုးရ လက်ထက်တွင် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ  အမျိုးသားကော်မတီ အဖွဲ့ဝင်ဖြစ်သူ ဒေါက်တာဇော်ဦးကို လက်ရှိအစိုးရ၏ COVID-19 Fund ဘီလျံ ၁၀၀ တည်ထောင်ခဲ့သည့် အခြေအနေ၊ ချေးငွေရယူရန် ကန့်သတ်မှုများ၊ ဘင်္ဂလားဒေ့ရှ်ကဲ့သို့နိုင်ငံတွင် အစိုးရက အလုပ်သမားများ စားဝတ်နေရေးအတွက် ခြောက်လခန့် ထောက်ပ့ံနေမှုများနှင့် ပတ်သက်ပြီး ကူညီပေးနေမှု အခြေအနေများနှင့် စပ်လျဉ်းပြီး အစိုးရ၏ လက်ထဲတွင် ပိုက်ဆံမရှိဟု ဆိုသော်လည်း အခြားသော အစီအစဉ်များကို မည်သို့လုပ်ဆောင် နိုင်သနည်းဟု DVB Debate က မေးမြန်းမှုများအပေါ် ဒေါက်တာဇော်ဦးက ပြန်လည်ဖြေဆိုရာ၌ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“အစိုးရပိုင်းမှာ ပိုက်ဆံရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ အစိုးရပိုင်းမှာ ပိုပြီးတော့တောင် ပိုက်ဆံရှိပါတယ်။ ဘာဖြစ်လို့လဲဆို ကျွန်တော်တို့လည်း လွှတ်တော်က ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့၊ ဦးသန်းစိုး (ဘောဂဗေဒ) ပြောနေတဲ့ အချက်အလက်တွေကို ကြည့်လိုက်မယ်ဆို ကျွန်တော်တို့နိုင်ငံရဲ့၊ လက်ရှိအစိုးရရဲ့ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုမှာ အကြီးမားဆုံးပြဿနာက ဘတ်ဂျတ်သတ်မှတ်ထားရင် ဘယ်တော့မှ ဘတ်ဂျက်ကို အပြည့်အဝ အကောင်အထည် ဖော်နိုင်ခြင်း မရှိခဲ့ဘူး။ ဆိုလိုတာက ဘတ်ဂျက်က ၁၀၀ လို့ သတ်မှတ်ထားရင် အခုထက်ထိ ၄၀၊ ၅၀ လောက်ပဲ အကောင်အထည်ဖော်နိုင်တဲ့ အနေအထားရှိတယ်။ ပြီးရင် ကျွန်တော်တို့ ဘတ်ဂျက်ရဲ့ နောက်ပိုင်းကာလတွေမှာဆို ဘတ်ဂျက်ပြန်အပ်ရတဲ့ ပြဿနာတွေ အမြဲတမ်း ကြုံတွေ့နေရတယ်။ ဘတ်ဂျက်လိုငွေ သတ်မှတ်မှုမှာ အစက ငါးရာခိုင်နှုန်းလို့ စည်းကမ်းသတ်မှတ်ထားတယ်။ ခြောက်ရာခိုင်နှုန်း လောက်အထိဖြစ်တယ်။ ဒါပေမဲ့ တကယ်အမှန် သုံးပြီးသွားတဲ့ အချိန်ကျတော့ သုံးရာခိုင်နှုန်းလောက်ပဲ ပြန်ဖြစ်သွားတယ်ဆိုတဲ့ အချိန်ကျတော့ ကျွန်တော်တို့ ဘတ်ဂျက်ရဲ့ သုံးစွဲမှုဟာ ၅၀ ရာခိုင်နှုန်းလောက်ပဲ ရှိနေတယ်” ဟု ဒေါက်တာဇော်ဦးက ဆိုသည်။

လက်ရှိ COVID-19 အရေးတွင် အလုပ်ရှင်၊ အလုပ်သမားတွင်သာမက ဥပဒေပညာရှင်များပါ အခက်အခဲ ဖြစ်နေပြီး လက်ရှိအစိုးရ၏ အောက်ခြေဝန်ထမ်းများမှာလည်း ရှိနေသည့် ဘတ်ဂျက်အနည်းငယ်ဖြင့် အလုပ်ရှင်၊ အလုပ်သမား ပြဿနာများကို ရင်ဆိုင်နေရသည့်အတွက် အခက်ကြုံနေရသည့် အခြေအနေ ဖြစ်နေဖွယ်ရှိကြောင်း ဒေါက်တာဇော်ဦးက သုံးသပ်သည်။

