ကမ္ဘာ့ဘဏ်၏ ပညာရှင်အဖွဲ့က COVID-19 ကြောင့် မြန်မာနိုင်ငံ၏စီးပွားရေးအပေါ် ထိခိုက်နိုင်ခြေများကို အသေးစိတ် ခန့်မှန်းတွက်ချက်လျက်ရှိပြီး မကြာမီ အစိုးရဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်မည်

ကမ္ဘာ့ဘဏ်၏ ပညာရှင်အဖွဲ့က COVID-19 ကြောင့် မြန်မာနိုင်ငံ၏စီးပွားရေးအပေါ် ထိခိုက်နိုင်ခြေများကို အသေးစိတ် ခန့်မှန်းတွက်ချက်လျက်ရှိပြီး မကြာမီ အစိုးရဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်မည်
ရန်ကုန်မြို့ရှိ ကမ္ဘာ့ဘဏ်ရုံး၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)
ရန်ကုန်မြို့ရှိ ကမ္ဘာ့ဘဏ်ရုံး၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)
Published 29 March 2020
နီလာ

လက်ရှိအချိန်၌ ကမ္ဘာ့ဘဏ်၏ ပညာရှင်အဖွဲ့က COVID-19 ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးအပေါ် ထိခိုက်နိုင်ခြေများကို အသေးစိတ် ခန့်မှန်းတွက်ချက်လျက်ရှိပြီး မကြာမီတွင် အစိုးရဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ Country Director ဖြစ်သူ Mr.Gevorg Sargsyan က ပြောကြားသည်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး နှေးကွေးလာမှုနှင့် ပြည်တွင်း မရေရာမသေချာမှုများ ရှိနေငြားသော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးသည် ကြံ့ကြံ့ခံရပ်တည်နိုင်စွမ်းကို ဆက်လက်ပြသလျက်ရှိသည်ဟု ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၅ ရက်က ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးလေ့လာမှု အစီရင်ခံစာအနှစ်ချုပ်၌ ဖော်ပြထားသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ရက်စွဲဖြင့် ထုတ်ဝေသည့် မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၃ ရာခိုင်နှုန်းရှိလာမည်ဟု ခန့်မှန်းထားသဖြင့် ၂၀၁၇-၂၀၁၈ တွင် ရှိခဲ့သည့် ၆ ဒသမ ၂ ရာခိုင်နှုန်းထက် မဆိုစလောက် မြင့်မားလာကြောင်း သိရသည်။

သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာခြင်း၊ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ဖော်ဆောင်သွားရန်ရှိသည့် အစိုးရ၏ အခြေခံအဆောက်အအုံ စီမံကိန်းများကြောင့် လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းသည် ၆ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်တက်လာမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၅ ရက်က ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ပြုလုပ်သည့် “မြန်မာ့စီးပွားရေး လေ့လာမှုအစီရင်ခံစာ အနှစ်ချုပ်” မိတ်ဆက်ပွဲအခမ်းအနားမှ သိရသည်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအခြေအနေများမှာ အားရစရာ မကောင်းသော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးမှာ အားကောင်းလာရန်ရှိနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့သော်လည်း ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်း၊ ပုဂ္ဂလိက စီးပွားရေးကဏ္ဍ၏ ကုန်ထုတ် စွမ်းအားနည်းပါးခြင်း၊ အဖွဲ့အစည်းဆိုင်ရာ အခက်အခဲများရှိနေခြင်းက ရင်းနှီးမြှုပ်နှံသူများ၏ သဘောထားအမြင်အပေါ် သက်ရောက်မှုရှိပြီး အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ကောင်းများ ချမှတ်နိုင်ရန်နှင့် စီးပွားရေး ဆောင်ရွက်ချက်ကောင်းများကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် အရေးတကြီးဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်၏ ဌာနေကိုယ်စားလှယ် (ယာယီ) ဖြစ်သူ Gevorg Sargsyan က ပြောကြားသည်။

“ ဆောင်ရွက်ရမယ့်ကိစ္စရပ်များမှာ ပဋိပက္ခများအား အဆုံးသတ်ရန်၊ လူမှုပါဝင်မှု အားကောင်းအောင် ဆောင်ရွက်ရန်၊ တာဝန်ယူမှုရှိသည့် ပုဂ္ဂလိကစီးပွားရေးကဏ္ဍတစ်ရပ် ဖြစ်ထွန်းစေရန် အားပေးရမှာ ဖြစ်ပါတယ်” ဟု Gevorg Sargsyan က ပြောကြားသည်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး နှေးကွေးမှုနှင့် ကုန်သွယ်ရေးတင်းမာမှုများ စသည့်ပြင်ပမှ ဖိအားနှင့် စိန်ခေါ်မှု အန္တရာယ်များသည် မြန်မာ့စီးပွားရေးအပေါ် သက်ရောက်မှုများရှိနိုင်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၁၉ ခုနှစ်က မျှော်မှန်းထားသည်ထက် ပိုမိုနည်းနိုင်သည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၁၈ ခုနှစ်တွင် သုံးရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ၂ ဒသမ ၄ ရာခိုင်နှုန်းသို့ ကျဆင်းမည်ဟု ခန့်မှန်းထားသည်။

အရှေ့အာရှနှင့် ပစိဖိတ်ဒေသတို့တွင် စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၁၈ ခုနှစ်က ၆ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၉-၂၀၂၀ နှစ် နှစ်တာကာလတွင် ပျှမ်းမျှ ၅ ဒသမ ၈ ရာခိုင်နှုန်းသာရှိမည်ဟု ခန့်မှန်းထားပြီး ၂၀၂၁ ခုနှစ်တွင် ၅ ဒသမ ၆ ရာခိုင်နှုန်းအထိ ထပ်မံကျဆင်းလာမည်ဟု ခန့်မှန်းထားသည်။

ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာဆိုသည်မှာ တစ်နှစ်လျှင် နှစ်ကြိမ် ထုတ်ဝေသည့် အစီရင်ခံစာဖြစ်ပြီး မြန်မာနိုင်ငံ၏ လတ်တလောစီးပွားရေး ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ အလားအလာများနှင့် မူဝါဒရေးရာအကြံပြုချက်များကို ဖော်ပြထားသည်။ ဒေတာအချက်အလက်များကို အစိုးရဌာန အသီးသီးမှလည်းကောင်း၊ ကမ္ဘာ့ဘဏ်အုပ်စုက ပုံမှန်ဆောင်ရွက်သည့် စီးပွားရေးစောင့်ကြည့်မှုနှင့် မူဝါဒရေးရာ ဆွေးနွေးမှုများမှလည်းကောင်း ရရှိကြောင်း သိရသည်။

Most Read

Most Recent