“ဒီအခက်အခဲကို ဖြေရှင်းဖို့ဆိုရင်တော့ အထက်အဆင့်၊ အမျိုးသားအဆင့် အဖွဲ့အစည်းတွေမှာ ပိုပြီးတော့ ခိုင်မာတဲ့ ဘတ်ဂျက်ဖြည့်ဆည်းမှုကို ကျွန်တော်တို့ ပြန်ပြီးတော့ စဉ်းစားဖို့လိုတယ်။ အခုဆိုရင် ကျွန်တော်တို့ နိုင်ငံတစ်ခုလုံးရဲ့ စီးပွားရေးတင် မကပါဘူး။ ကမ္ဘာ့စီးပွားရေးကြီးပါ ပြောင်းသွားမယ့် အနေအထားမှာ ကျွန်တော်တို့ နိုင်ငံတော် စီမံကိန်းတွေကလည်း ဘယ်လိုဆောင်ရွက်မလဲဆိုတာ အမြန်ပြန်စဉ်းစားဖို့လိုတယ်။ အဲဒီလို စဉ်းစားတဲ့အခါမှာ ကပ်ရောဂါဘေးက အရေးအကြီးဆုံးဖြစ်တဲ့ အတွက်မို့လို့ အစိုးရတစ်ဖွဲ့လုံးရဲ့ ဘတ်ဂျက်မှာကိုက ဒီကပ်ရောဂါနဲ့ ပတ်သက်ပြီး ဘယ်လို ဘတ်ဂျက်ဖြည့်ဆည်းမလဲဆိုတဲ့ စဉ်းစားချက်တွေက အခုဆို ထွက်လောက်ပြီပေါ့နော်။ တကယ်ဆိုရင်တော့ အခုအချိန်မှာ ကျွန်တော်တို့ရဲ့ RE လို့ခေါ်တဲ့ ဖြည့်စွက်ဘတ်ဂျက် တွေကလည်း အခုအချိန်မှာ အတည်မပြုရသေးပါဘူး။ အဲဒီတော့ ဖြည့်စွက်ဘတ်ဂျက်ထဲမှာပဲ ဘဏ္ဍာရေးကော်မရှင် အောက်ကနေ ပြန်စဉ်းစားပြီးတော့ အရေးပေါ် စဉ်းစားရမယ့် ကိစ္စလေးတွေ အများကြီး လုပ်လို့ရပါတယ်။ အလုပ်ရှင်တွေရော၊ အလုပ်သမားတွေရော၊ ဥပဒေပညာရှင်တွေရော မချင့်မရဲ ဖြစ်နေတာက အလုပ်သမားတွေကလည်း ပြဿနာအများကြီး ဖြစ်နေတယ်။ အလုပ်ရှင်တွေကလည်း ပြဿနာအများကြီး ဖြစ်နေတယ်။ ဒါပေမဲ့ ဒါကို ကုစားဖို့ဆိုပြီးတော့ ရန်ပုံငွေထောင်လိုက်တဲ့ ကိစ္စကတော့ နိုင်ငံတော်ရဲ့ စေတနာ မှန်ပေမယ့်လည်း တကယ်လက်တွေ့ အကောင်အထည်ဖော်တဲ့ အခါမှာကျတော့ လူမှုဖူလုံရေး ရန်ပုံငွေအဖွဲ့ကလည်း သူ့ရဲ့နည်းဥပဒေတွေနဲ့ ကိုက်ညီအောင် လုပ်ရတဲ့အခါကျတော့ သူ့မှာလည်း အဆင်သင့်မဖြစ်ဘူး ဖြစ်နေတယ်။ အလုပ်ရှင်တွေမှာလည်း ပိနေတာက အလုပ်သမားကို တိုက်ရိုက်ထောက်ပ့ံကြေး ပေးချင်တာကို အလုပ်ရှင်ကို ခေါင်းခံခိုင်းပြီး ချေးငွေအနေနဲ့ ဆောင်ရွက်ခိုင်းတဲ့ ကိစ္စကလည်း အလုပ်ရှင်ကလည်း တော်တော့်ကို တခြားဝန်တွေ ပိနေရတဲ့ကြားထဲ အလုပ်သမားရဲ့ ဝန်ကိုပါ ဝင်ထမ်းရတဲ့အတွက် အလုပ်ရှင်ကလည်း အဆင်မပြေဘူး။ အလုပ်သမားတွေကလည်း ပုံမှန်ကာလမှာ အေးအေးလူလူ ဆောင်ရွက်ရတဲ့ ဥပဒေတွေနဲ့ကို အလုပ်သမားတွေက အခုအချိန်မှာ အေးအေးလူလူ စောင့်နေလို့ မရတော့ဘူး။ သူတို့မှာ အငတ်ဘေးဖြစ်လာပြီ၊ ရောဂါဘေး ဖြစ်လာနေပြီဆိုတော့ ချက်ခြင်းလိုနေတာ။ ကျွန်တော်တို့ရဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေက ချက်ချင်းလုပ်လို့ရတာ ဖြစ်မနေပြန်ဘူး။ ကျွန်တော်အရင်ကတည်းက ပြောနေပါတယ်။ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ကော်မတီလည်းရှိတယ်။ ဥပဒေလည်းရှိတယ်။ ဘယ်လိုဆောင်ရွက်ရမယ် ဆိုတဲ့ နည်းလမ်းတွေလည်း ရှိနေတဲ့အတွက် ဒီဟာကို လုပ်ပါပြောခဲ့တယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ ဒီဟာကို မလုပ်ဘူး ဆိုပေမယ့် အရေးပေါ်ကော်မတီကို ဒုသမ္မတကြီး ဦးဆောင်ပြီး ဖွဲ့စည်းလိုက်ပြီဆိုတော့ ဒီကော်မတီ အောက်မှာလည်း ဒါကို အမိန့်နဲ့ ဆောင်ရွက်လို့ရတဲ့ ကိစ္စလေးတွေ အများကြီး ဆောင်ရွက်နိုင်ပါတယ်။ နံပါတ် (၁) ကတော့ ဒီဟာက အရေးပေါ်ဖြစ်တဲ့အတွက် အရေးပေါ် လုပ်ထုံးလုပ်နည်းများနဲ့ပဲ ဆောင်ရွက်ဖို့လိုတယ်။ အလုပ်သမားတွေကို အမြန်ဆုံး ထောက်ပ့ံပေးရမယ့် ကိစ္စတွေကို ချေးငွေအနေနဲ့ လုပ်မယ့်အစား အရေးပေါ် ထောက်ပံ့ငွေအနေနဲ့ပဲ ဆောင်ရွက်ပြီးတော့ ဒါကိုလည်း ဖြတ်သန်းရမယ့် ပုံစံတွေကတော့ လူမှုဖလုံရေးကပဲပေးပေး၊ လူမှုဝန်ထမ်းကပဲ ပေးပေးပေါ့။ ဒါကတော့ အမြန်ဆုံး ဆောင်ရွက်ဖို့ အရေးကြီး နေပြီလို့ ပြောလို့ရတာပေါ့” ဟု ဒေါက်တာဇော်ဦးက ဆိုသည်။

ထို့ပြင် အလုပ်ရှင်များကို ထောက်ကူပေးရမည့် ချေးငွေတွင်လည်း ချေးငွေကိုသာမက အခြားဆောင်ရွက်နိုင်သည့် စီးပွားရေးဆိုင်ရာ အရေးပေါ် ကုစားနည်းများကိုပါ ယခုအချိန်တွင် သုံးစွဲဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း ဒေါက်တာဇော်ဦးက အကြံပြုသည်။

“အရေးပေါ်ကာလ ဘတ်ဂျက်က အမြန်ဆုံး ထွက်သင့်ပြီ။ ဖြည့်စွက်ဘတ်ဂျက်တွေကို ပြန်လည်သုံးသပ်ပြီးတော့ ကျွန်တော်တို့နိုင်ငံရဲ့ အရေးအကြီးဆုံး ပြဿနာက ဒါဖြစ်နေပြီ။ အဲဒီအတွက် ဌာနဆိုင်ရာ အသီးသီးက အစိုးရတစ်ဖွဲ့လုံး ပူးပေါင်းပြီးတော့ ဆောင်ရွက်တဲ့နည်းနဲ့ သူတို့ရှိတဲ့ ကျန်နေတဲ့ဘတ်ဂျက်တွေ အားလုံးမှာ ဘာတွေကိုတော့ ဒီကပ်ဘေးမှာ အမြန်ဆုံး ပြောင်းလဲပြီးတော့ သုံးစွဲမလဲဆိုတာ လုပ်နိုင်ဖို့လိုနေတယ်။ ပြီးရင်တော့ အလုပ်ရှင်တွေ၊ အလုပ်သမားတွေ လိုနေတဲ့ ကိစ္စကို ထောက်ပ့ံပေးဖို့ပေါ့။ ချေးတယ်ဆိုတာထက် ထောက်ပ့ံပေးဖို့ ဘယ်လိုဆောင်ရွက်ပေးမလဲ ဆိုတဲ့စီမံချက် အမြန်ဆုံး ရေးဆွဲပြီးတော့ ဒါကို အမြန်ဆုံး ကုစားတဲ့နည်းကို အကောင်အထည် ဖော်သင့်တယ်။ အဲဒီလိုလုပ်လိုက်တာနဲ့ ချက်ခြင်းလက်ငင်း အကျိုးရှိနိုင်တာက ကျွန်တော်တို့ နိုင်ငံတကာမှာ ကမ္ဘာ့ဘဏ်တို့၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တို့ ကျွန်တော်တို့နိုင်ငံမှာ ရှိနေတဲ့ သံရုံးတွေကတစ်ဆင့် အရေးပေါ် အစီအစဉ်ကို သူတို့ဘက်ကလည်း ပါလာနိုင်အောင် ကျွန်တော်တို့ဘက်ကစပြီး ချဉ်းကပ်ဆောင်ရွက်လိုက်တာနဲ့ သူတို့ဘက်ကလည်း အရေးပေါ် အလှူငွေတွေကို အမြန်ဆုံးလုပ်နိုင်မှာဖြစ်လို့ အရေးပေါ် စီမံချက်ကို အမြန်ဆုံးရေးဆွဲ အကောင်အထည် ဖော်သင့်ပါတယ်” ဟု ဒေါက်တာဇော်ဦးက အကြံပြုသည်။

မြန်မာနိုင်ငံတွင် ဘဏ္ဍာနှစ်စဉ် ဖြည့်စွက်ဘတ်ဂျက်များ များပြားစွာ တောင်းခံခဲ့သော်လည်း အမှန်တကယ် သုံးစွဲနိုင်မှု မရှိဘဲ နှစ်စဉ်ဘီလျံထောင်ချီ ပြန်လည်အပ်နှံနေရကာ ပြီးခဲ့သည့် အစိုးရလက်ထက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်အထိ ယခင်ဘဏ္ဍာနှစ် ခုနစ်ခုတွင် ဖြည့်စွက်ခွင့်ပြုငွေ ကျပ် ဘီလျံ ၁၃၀၀၀ ကျော် တောင်းခံခဲ့ပြီး ဘီလျံ ၁၁၀၀၀ ကျော် ပြန်လည်အပ်နှံမှု ဖြစ်ပေါ်ခဲ့ကြောင်း ပြည်ထောင် စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအရ သိရသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ နှစ်အလိုက် နောက်ဆက်တွဲ ဘတ်ဂျက်ခွင့်ပြုငွေ စုစုပေါင်းမှာ ကျပ် ၁၃၀၇၃ ဘီလျံဖြစ်ပြီး ဘတ်ဂျက်ပိုလျှံ ငွေများပြန်လည်အပ်နှံငွေမှာ ကျပ် ၁၄၆၂၃ ဘီလျံဖြစ်ကာ အပ်နှံငွေမှ လွှဲပြောင်းသုံးငွေမှာ ကျပ် ၃၀၂၂ ဘီလျံဖြစ်သည့်အတွက် အသားတင် အပ်နှံငွေမှာ ကျပ် ၁၁၆၀၁ ဘီလျံ ဖြစ်ကြောင်း ကော်မတီ အစီရင်ခံစာအရ သိရသည်။

NLD အစိုးရလက်ထက်တွင် ဘတ်ဂျက်လိုငွေများ အများအပြား ဖြစ်ပေါ်နေပြီး ရွေးကောက်ပွဲရှိနေသည့် ယခုဘဏ္ဍာနှစ်တွင်လည်း ဘတ်ဂျက်လိုငွေ အများအပြား ဖြစ်ပေါ်ကာ ကျပ်ဘီလျံ ၇၀၀၀ အောက်ဖြင့် စံချိန်တင် ဘတ်ဂျက်လိုငွေ ဖြစ်ပေါ်ခဲ့ပြီး ဘဏ္ဍာနှစ် တစ်နှစ် ကျပ်ထရီလျံ ၂၀ ခန့်သုံးစွဲနေသည့် မြန်မာနိုင်ငံတွင် ကျပ်တစ်ထရီလျံကျော် ပြန်အပ်နေမှုမှာ အလွန်များပြား နေသည်ဟုလည်း ကယားပြည်နယ် မဲဆန္ဒနယ် အမှတ် (၉) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်းက ဝေဖန်ထားသည်။

 

Most Read

Most Recent